ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော် အခမ်းအနားကို နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်ဖွင့်လှစ်

ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်သည့် ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော် အခမ်းအနားကို နိုင်ငံတော်သမ္မတနှင့်ဇနီး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့်ဇနီး ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အိန္ဒိယနွယ်ဝင်လူမျိုးစုအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်ပြီး စည်းစိမ်ဥစ္စာ၊ စီးပွားလာဘ်လာဘ၊ အစားအစာပေါများကြွယ်ဝမှုနှင့် ကောင်းခြင်းမင်္ဂလာများကို ကိုယ်စားပြုသည့် လက္ခမီမယ်တော်အား ဆီမီးများထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်တစ်ခုဖြစ်သည်။

အခမ်းအနားအစီအစဉ်အရ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် တမီလ်၊ ယူပီ ဘီဟာရ်၊တေလဂူ၊ ဟိန္ဒူ- ဘင်္ဂါလီ၊ အိုရီယာ၊မာရဝါရီ၊ ဂူဂျရာသီ၊ ပန်ချာဘီ၊ ဂေါ်ရခါး၊ ပုဏ္ဏား လူမျိုးနွယ်စုများမှ ကိုယ်စားလှယ်များက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဟိန္ဒူရိုးရာ အာရတီပြုလုပ်ခြင်းဖြင့် ဧည့်သည်တော်များအား ဂါရဝပြုခြင်း၊ ရိုးရာတီးဝိုင်းများဖြင့် ကြိုဆိုဖျော်ဖြေခြင်းနှင့် ပူရ်ဏကလသ် (မင်္ဂလာရေအိုး) ဖြင့် ဂါရဝပြုဆုတောင်းခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

ပူရ်ဏကလသ်သည် ကောင်းခြင်းမင်္ဂလာ၊ ချမ်းသာကြွယ်ဝမှုနှင့် ပြည့်စုံခြင်းတို့ကို ကိုယ်စားပြုသည့် ဟိန္ဒူရိုးရာ မင်္ဂလာသင်္ကေတတစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးအပါအဝင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအား ကျန်းမာချမ်းသာခြင်း၊ ကောင်းကျိုးမင်္ဂလာများ ပြည့်စုံခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ ရရှိစေရန် ဆုတောင်းဂါရဝပြုခဲ့ကြသည်။

ယင်းနောက် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကို တရားဝင်ဖွင့်လှစ်သည့် အစီအစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဖိတ်ကြား၍ အခမ်းအနားကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။

ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးစုအသီးသီး၏ စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အထိမ်းအမှတ်ပွဲတော်တစ်ခုလည်း ဖြစ်သည်။
❤5👏3👍1🎉1
တန်ဆောင်တိုင်ပွဲတော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ EV ယာဥ်များဖြင့် အသွား/အပြန် အခမဲ့ပို့ ဆောင်ပေးမည်

