ပေါင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် တောင်သူများကို ချေးငွေများထုတ်ချေးပေးမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူများအား ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ရာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ချေးငွေထုတ်ချေးမှုလုပ်ငန်းများမှန်ကန်စနစ်တကျဖြစ်စေရေးနှင့် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူများ ချေးငွေရရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ချေးငွေထုတ်ချေးရာတွင် မှန်ကန်သည့် ပုံစံ(၇)ရှိသူများကိုသာထုတ်ချေးပေးရန်၊ ပုံစံ(၇)အတုများကို စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ပယ်ဖျက်ခြင်းနှင့် အရေးယူခြင်းလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လယ်ယာမြေပေါ်တွင် နှစ်နှစ်ဆက်တိုက်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် လယ်မြေများကို ပြန်လည်သိမ်းယူပြီး အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအား ပုံစံ(၇)ပြန်လည်ထုတ်ပေးရန်၊ ချေးငွေများထုတ်ချေးပေးရာတွင် သက်ဆိုင်ရာမြေယာအထောက်အထားများကို သေချာစွာစိစစ်ပြီးမှသာထုတ်ချေးပေးရန်လည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
❤6👍2👏1
ပေါ်တူဂီလက်ရွေးစင်အသင်းမှ ရော်နယ်ဒို အပြီးတိုင်အနားယူ

ပေါ်တူဂီအသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) သည် ၎င်း၏ သမိုင်းဝင် နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ပြီး နိုင်ငံအသင်းမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) က  Instagram ကနေ တရားဝင် ကြေညာချက်အရ သိရသည်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဗီဒီယိုသဝဏ်လွှာတစ်ခုကို တင်ရှိကာ နိုင်ငံအသင်း ပရိသတ်များကို နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသားအသင်းရဲ့ ဂျာစီကို ပြန်လည်ပေးအပ်ရမယ့်နေ့ ရောက်လာပါပြီ။ ကာလပတ်လုံး ကမ္ဘာတစ်ဝန်းက ကွင်းတွေထဲမှာ မိခင်နိုင်ငံရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်၊ ကာကွယ်ခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အကောင်းဆုံး တာဝန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အနာဂတ်မျိုးဆက်သစ်တွေဆီ လွှဲပြောင်းပေးရမယ့် အချိန်ရောက်ပါပြီ” ဟု လည်း ရော်နယ်ဒို က ပြောကြားထားသည်။

ပေါ်တူဂီအတွက် နောက်ဆုံးပွဲစဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ဝေလအသင်းကို ၁-ဝ ဖြင့် နိုင်ခဲ့သည့် နေးရှင်းလိဂ်ပွဲစဉ် ဖြစ်ခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၀၃ ခုနှစ်မှစတင်ကာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲ ကစားကာ ၁၄၆ ဂိုး သွင်းယူပေးခဲ့ပြီး အမျိုးသားဘောလုံးလောကတွင် ကမ္ဘာ့ပွဲထွက်အများဆုံးနှင့် သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့သည်။

ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ချန်ပီယံဆုနှင့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဖလားများ ရရှိအောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

နိုင်ငံတကာ ကစားသမားဘဝ (နိုင်ငံအသင်း) မှသာ အနားယူခဲ့သော်လည်း ရော်နယ်ဒိုသည် ကလပ်အသင်းအဆင့်တွင်မူ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန်အတွက် ဆော်ဒီကလပ် အယ်လ်နာဆာ (Al-Nassr) အသင်း၌ ဆက်လက်ကစားသွားမည် ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ကစားသမားဘဝ သွင်းဂိုး ၉၈၅ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်သည်။
❤19👏4👍3
Media is too big
VIEW IN TELEGRAM
အာကာသဆိုင်ရာပြိုင်ပွဲကို ကလေးတွေအပြင် မိဘနဲ့ ဆရာ/မတွေပါ စိတ်ဝင်စားပြီး အင်တိုက်အားတိုက်ပါဝင်ကြတယ် - ကျောင်းအုပ်ကြီး ဒေါ်အေးအေးငြိမ်း

“ကျွန်မတို့‌ကျောင်းမှာ ကျောင်းတွင်းအဆင့်အ‌နေနဲ့ အ‌ယောက် ၁၂၀ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ဖိုင်နယ်မှာတော့ မူလတန်းနဲ့အလယ်တန်းမှာ ၅ ဦးစီဖြစ်ပြီး အထက်တန်းမှာ ၁၁ ဦးနဲ့ အားလုံး‌‌ပေါင်း ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

မိဘတွေကလည်း အင်မတန်စိတ်ဝင်စားကြပါတယ်။ ကလေးတွေပြိုင်ပွဲလာနိုင်အောင်၊ တချို့ကလေးတွေဆို ဆေးပစ္စည်းတွေထပ်ဝယ်ဖို့ မတတ်နိုင်တာမျိုးဆို ကျောင်းကပံ့ပိုးကူညီပေးပြီး ဆရာ/မတွေကလည်း တက်ကြွစွာဆောင်ရွက်ပါတယ်။ ကလေးတွေမှာလည်း အာကာသနဲ့ပတ်သက်တဲ့ အသိပညာ၊ အတွေးအခေါ်နဲ့ ဉာဏ်ပညာပိုင်းဆိုင်ရာတွေတိုးတတ်လာပြီး၊ ကလေးတွေစိတ်ထဲ မျိုးချစ်စိတ်ရှင်သန်လာအောင် ပန်းချီ၊ ကာတွန်း၊ ပိုစတာတွေမှာ ခံစား‌ရေးဆွဲတတ်အောင် ပူးပေါင်းဆောင်ရွက်‌ပေးပါတယ်” ကျောင်းအုပ်ကြီး ဒေါ်အေးအေးငြိမ်း (အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ နေပြည်တော်)
👍5❤3🥰1👏1🎉1
ဓာတ်ဆီဈေး ကျပြီး ဒီဇယ်ဈေး ပြန်တက်

