Hla Soewai
3.13K subscribers
298 photos
1 file
9 links
Hla Soewai ချန်နယ်
Download Telegram
👍16
ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၆၃)
(Clash of World Views)

အခန်း (၁၂)

တနိုင်ငံတည်း ကြီစိုးလွှမ်းမိုးထားသည့်ခေတ် ကုန်ဆုံးခြင်း — ခေတ်သစ်တစ်ခု၏ အရုဏ်ဦး

အမေရိကန်၏ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် လွှမ်းမိုးထားနိုင်မှု ကျဆင်းလာခြင်းကို အပြန်အလှန် ဆက်စပ်နေသော အကြောင်းရင်း သုံးရပ်ဖြင့် ခြေရာခံလေ့လာနိုင်သည်။

ပထမအချက်မှာ အမေရိကန်၏ အင်အားသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းလာခြင်းဖြစ်သည်။ ယင်းကြောင့် အမေရိကန်တနိုင်ငံတည်းက အဓိကအင်အားကြီးအဖြစ် လွှမ်းမိုးထားသည့် ကမ္ဘာ့စနစ် Unipolar System ကို အထောက်အပံ့ပေးထားသော အခြေခံအင်အားများ အားနည်းလာခဲ့သည်။

တရုတ်နှင့် ရုရှားကဲ့သို့သော လက်ရှိကမ္ဘာ့စနစ်ကို ပြန်လည် ပြင်ဆင် လိုသည့် နိုင်ငံများ Revisionist States သည် ဤအပြောင်းအလဲကို အခွင့်ကောင်းယူခဲ့ကြသည်။ ၎င်းတို့သည် အမေရိကန်တနိုင်ငံတည်းက လွှမ်းမိုးထားသော ကမ္ဘာ့စနစ်ကို အစားထိုးကာ နိုင်ငံအများအပြားက အင်အားချိန်ခွင်လျှာကို မျှဝေထားသည့် အင်အားကြီးနိုင်ငံအများအပြားပါဝင်သော ကမ္ဘာ့စနစ် Multipolar Order တရပ် ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေကြသည်။

ဒုတိယအချက်မှာ ကမ္ဘာ့ရေးရာများတွင် အမေရိကန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အမေရိကန်ပြည်သူများ၏ ခံယူချက်နှင့် သဘောထားများ ပြောင်းလဲလာခြင်း‌ ကြောင့်ဖြစ်သည်။

ကမ္ဘာ့ရေးရာများတွင် လွှမ်းမိုးဦး ဆောင် နေရခြင်းအတွက် ကုန်ကျစရိတ်များနှင့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက် နေရမှု များကို ပို၍ မြင်တွေ့လာရသည်နှင့်အမျှ၊ ထိုကမ္ဘာ့လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သော ဝန်ထုပ်ဝန်ပိုးများကို အမေရိကန်ပြည်သူများ အဖို့ ထမ်းဆောင် လိုသည့် ဆန္ဒမှာလည်း လျော့နည်းလာခဲ့သည်။


တတိယအချက်မှာ ပထမအချက်နှင့် ဒုတိယအချက်တို့နှင့် နီးကပ်စွာ ဆက်စပ်နေသည့် အမေရိကန်၏ ကမ္ဘာ့လွှမ်းမိုးမှုအပေါ် တရားဝင်မှုနှင့် လက်ခံယုံကြည်မှု တို့ တဖြည်းဖြည်း ယိုယွင်းလာခြင်းဖြစ်သည်။ ယခင်က အမေရိကန်၏ ကမ္ဘာ့လွှမ်းမိုးမှုသည် လစ်ဘရယ်နိုင်ငံတကာစနစ် ၏ စံတန်ဖိုးများနှင့် အယူအဆများအပေါ် အခြေခံထားပြီး ဆွဲဆောင်နိုင်စွမ်း ရှိ‌ နေ ၍ လက်ခံ နိုင်ခဲ့ကြသည်။

သို့သော် ထိုအယူဝါဒဆိုင်ရာ အခြေခံအုတ်မြစ်သည် ဖိအားများနှင့် စိန်ခေါ်မှုများကို ပိုမိုရင်ဆိုင်လာရသည်နှင့်အမျှ၊ အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှုကို ထောက်ခံပေးထားသည့် နိုင်ငံတကာ၏ ဘုံသဘောတူညီမှုမှာလည်း အလားတူ အားနည်းယိုယွင်းလာခဲ့သည်။

အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှု အားလျော့လာခြင်း

စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့သည့်နောက်ပိုင်း အချိန် အတော်များများ တွင် ကမ္ဘာ့အရေးကြီးသော စိန်ခေါ်မှုများနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ၏ ဘုံသဘောတူညီမှုကို အစဉ် တစိုက် ဖော်ဆောင်နိုင်စွမ်း ရှိခဲ့သည့် တခုတည်းသောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ခဲ့သည်။

အမေရိကန်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်အမျိုးမျိုး၌ တိုးတက်အားကောင်းလာခဲ့သည်။ ယင်းတွင် လွတ်လပ်သောကုန်သွယ်ရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး၊ အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်သော လက်နက်များ မပြန့်ပွားရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးကဲ့သို့သော ကျယ်ပြန့်သည့် ကိစ္စရပ်များ ပါဝင်သည်။

ထို့အပြင် ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေး၊ အင်တာနက်ကို မည်သို့စီမံအုပ်ချုပ်မည်ဆိုသည့် အရေး နှင့် ဆိုက်ဘာလုံခြုံရေး ကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခဲ့သည်။