မကြာမှီကျရောက်မည့် တန်ဆောင်တိုင်ပွဲတော်၌ နေ ပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ကြမည့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာသွားရောက်ဖူးမြှော်နိုင်စေရန်အတွက် EV ယာဥ်များဖြင့် အသွား/အပြန် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်စည်ပင်၏စီစဉ်မှုဖြင့် တော်ဝင်ယာဉ်လိုင်းနှင့် EV ယာဉ်များဖြင့် တန်ဆောင်တိုင်ကာလဖြစ်သော နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ၃ ရက်တိုင် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်း(၁)အဖြစ် ဘောဂသီရိကားဝင်း၊ နှင်းဆီပန်းအဝိုင်း၊ ရွှေညောင်ပင်ဂိတ်၊ နေပြည်တော်ကောင်စီရုံးရှေ့၊ ဇမ္ဗူသီရိဆေးရုံရှေ့ ၊ စည်ပင်ဧည့်ရိပ်သာ(၁/၂) ရှေ့၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယဘုရားသို့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်း(၂)အဖြစ် လယ်ဝေးမြို့၊ အောင်ဇေယျတြိဂံလမ်းဆုံ၊ လယ်ဝေးအားကစားကွင်း၊ ရွှေအင်ကြင်း ၊ ဒက္ခိဏသီရိဈေး၊ ကံ့ကော်ပန်းအဝိုင်း၊ Excel Capital လမ်းဆုံ၊ တုံဂပူရိလမ်းဆုံ၊ Junction Center ၊ အဆင့်မြင့်ဈေး၊ ခုတင် (၁၀၀၀) ဆေးရုံ၊ မြို့မဈေး၊ သုခတော် ဝင်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်၊ နည်းပညာတက္ကသိုလ်မှ မာရဝိဇယဘုရား(ဂိတ်-၂)သို့ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လမ်းကြောင်း(၃)အဖြစ် သိုက်ချောင်းလမ်းဆုံ၊ တိရစ္ဆာ န်ဥယျာဉ်၊ ရေဆင်းကျေးရွာ၊ ပင်လောင်းလမ်းဆုံ၊ လှေခွင်းတောင်လမ်းခွဲ၊ ကျောက်ချက်၊ ဘောဂသီရိကားဝင်း ၊ နှင်းဆီပန်းအဝိုင်း၊ ရွှေညောင်ပင်ဂိတ်၊ နေပြည်တော်ကောင်စီရုံးရှေ့၊ ဇမ္ဗူသီရိဆေးရုံ၊ စည်ပင်ဧည့်ရိပ်သာ (၁/၂)ရှေ့၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယဘု ရားသို့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းကြောင်း(၄)အဖြစ် သိုက်ချောင်းလမ်းဆုံ၊ ခုတင် (၃၀၀)ဆေးရုံ၊ ကျည်တောင်ကန်လမ်းဆုံ၊ နေပြည်တော်ဘူတာကြီး၊ NSPU၊ အင်ကြင်းပန်းအဝိုင်း၊ ပတ္တာရဲစခန်းရှေ့၊ ကုမုဒြာကြာပန်းအဝိုင်း၊ စည်ပင်အိမ်ရာ၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင် အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယဘုရား(ဂိတ်-၂)သို့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
❤3👍2👏1
ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများဘေးကင်းလုံခြုံပြီးပုံမှန်စနစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးဆွေးနွေး

ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများဘေးကင်းလုံခြုံပြီး ပုံမှန်စနစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)ရုံး၏ Chief of Mission Mr.Daihei Mochizuki တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် Mr.Daihei Mochizuki တို့သည် နိုဝင်ဘာ ၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်တွေ့ခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံအစိုးရများနည်းတူ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များတွင် IOM နှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ IOM နှင့် ဝန်ကြီးဌာနကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာမျှော်မှန်းချက်များထားရှိဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ 

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်း ခွင်တည်ငြိမ်အေးချမ်းရေးနှင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထား၍ ဦး စားပေးဆောင်ရွက်နေမှု၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘေးကင်းလုံခြုံပြီး ပုံမှန်စ နစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်မြန်မာလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုကို ကာကွယ်တားဆီးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
❤2👍2👏1
ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး၌ နိုဝင်ဘာ ၂၄ ရက်တွင် သံဃာတော်နှင့် သီလရှင် ၁,၀၀၀ ပါးကို ဆွမ်း၊ ဆန်စိမ်းလောင်းလှူမည်

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သတ္တမအကြိမ်မြောက် လုံးတော်ပြည့် ရွှေစင်၊ ရွှေသားနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲကို နိုဝင်ဘာ ၁၄ ရက်၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ပင်သံယာတော် ၉၀၀ ပါးက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင်လှူပူဇော်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကိုဆင်ယင်ကျင်းပသွားမည်ဖြစ်ကာ မွန်းတည့် ၁၂ နာရီခွဲတွင် သံ ဃာတော် ၉၀၀ ပါးနှင့် သီလရှင် ၁၀၀ ပါးတို့ကို ဆွမ်း၊ ဆန်စိမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ပွဲမင်္ဂလာအခမ်းအနားသို့လာရောက်ကြသူများနှင့် ဘုရားဖူးလာသူ ၁၀,၀၀၀ ကျော်ကိုလည်း စ တုဒိသာများကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ သံဃာတော်များနှင့် သီလရှင်များအ တွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းရန်၊ ရေသန့်နှင့် အအေးလှူဒါန်းရန် အလှူရှင်များကလာရောက်လှူဒါန်းမှုများပြုလုပ်ထားကာ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက်လည်း စာရင်းပေးသွင်းထားသည့်အလှူရှင်များလည်းရှိနေ၍ လှူဒါန်းလိုသည့်အလှူရှင်များအနေဖြင့် ကြိုတင်စာရင်း‌ပေးသွင်းနိုင်သည်ဟု စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနှိုးဆော်ထားကြောင်း သိရသည်။
❤5🙏2👏1🤩1