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်နေ့၌ ဓာတ်ဆီဈေးနှုန်းများ အနည်းငယ် ပြန်ကျသွားပြီး ဒီဇယ်ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ သိရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ကျပ် ၄,၅၃၀၊ 95 Ron တစ်လီတာလျှင် ကျပ် ၄,၅၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၄,၅၅၅ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅,၅၂၀ ဖြစ်သည်။ အဆိုပါစျေးနှုန်းများသည် နိုဝင်ဘာ ၁၂ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ယခင်အပတ်စျေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ကျပ် ၄၀ ကျပ် ဈေးကျဆင်းခဲ့သည်။ထို့အတူ ဒီဇယ် (HSD 500 ppm)နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာလျှင် နှစ်မျိုးစလုံး ၄၀ ကျပ်စီ ဈေးမြင့်တက်ခဲ့သည်။

မန္တလေးမြို့တွင် ဓာတ်ဆီ 92 Ron တစ်လီတာ ကျပ် ၄,၆၈၅၊ 95 Ron ကျပ် ၄,၇၀၅၊ ဒီဇယ် ကျပ် ၄,၇၀၅ နှင့် ပရီမီယံဒီဇယ် ကျပ် ၅,၆၇၅ ဖြင့် ရောင်းချရန် ရည်ညွှန်းဈေး သတ်မှတ်ထားသည်။
❤8👏5😢3👍1
မဂ္ဂနီကျူ့ ၃ ဒသမ ၈ အဆင့်ရှိငလျင် ကြံခင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

ဂွမြေငလျင်စခန်း၏ တိုင်းထွာချက်အရ ယနေ့ နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းက ကြံခင်းမြို့ကိုဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နံနက် ၇ နာရီ ၄၄ မိနစ် ၃၁ စက္ကန့်က ကြံခင်းမြို့၏ အနောက်တောင်ဘက်မိုင်(၃၀)ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ ၃ ဒသမ ၈ အဆင့် အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
😱5😢4❤1👍1🕊1
ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို ခန့်အပ်

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို အစားထိုးခန့်အပ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က နိုဝင်ဘာ ၆ ရက်တွင် အတည်ပြုခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ပေးပို့လာသည့် ဗိုလ်မှူးကြီး ကျော်ကျော်ဦး၏ အမည်စာရင်းကို တင်သွင်းခဲ့သည်။ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့ပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးကို အစားထိုးလဲလှယ်ကြောင်း အောက်တိုဘာ ၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၆၅/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့သည်။
❤5👏3👍2
မိုးယွန်းကြီးအင်းသို့ ဆောင်းခိုငှက် ၁၂ မျိုး စတင်ဝင်ရောက်ကျက်စား

ပဲခူး၊ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ယခုဆောင်းဦးရာသီတွင် ဆောင်းခိုငှက် ၁၂ မျိုး စတင်ဝင်ရောက်ကျက်စားနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဆောင်းရာသီက အဆိုပါအင်းတွင် ဆောင်းခိုငှက်ကောင်ရေ ၃၀,၀၀၀ ကျော် လာရောက်ကျက်စားခဲ့သည်။

ယခုရာသီတွင် ဝင်ရောက်လာသည့် ငှက်များမှာ ခရုစုတ်ခေါင်းမည်း၊ ငှက်ကြီးဝန်ပို၊ ဂေါ့တွေ့၊ မြစ်တွေး၊ ငှက်ကျား၊ ဥပန်း၊ စာဘုန်းကြီး၊ ကြိုးကြာ၊ လင်းယုန်၊ ချည်ခင်စွပ်၊ ဘဲနီစပ်နှင့် နှုတ်သီးဂေါက်ကြီးတို့ဖြစ်သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခုဆောင်းရာသီတွင် ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားပုံ ပြောင်းလဲနိုင်ခြေကို စောင့်ကြည့်လျက်ရှိသည်။ လက်ရှိတွင် မိုးယွန်းကြီးအင်းနှင့် ဆက်စပ်ရေဝပ်ဒေသများသို့လည်း ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာကြောင်း သိရသည်။

မိုးယွန်းကြီးအင်းအပြင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိန်းမလှကျွန်းနှင့် စလင်းဝက်သည်းကန်တို့တွင်လည်း ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည်။
❤10👍6👏3
ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃ ချက် ပြင်ဆင်ရေး လေ့လာမည့် ပူးပေါင်းကော်မတီဖွဲ့ရန် လွှတ်တော် အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၅

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်ကို လေ့လာသုံးသပ်ပြီး ဥပဒေကြမ်းပြုစုရန် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) မှ ဦးဇင်မင်းထက်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် ၄၃ ချက်အပြင် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) ပါ အချက်များကိုပါ လေ့လာသုံးသပ်ရန် ထည့်သွင်းထားသည်။

ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်သင့်ကြောင်း ဦးဇင်မင်းထက်က အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။

အဆိုကို အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ သဘောထားရယူရာ သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းကော်မတီဖွဲ့စည်းရန် သဘောတူအတည်ပြုခဲ့သည်။
👍9👏3❤1