ဤမျှကွဲပြားပြီး ရှုပ်ထွေးသော ကိစ္စရပ်များစွာအပေါ် ကမ္ဘာ့နိုင်ငံများ၏ ဘုံသဘောတူညီမှုကို စုစည်းဖော်ဆောင်နိုင်ခြင်းသည် အမေရိကန်၏ ကမ္ဘာ့တဝှမ်း လွှမ်းမိုး နိုင်စွမ်း ၏ ထင်ရှားသော လက္ခဏာတရပ် ဖြစ်ခဲ့သည်။

အမေရိကန်၏ ကမ္ဘာ့လွှမ်းမိုးမှု ကျဆင်းလာနေကြောင်း ဖော်ပြသည့် အထင်ရှားဆုံး အညွှန်းကိန်းများအနက် တစ်ခုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း တဖြည်းဖြည်း အကြောသေ လေဖြတ် သကဲ့သို့ ဖြစ်လာခြင်း ပင် ဖြစ်သည်။


စစ်အေးတိုက်ပွဲကာလ အတွင်းတွင် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား ပြိုင်ဆိုင်မှုကြောင့် လုံခြုံရေးကောင်စီသည် မကြာခဏ သဘောတူညီမှုမရဘဲ ရှေ့မတိုးနောက်မဆုတ် ဖြစ်ခဲ့ရသည်။


သို့သော် စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းတွင် အခြေအနေ ပြောင်းလဲလာခဲ့သည်။ လုံခြုံရေးကောင်စီသည် ကမ္ဘာ့တည်ငြိမ်ရေးကို ထိန်းသိမ်းအကောင် အထည်ဖော်ရာ၌ အဓိကကျသော ယန္တရားတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။


လုံခြုံရေးကောင်စီသည် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများကို ခွင့်ပြုခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းများကို ဦးဆောင်ခဲ့သည်။ အကြမ်းဖက်ဝါဒနှင့် နျူကလီးယားလက်နက် ပြန့်ပွားမှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။
👍8
အရေးကြီးသည့်အချက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် တရုတ် သို့မဟုတ် ရုရှားတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည့်အခါမျိုးတွင်ပင်၊ ၎င်းတို့သည် အမေရိကန်က ဦးဆောင်တင်သွင်းသော အဆိုပြုချက်များကို ပယ်ချရန် ဗီတိုအာဏာ ကို အသုံးပြုလေ့ မရှိခဲ့ပေ။ ယင်းသည် ထိုအချိန်က အမေရိကန်၏ ကမ္ဘာ့ဦးဆောင်လွှမ်းမိုးမှုကို အခြားနိုင်ငံများက ထိထိရောက်ရောက် စိန်ခေါ်နိုင်ခြင်း မရှိသလောက်ဖြစ်ခဲ့ကြောင်း ဖော်ပြနေသည်။

သို့သော် ၂၀၂၂ ခုနှစ်မှစ၍ ရုရှား၏ ယူကရိန်း စစ်ပွဲဆင်နွှဲလာမှုနှင့် အမေရိကန်၊ ရုရှား၊ တရုတ်တို့အကြား တင်းမာမှုများ ပိုမိုပြင်းထန်လာခြင်းတို့ကြောင့် လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်ချမှတ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း တဖြည်းဖြည်း ပိုမိုအားနည်းလာခဲ့သည်။

ဤအခြေအနေသည် အမေရိကန်၏ ကမ္ဘာ့လွှမ်းမိုးမှုကို ယခုအခါ အခြားအင်အားကြီးနိုင်ငံများက ပွင့်ပွင့်လင်းလင်း စိန်ခေါ်လာကြပြီဖြစ်ကြောင်း ပြသနေသည့် ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်။



ဆက်လက် တင်ပြပါမည်....

Hla Soewai
👍23
👍13
လေဟုန်စီး၍ မြေကြီးတုန်
*******

"ကျွန်တော့်လက်ထဲမှာ ကိုင်ထားတာကတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးလူထုအသိုင်းအဝိုင်း Theatre 21 က ထုတ်လုပ်ထားတဲ့ ပဝါတထည် ဖြစ်ပါတယ်။ ဒါဟာ သာမန်ဖက်ရှင်အသုံးအဆောင်တခု မဟုတ်ပါဘူး... ဒီပဝါကို သေချာကြည့်မယ်ဆိုရင် ကျဆုံးသွားခဲ့ရသူတွေရဲ့ နာမည်တွေနဲ့ အသက်အရွယ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အငယ်ဆုံးကလေးက အသက် နှစ်လပဲ ရှိသေးပြီး၊ အသက်အကြီးဆုံးပုဂ္ဂိုလ်ကတော့ အသက် ၁၀၅ နှစ် ဖြစ်ပါတယ်”

ဤတုန်လှုပ်ကြေကွဲဖွယ် စကားလုံးများသည် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၏ အပြန်အလှန်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တကမ္ဘာလုံး ရှေ့မှောက်၌ ရင်နင့်ဖွယ်ရာ မြွက်ဟသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်သူပြည်သားတို့၏ အသက်ပေါင်းများစွာ ထပ်မံမဆုံးရှုံးစေရန်နှင့် သွေးချောင်းစီးနေသော အကျပ်အတည်းများကို အမြန်ဆုံး အဆုံးသတ်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ဆို့နင့်တုန်ရင်စွာဖြင့် အကူအညီ တောင်းခံခဲ့သည်။ မိမိတို့၏ အမိမြေနှင့် ပြည်သူတို့ ခံစားနေရသည့် ဒုက္ခဆိုးများကို ရင်ဘတ်ဖြင့် ခံစားကာ မိန့်ခွန်းပြောရင်း၊ တားမရဆီးမရ ကျဆင်းလာသော သံအမတ်ကြီး၏ မျက်ရည်စက်များသည် မျက်မြင်တွေ့ရှိခဲ့ရသူ တက်ရောက်လာသူ အပေါင်းကိုသာမက၊ တဆင့်ကြားသိရသည့် ပြည်သူများအားလုံးကိုပါ စိတ်နှလုံး ညှိုးချုံးကြေကွဲကာ ရင်ဘတ်ချင်း ထပ်တူ နာကျင်စေခဲ့ရပါသည်။

(၈၁) ကြိမ်မြောက် တတိယကော်မတီညီလာခံကို ဩစ တေးလျှ ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. James Martin Larsen က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဒုက္ခသည်များအရေး၊ လူမျိုးရေးခွဲခြားမှုပပျောက်ရေး၊ တိုင်းပြည်အလိုက် လူ့အခွင့်အရေးအခြေအနေများနှင့် အကျပ်အတည်းများ (ဥပမာ- မြန်မာ၊ ရုရှား၊ ဘီလာရုဇ် စသည့် နိုင်ငံများအရေး) ကို အဓိကထား ဆွေးနွေးကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ သီးခြားလွတ်လပ်သော ကျွမ်းကျင်သူများ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ပြီး ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို တင်သွင်းကာ ဆွေးနွေးကြသည်။

အဓိကရည်ရွယ်ချက် မှာ နိုင်ငံတကာတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဖွဲ့ဝင်နိုင်ငံများက ထောက်ပြဆွေးနွေးရန်၊ သီးခြားဖြစ်ရပ်များကို တင်ပြရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များကို မည်သို့အကောင်အထည်ဖော်နေသည်ကို ကျွမ်းကျင်သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးရန် ဖြစ်သည်။

မြန်မာ အတွက် ကုလ အတွင်းရေးမှုး ချုပ် အထူးသံတမန်၊ အထူး စုံစမ်းစစ်ဆေးရေး မှုး နီကိုလပ်စ် ကိုဂျီမန် တို့ တက်ရောက်ခဲ့ကြသည်။

ဤသည်ကို ကြည့်မည် ဆိုက သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဤမိန့်ခွန်းသည် လေဟုန်စီး၍ မြေကြီးတုန်ခါမတတ် ပြင်းထန်သော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် စစ်အုပ်စုကို ပြန်လည်လက်ခံသင့်၊ မသင့် ဆုံးဖြတ်ရန် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ မလာရောက်မီ တရက်အလိုတွင် ဤသို့ ထိရောက်ပြတ်သားစွာ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်သည် စစ်အုပ်စုကို နိုင်ငံရေးအရ အလဲထိုးလိုက်နိုင်ရုံသာမက၊ ၎င်းတို့အား ပြန်လည်လက်ခံရန် အားထုတ်နေသည့် အာဆီယံအဖွဲ့ကိုပါ ကမ္ဘာ့မျက်နှာစာတွင် အကျပ်ရိုက်သွားစေမည့် လွန်စွာအရေးပါသော သတင်းစကားကို ပေးပို့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဦးကျော် မိုး ထွန်း ပြောသည့် Theatre 21 ဆိုသည်မှာ ထင်ရှားကျော်ကြားသော မြန်မာအဆိုတော် လင်းလင်းက ၎င်း၏ ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်သည့် “Theatre 21” ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် ဖြန့်ချိပြီးနောက် စတင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း သတ်ဖြတ်ခံခဲ့ရသည့် အရေအတွက်အတိအကျ မသိရသေးသော လူပုဂ္ဂိုလ်များ၏ နာမည်များ ရိုက်နှိပ်ထားသည့် ပဝါများအပါအဝင် အမှတ်တရပစ္စည်းများ ရောင်းချခြင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ပုံငွေ ရှာဖွေပေးနေခြင်း ဖြစ်သည်။

ဥရောပ နိုင်ငံများ သမဂ္ဂ အီးယူ ကိုယ်စားလှယ် Ms. Kelley E. CURRIE က ထူးခြားပြောင်မြောက်သော သတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တို့ကို ဆက်လက်ပြသနေသည့် မြန်မာ ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို လေးစားလျက်၊ အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်သော စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မဖြစ်မနေ ပြန်လည်ရောက်ရှိရမည် ဖြစ်သည်။ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် ချန်လှပ်မှုများသာ လွှမ်းမိုးနေသည့် ပတ်ဝန်းကျင်တွင် ကျင်းပခဲ့သော၊ လွတ်လပ်၍ တရားမျှတမှု လုံးဝမရှိသည့် စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲများနှင့် ယင်းနောက်ပိုင်း အရပ်သားအစိုးရအမည်ခံကာ စစ်အာဏာရှင်စနစ်ကို ပုံစံပြောင်းလဲသက်ဆိုးရှည်စေရန် ကြိုးပမ်းမှုများသည် မည်သို့မျှ တရားဝင်မှုကို ပေးစွမ်းနိုင်မည် မဟုတ်ဟု
👍13❤3
ပြတ်ပြတ်သားသားပြောကြားသွားခံ့ပြန်သည်။

ကုလ အထူး သံတမန် ဂျုလီ ဘစ်ရှော့က“ဒီအကျပ်အတည်းဟာ လုံးဝ မဖြေရှင်းနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်မသွားခင် ကုလသမဂ္ဂအနေနဲ့ အရေးယူ ဆောင်ရွက်မှာလား။” ဟု ကျယ်လောင်စွာ မေးခွန်း ထုတ်လိုက်ပြန်သည်။

နေပြည်တော်ကတော့ သူတို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားတာလို့ ဆိုပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရမှုနဲ့အတူ ၂၀၂၅ ခုနှစ်ဟာ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်" ဟု ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် အဖြစ် ကမ္ဘာကို ရှင်းလင်းစွာ အသိပေးသွားခဲ့ပြီ ဖြစ်သည်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး၊ မိမိသဘောအလျောက် သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့ အခြေအနေမျိုး (မြန်မာနိုင်ငံအတွင်း) လုံးဝ မရှိသေးပါဘူး။” ဟုလည်း ဆိုသည်။

ဂျုလီ ဘစ်ရှော့သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သွေးထွက်သံယိုမှုများ လွန်စွာပြင်းထန်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာ အကျပ်အတည်းတခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် အလေးအနက် ထောက်ပြဆွေးနွေးသွားခဲ့ခြင်းပင် ဖြစ်သည်။

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
😢17👍12
😢19❤6
ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၆၄)
(Clash of World Views)


တနိုင်ငံတည်း ကြီစိုးလွှမ်းမိုးထားသည့်ခေတ် ကုန်ဆုံးခြင်း — ခေတ်သစ်တစ်ခု၏ အရုဏ်ဦး (၂)

ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် အင်အားပြိုင်ဆိုင်မှု

အမေရိကန်၏ အင်အားကျဆင်းလာခြင်းတခုတည်းကြောင့် လစ်ဘရယ်နိုင်ငံတကာစနစ် အားနည်းသွားမည်ဟု မဆိုနိုင်ပေ။ အကယ်၍ ထိုစနစ်၏ ဗဟိုချက်ကို ပြောင်းလဲနိုင်လောက်သည့် အခြားအင်အားကြီးနိုင်ငံတနိုင်ငံ ပေါ်ထွက်မလာခဲ့ပါက ထိုသို့ဖြစ်ရန် မလိုအပ်ပေ။


ဤအမြင်အရ အမေရိကန်၏ ကမ္ဘာ့ဩဇာလွှမ်းမိုးမှု သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လျော့ကျလာခြင်းမှာ အဓိကအားဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့စူပါပါဝါနိုင်ငံတနိုင်ငံအဖြစ် အင်အားတောင့်တင်းလာခြင်း၏ အကျိုးဆက်ဖြစ်သည်။

လစ်ဘရယ်နိုင်ငံတကာစနစ်သည် ကမ္ဘာ့အာဏာကို နိုင်ငံတနိုင်ငံတည်းက အဓိကဦးဆောင်လွှမ်းမိုးထားသည့် Unipolar System ကို အခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသည် အမေရိကန်နှင့်အတူ ကမ္ဘာ့အင်အားအကြီးဆုံး နှစ်နိုင်ငံအနက် တစ်နိုင်ငံဖြစ်လာသည့် G2 အင်အားကြီးနိုင်ငံအဆင့် သို့ ရောက်ရှိလာခြင်းက ယင်း အာဏာချိန်ခွင်လျှာကို အခြေခံကျကျ ပြောင်းလဲသွားစေခဲ့သည်။

၁။ ကုန်သွယ်ရေး အငြင်းပွားမှုများ

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်၌ ကုန်သွယ်ရေးစစ်ပွဲ စတင်ခြင်းနှင့်အတူ ပေါ်ပေါ်ထင်ထင် ဖြစ်လာခဲ့သည်။


ထိုအချိန်က လူအများအပြားသည် ယင်းဖြစ်ရပ်ကို တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်တို့ ကာလရှည်ကြာ ရင်ဆိုင်နေရသော ကုန်သွယ်ရေးလိုငွေ ပြမှု အပေါ် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ယူဆကာ အရေးမကြီးသကဲ့သို့ သဘောထားခဲ့ကြသည်။

အလားတူပင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အယူခံအဖွဲ့ တွင် အဖွဲ့ဝင်အသစ်များ ခန့်အပ်ခြင်းကို အမေရိကန်က ပိတ်ဆို့ထားခြင်းကိုလည်း ထိုအဖွဲ့အစည်းအပေါ် အမေရိကန်၏ မကျေနပ်မှုကြောင့်သာ ဖြစ်ပေါ်လာခြင်းဟု ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ကောက်ယူခဲ့ကြသည်။

ထရမ့်၏ သမ္မတသက်တမ်းသည် ပုံမှန်နိုင်ငံရေးဖြစ်စဉ်မှ သွေဖည်နေသည့် ခြွင်းချက်ဖြစ်ရပ်တခုသာဖြစ်သည်ဟု ရှုမြင်သူများက ယူဆခဲ့ကြသည်။ ထို့ကြောင့် ထရမ့် သမ္မတရာထူးမှ ထွက်ခွာသွားသည်နှင့် အခြေအနေများသည်လည်း ယခင်ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ဘိုင်ဒင်အစိုးရသည်လည်း တရုတ်နှင့် ဆက်၍ ထိပ်တိုက်ရင်ဆိုင်လာခဲ့ရုံ သာမက ပို၍ပင် ပြင်းထန်နက်ရှိုင်းလာခဲ့သည်။ ယင်းအချက်က ကုန်သွယ်ရေးစစ်ပွဲသည် စူပါပါဝါနိုင်ငံကြီးနှစ်နိုင်ငံအကြား ဖြစ်ပွားနေသော ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့ဩဇာလွှမ်းမိုးရေး ပြိုင်ဆိုင်မှု ၏ ပထမဆုံးတိုက်ပွဲမျှသာ ဖြစ်သည်ကို မီးမောင်းထိုးပြ နေခဲ့သည်။

ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းများကို အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်သကဲ့သို့ ကုန်ပစ္စည်းတင်ပို့မှုတွင်လည်း ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်ခဲ့သည်။ ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများ တင်ပို့မှုတွင်လည်း ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ယင်းအောင်မြင်မှုများသည် အမေရိကန်၏ နည်းပညာဆိုင်ရာ စွမ်းပကားနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အင်အားတောင့်တင်းမှုတို့ ကြောင့် ဖြစ်သည်။

သို့သော် လွတ်လပ်သောကုန်သွယ်ရေး စနစ် ကျယ်ပြန့်လာခြင်းနှင့်အတူ အကောက်ခွန်နှုန်းထားများ လျှော့ချခြင်း၊ နိုင်ငံအလိုက် ခွဲခြားဆက်ဆံမှုမပြုခြင်း တို့ကြောင့် အမေရိကန်သည် ကုန်သွယ်ရေးတွင် အသားတင် ကုန်စည် တင်သွင်း သောနိုင်ငံ အဖြစ် ကာလရှည်ကြာစွာ ဖြစ်တည်လာခဲ့ရသည်။

ဝန်ဆောင်မှုလုပ်ငန်းများ တင်ပို့မှုမှ ရရှိသော ကုန်သွယ်ရေးပိုငွေ သည် ကုန်ပစ္စည်းတင်သွင်းမှုကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေးလိုငွေ ကို တစိတ်တပိုင်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့သော်လည်း အမေရိကန်သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု နှစ်မျိုးစလုံးကို ထည့်သွင်းတွက်ချက်ထားသော စုစုပေါင်းကုန်သွယ်ရေးပိုငွေ ကို နောက်ဆုံးအကြိမ် ရရှိခဲ့သည်မှာ ၁၉၇၅ ခုနှစ်က ဖြစ်သည်။

သို့သော်လည်း ဝါရှင်တန်အစိုးရသည် ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်ရေးစနစ် ကို ဆက်လက်ထောက်ခံအားပေးခဲ့သည်။ ထိုသို့ထောက်ခံခြင်းမှာ စီးပွားရေးအကျိုးအမြတ်များကြောင့်သာ မဟုတ်ဘဲ ယင်းစနစ်ကို လစ်ဘရယ်နိုင်ငံတကာစနစ် ၏ အဓိက အခြေခံမဏ္ဍိုင်တခုအဖြစ် ရှုမြင်ထားသောကြောင့်လည်း ဖြစ်သည်။

သီအိုရီအရ လွတ်လပ်သောကုန်သွယ်ရေး သည် နှိုင်းယှဉ်အသာစီးရမှု (Comparative Advantage) ကို မြှင့်တင်ပေးသည်။

ဆိုလိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အစပိုင်းတွင် လုပ်သားအင်အားကို အဓိကအသုံးပြုရသော ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အထူးပြုလုပ်ကိုင်ကြပြီး နောက်ပိုင်းတွင် အကြီးစားစက်မှုလုပ်ငန်းများ ဘက်သို့ တဖြည်းဖြည်း ကူးပြောင်းသွားကြသည်။ တဖက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် နည်းပညာမြင့် ကုန်ပစ္စည်းများ တင်ပို့မှုကို အဓိကထား အာရုံစိုက်လာကြသည်။
👍6❤1
ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားသည် အစိုးရက ဦးဆောင်သည့် ပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာများ ကို ကျင့်သုံးခဲ့ကြသည်။ တချိန်တည်းမှာပင် ပြည်တွင်းဈေးကွက်များကို နိုင်ငံခြားပြိုင်ဆိုင်မှုမှ ကာကွယ်ထားခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုသည် ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို အများအားဖြင့် လက်ခံခွင့်ပြုခဲ့သည်။

သို့သော် တရုတ်နိုင်ငံကြောင့် အခြေအနေများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

တရုတ်နိုင်ငံ၏ ကြီးမားလှသော စီးပွားရေးအတိုင်းအတာနှင့် အစိုးရက ထိန်းချုပ်ထားသော ဈေးကွက်စနစ်တို့ကြောင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ မဝင်ရောက်မီကတည်းက တရုတ် နိုင်ငံ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် အစစ်အမှန်မဟုတ်ဘဲ အစိုးရ၏ ဝင်ရောက်ထိန်းချုပ်မှုများ ရှိနေသော စနစ်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့်အတွက် WTO အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံ အဖွဲ့ဝင်ဖြစ်လာချိန်တွင် သာမန်အဖွဲ့ဝင်နိုင်ငံများထက် ပိုမိုတင်းကျပ်သော ကတိကဝတ်များကို လိုက်နာရန် သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုသတ်မှတ်ချက်များသည် တကယ်တမ်း တွင် လုံလောက်မှုမရှိခဲ့ပေ။

WTO တွင် ကုန်သွယ်ရေး နှင့် ပတ်သက်၍ ကာကွယ်ထားသည့် အစီအမံများ ရှိနေခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံ WTO သို့ ဝင်ရောက်လာပြီးနောက် တရုတ်ပို့ကုန်များ အလွန်အမင်း မြင့်တက်လာခဲ့သည်။ ယင်းပို့ကုန်များ၏ ပြင်းထန်စွာ ပြိုင်ဆိုင်ခြင်း ကို ခံလာရခြင်း ကြောင့် အမေရိကန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။



ဆက်လက် တင်ပြပါမည်....

Hla Soewai
👍20❤1
👍15
အကျဉ်းစံ ဆက်ဒမ် ၏ နောက်ဆုံး နေ့ရက်များ (၂)
******

အခန်း (၂)

ဘဂ္ဂဒက်
၂၀၀၆ ခုနှစ်၊ သြဂုတ်လ

ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့တဦးစီကို ၅.၅၆ မီလီမီတာ ကျည်ဆန် အတောင့် ၃၀ ပါ ကျည်အိမ် တခုစီ ထုတ်ပေးခဲ့သည်။ ကွန်မြူနစ် ဟာဗားနားမြို့တွင်ပင် အတော်ဟောင်းနွမ်းနေပြီဟု ထင်ရလောက်သည့် ဒေသတွင်း "ဟဂျီ ဘတ်စ်ကားများ" ဖြင့် သူတို့ နေရမည့် ကွန်တိန်နာ ပုံစံ ကွန်ကရစ် အိမ်ရာတန်းများ ရှိရာ Freedom Village သို့ ခေါ်ဆောင်သွားစဉ်၊ လမ်းတလျှောက် စစ်သည်များသည် မောတာနှင့် ရော့ကက်ဒုံးကျည် များရန် မှ ကာကွယ်ရန် တည်ဆောက်ထားသည့် ဟက်စကို ဟု ခေါ်သည့် ကွန်ကရစ် တုံးကြီးများနှင့် သံဆူးကြိုးတန်း အတားအဆီးများနှင့် ကွန်ကရစ်နံရံများကို သတိထားမိကြသည်။ ထိုသို့ သီးသန့် အကာအကွယ် ပြုလုပ်ထားခြင်းက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ညွှန်ပြနေသဖြင့် ၎င်းတို့ စိတ်ထဲ လေးနက်တည်ငြိမ်လာစေသလို တဖက်တွင်လည်း စိတ်လှုပ်ရှားလာ အောင် လှုံ့ဆော်ပေးသလို ဖြစ်လာခဲ့၏။

အသစ်ရောက်ရှိလာသူများ မသိကြသည်မှာ ဆက်ဒမ် ဟူစိန်ကို ရာထူးမှ ဖယ်ရှားလိုက်ချိန်မှစ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့သော အကြမ်းဖက်မှု များ အရှိန်အဟုန်ကြီးမားစွာ ဖြစ်ပွားလာ နေသည့် ပဋိပက္ခကြီး အတွင်းသို့ တိုးဝင်လာခြင်း ဆိုသည်ပင် ဖြစ်သည်။

ယခုအခါ ၂၀၀၆ ခုနှစ် နွေရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး၊ ဘဂ္ဂဒက်တွင် ဆွန်နီ နှင့် ရှီယား တို့အကြား တိုးပွားလာသော အကြမ်းဖက်မှုများကြောင့် အမေရိကန် တပ်မှူးများမှာ အလွန်စိုးရိမ်ပူပန်လာ သဖြင့် တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကို အရေးပေါ် ထပ်မံစေလွှတ်ခဲ့ရသည်။

ဟတ်ချ် နှင့် အခြားသူများ အီရတ်သို့ မရောက်မီ ရက်ပိုင်းမျှအလိုကပင် ဆွန်နီ အသေခံဗုံးခွဲသမားတဦးသည် နာဂျာဖ် မြို့ရှိ ရှီယား အစ္စလာမ်ဘာသာ၏ အထွတ်အမြတ် ထားရာ နေရာများထဲမှ တခုဖြစ်သော အီမာမ် အလီ ဗလီကျောင်းတော် အပြင်ဘက်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၃၅ ဦး သေဆုံးပြီး ၁၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် စေတနာ့ဝန်ထမ်းများသည် သွေးကွက်များကို ဆေးကြောရန်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို လိုက်လံကောက်ယူရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ကြရသည်။

စိုးရိမ်စရာ ကောင်းလာသည့် လုံခြုံရေး အခြေအနေကို ရင်ဆိုင်ဖို့ကတော့ နောက်မှစဉ်းစားရမည့် ကိစ္စဖြစ်၏။ လောလောဆယ်တွင်မူ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသည့် စစ်သည်သစ်များသာမက ဝါရင့်သူများပါမကျန် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး၊ ယခင် စစ်ပွဲများတုန်းက စိတ်ကူးပင် မယှဉ်နိုင်ခဲ့သည့် သက်တောင့်သက်သာ လူနေမှုပစ္စည်းများကို ရရှိရေးအတွက် အလုအယက် ကြိုးပမ်းနေကြတော့သည်။

ထိုသို့ ပစ္စည်းများကို အပြိုင်အဆိုင် လိုက်လံနေရာယူနေကြသည့် အဖြစ်ကြောင့် တပ်ကြပ် အဒမ် ရိုဂျာဆင် သည် MTV က ပြသသည့် The Real World ရုပ်သံအစီအစဉ်ထဲမှ အခန်းဖော်သစ်များ အကောင်းဆုံး အခန်းကို ရရှိရန် ရူးသွပ်စွာ လုယက်ကြသည့် ပြကွက်များကို သတိရသွားစေခဲ့သည်။

ရိုဂျာဆင်နှင့် သူ၏ တပ်ဖွဲ့ ဝင်များအတွက်မူ အဓိက ပစ်မှတ်မှာ တာဝန်ပြီးဆုံး၍ ပြန်တော့မည့် အမျိုးသား အစောင့်တပ်ဖွဲ့ က ဈေးပေါပေါဖြင့် ပြန် ရောင်း နေသည့် ရေခဲသေတ္တာများနှင့် တီဗီများကို အရယူနိုင်ဖို့ပင် ဖြစ်၏။

မိခင်နိုင်ငံတွင် နေရသည်နှင့် ယှဉ်၍ မရနိုင်သော်လည်း ယခင်က ပိုမို ခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်များ၌ တာဝန်ကျဖူးသူများအဖို့မူ ယခုအခြေအနေသည်ပင် စည်းစိမ်ခံနေရသကဲ့သို့ သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားရပေသည်။ အဖွဲ့ဝင်များသည်လည်း သူတို့၏ ပထမဆုံး သီတင်းပတ်ကို ထိုသို့ပင် စတင်ဖြတ်သန်းခဲ့ကြသည်။

ထို သီတင်းပတ် အတွင်းမှာပင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် အမျိုးသား အစောင့်တပ် တပ်ဖွဲ့ဝင်များထံမှ လုပ်ငန်းခွင်အတွေ့အကြုံ သင်ယူလေ့လာရင်း ကုန်လွန်ရမည်ဖြစ်သည်။ ထိုသို့ တာဝန်လွှဲပြောင်းသည့်ကာလများသည် အမြဲလိုလို အနည်းငယ် ကသိကအောက် နိုင်လှသည်။ အကြောင်းမှာ မကြာမီ ပြန်တော့မည့် စစ်သည်များမှာ မောပန်းနွမ်းနယ်နေကြပြီး၊ ငြီးငွေ့စပြုလာကြပြီး အိမ်ပြန်ချင်စိတ်များ ကြီးစိုး နေချိန်တွင် အသစ်ရောက်ရှိလာသည့် တပ်ဖွဲ့များကမူ တက်ကြွနေကြသောကြောင့် ဖြစ်သည်။ သီးသန့် လေ့ကျင့်ထားသည်များကို လက်တွေ့အသုံးချရန် စိတ်အား ထက်သန် နေကြသည့် ငယ်ရွယ်သော စစ်သည်များတွင် ပို၍ထင်ရှားသည်။

ကမ်းဘဲလ်စစ် စခန်းမှ ရောက်ရှိလာသော စစ်သည်များကို ပေး သော တာဝန် များမှာ မတူ ကွဲပြား နေသည်။ အချို့မှာ သူတို့ လေ့ကျင့်ထားသည့် တာဝန်များနှင့် ဆင်တူသော်လည်း၊ အချို့မှာမူ မလွှဲသာ၍ အခြေအနေအရ ပေးခဲ့ရသည့် တာဝန်များဖြစ်သည်။

အကြောင်းမှာ သူတို့သည် အမေရိကန် တပ်မတော်၏ သမိုင်းဝင် အမှတ် (၁၀၁) လေကြောင်းချီ တပ်မကြီး တွင် ပါဝင်ပြီး ကောင်းစွာ လေ့ကျင့်ထားသည့် တိုက်ခိုက်ရေးတွင်ကူညီပံ့ပိုးရမည့် တပ်ဖွဲ့ဖြစ်သောကြောင့်ပင်။ ၂၁ ရာစု အမေရိကန် တပ်မတော်သည် နည်းလမ်းများစွာဖြင့် မျိုးနွယ်စုသဖွယ် ဖွဲ့စည်းပုံမျိုး ရှိနေဆဲဖြစ်ရာ၊ ထိုအဆင့်ဆင့်သော အဆင့်အတန်းများထဲတွင် အမှတ် (၁၀၁) တပ်မကြီးကို "squared away" ဟု သတ်မှတ်ကြသည် (စစ်တပ်သုံး စကားအရ "တာဝန်ကို ကျေပြွန်စွာ ထမ်းရွက်နိုင် သော ပရော် ဖက်ရှင်နယ် စစ်သားများ
❤7👍6
ဖြစ်သည်" ဟု အဓိပ္ပာယ်ရသည်)။

"ကျွန်တော်တို့ တပ်စိတ်ဟာ ကိုယ့် တာဝန်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်" ဟု အာဒမ် ရော့ဂျာဆန် က နောက်ပိုင်းတွင် ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ "ကျွန်တော်တို့ ကို တင်းတင်းကြပ်ကြပ် လေ့ကျင့် ပေး ခဲ့ကြတယ်၊ အချက် ကိုးချက်ပါ ဒဏ်ရာရလူနာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အခေါ် အဝေါ် တွေကို သင်ယူခဲ့ရတယ်၊ တယောက်နဲ့တယောက် သွေးကြောထဲ ပိုက်ထိုးသွင်းနည်းတွေ လေ့ကျင့်ခဲ့ကြသလို ၁၂ မိုင်ခွဲခရီး ကျောပိုးအိတ် ကြီး တွေလွယ် ပြီး အမြန်ချီတက်ရတာမျိုး အကြိမ် ပေါင်းများစွာ လုပ်ခဲ့ကြတာပါ။"

ထိုအရာများသည် ရော့ဂျာဆန်အတွက်သာမကဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသည့်သော တပ်ဖွဲ့များတွင် တွေ့ရလေ့ရှိသော ကြွားဝါချင် စရာ ဖြစ် သော်လည်း တပ်စိတ် တစိတ် လုံးအတွက်လည်း အကယ်ပင် အရေးပါသော အချက်များဖြစ်ကြသည်။

*******

အခန်း (၃)

ဘဂ္ဂဒက် — ၂၀၀၆ ခုနှစ် နွေရာသီ

စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် (MPs) ၁၂ ဦးမှာ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့ကြသည့် နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ဝင်များနှင့် အီရတ် သူပုန်များကိုပါ ကုသပေးနေကြသည့် အမေရိကန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရုံးထိုင်ရာ ဆေးရုံတွင် လုံခြုံရေးတာဝန်ယူခဲ့ရသည်။ ဘဂ္ဂဒဒက်မြို့၏ အစိမ်းရောင်ဇုန် အတွင်း တည်ရှိသော ထိုဆေးရုံမှာ မှိုင်းညှို့၍ စက်ဆုပ်ဖွယ်ကောင်းသောနေရာတခု ဖြစ်သည်။

ဆရာဝန်များသည် ဒဏ်ရာ ပြင်းထန်စွာ ရလာသူများကြားတွင် အဆက်မပြတ် ရုန်းကန်နေကြရပြီး ကြမ်းပြင်ပေါ်တွင် သွေးများ စုပုံနေတတ်ကာ ယင်ကောင်များ တဝီဝီ နှင့် ပျက်စီးယိုယွင်းနေသော အဆောက်အအုံကြီးတခုထဲတွင် အသက်များကို ကယ်တင်ရန် နာရီပေါင်းများစွာ မနားတမ်း လုပ်ကိုင်နေကြရသည်။

သူပုန်ဟု သံသယ ရှိသူ အချို့အား ဆေးကုသမှုခံယူစဉ်အတွင်း ၎င်းတို့၏ ကုတင်များတွင် လက်ထိပ်ခတ်ထားရသည်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုများအပြီးတွင် ဟတ်ချ်ဆန် ကဲ့သို့ပင် စစ်ထဲဝင်ရန် စိတ် ဆန္ဒ ပြင်းပြနေခဲ့သူ ခရစ် တာစကာ မှာ တကြိမ်တွင် လည်ပင်း၌ ကျည်ထိမှန်ကာ လူနာတင်စောင်ပေါ်တွင် ရုန်းကန်လှုပ်ရှားနေသော သံသယရှိ သူပုန်တဦးကို ထိန်းချုပ်ဖိကိုင်ထားခဲ့ရဖူးသည်။

ထိုသူ၏ ယုံကြည်ကိုးကွယ်မှု သို့မဟုတ် မည်သည့်ဘက်တော်သားဖြစ်သည်ကို ဂရုမစိုက်ဘဲ ဆရာဝန်များသည် ဆုတ်ပြဲနေသော အသားများကို ဆွဲလှန်ကာ သွေးထွက်လွန်နေသည့် ဒဏ်ရာကို ကုသပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။

အချို့ရက်များတွင် တပ်ဖွဲ့သည် ဆေးရုံမှ ပင် မ ထွက်နိုင်ခဲ့ကြပေ။ သူတို့အား ဤနိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ်ရန် လာခဲ့ကြသည်ဟု ထင်မှတ်ထားကာ ခုခံ တွန်းလှန် နေကြသူများ ၏ ဒဏ်ရာ များကို သူနာပြုများနှင့်အတူ ပတ်တီး များ လဲလှယ်စည်း နှောင်ပေးရင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ တပ်ဖွဲ့ဝင်အများစုမှာ "လူဆိုးများကို ကလေးထိန်းပေးနေရသလို" ဖြစ်နေသည့်အတွက် စိတ်ပျက်ခဲ့ကြရသည်။ အချို့မှာ ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသော်လည်း ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် ကြိုးစား ပေးနေကြသော အမေရိကန်စစ်သားများကို တံတွေးနှင့်ပင် ထွေးနေကြဆဲဖြစ်သည်။

နောင်တွင် ထိုအတွေ့အကြုံကို ပြန်လည်တွေးတောရင်း ရော်ဂျာဆန် က "သူတို့ကလည်း ကျွန်‌ တော် တို့ကို မကြိုက်ဘူး၊ ကျွန် နော် တို့ကလည်း သူတို့ကို မကြိုက်ဘူး၊ ဒါပေမဲ့ သူတို့ကလည်း ကျွန်တော် တို့ကို နေ့တိုင်း မြင်နေရသလို၊ ကျွန်တော် တို့ကလည်း သူတို့ကို နေ့တိုင်း မြင်နေခဲ့ရတယ်" ဟု ပြောခဲ့သည်။

တပ်ဖွဲ့သည် ယာဉ်တန်း ဘေး မှ ခြံရံလိုက်ပါရသည့် သမားရိုးကျ တာဝန်များကို ရရှိသွားခဲ့ရာ အနည်းဆုံးတော့ ဆေးရုံပြင်ပသို့ ထွက်ခွင့်ရရှိခဲ့ပြီး အီရတ်တွင် သူတို့ပြုလုပ်ရန် စိတ်ကူးထားခဲ့သည့် တာဝန်မျိုးနှင့် ပိုမိုနီးစပ်သွားခဲ့သည်။ စစ်စခန်း၏ လုံခြုံသော ပရိဝုဏ်ပြင်ပသို့ ကင်းလှည့်ထွက်ခြင်းကို စစ်သားများက "သံဆူးကြိုးခတ်စည်းရိုးပြင်ပသို့ ထွက်ခြင်း" ဟု ခေါ်ဆိုကြပြီး၊ ထိုသို့ ထွက်ခွာသည့် ခရီးစဉ်တိုင်းတွင် စွန့်စားရမှု အနည်းနှင့် အများ ဆိုသလို အမြဲပါဝင်လေ့ရှိသည်။

ထိုစွန့်စားရမှုကို အတွေ့အကြုံနည်းပါးပြီး တက်ကြွနေသည့် စစ်သားအချို့က ကြိုဆိုခဲ့ကြသော်လည်း စပယ်ရှယ်လစ် အာ့တ် ပားကင်းစ် ကမူ ထိုအထဲတွင် မပါဝင်ခဲ့ပေ။

အသက် ၃၀ အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော ပားကင်းစ်သည် စစ်တပ်မှ ထွက်ခဲ့ဖူးပြီး ဂျာမနီတွင် တာဝန်ကျစဉ်က တွေ့ဆုံခဲ့သော အမျိုးသမီးတဦးနှင့် အိမ်ထောင်ပြုခဲ့သူ ဖြစ်သည်။ သို့သော် နှစ်အတော်ကြာပြီးနောက်တွင် စစ်တပ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သူ ဖြစ်သည်။

မျက်မှန်တပ်ထားပြီး ဗဟုသုတကြွယ်ဝသူလည်းဖြစ်သည်။ ရော်ဂျာဆန်သည် သူ့ကို ကြည့်၍ လူရွှင်တော်သရုပ်ဆောင်အဖြစ်မှ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဖြစ်လာခဲ့သည့် ဘင် စတိန်းကို မျက်စိထဲ ပြေးမြင်မိသည်။ ပါကင်စ်တွင်လည်း ဘင်စတိန်းလို ပင် ထူးခြားသော ခြောက်ကပ်ကပ် ဟာသဉာဏ်နှင့် စိတ်တိုလွယ်ပြီး ငြီးငွေ့တတ်သည့် အမူအကျင့်မျိုး ရှိသည်။

သူသည် မဆိုင်သည့် ဗဟုသုတ များကို အမြဲလိုလို ပြောပြတတ်သဖြင့် စစ်သားအချို့က ဖျော်ရည်ပုလင်းအဖုံးအတွင်းဘက်တွင် ပါရှိတတ်သော ဉာဏ်စမ်းမေးခွန်းများကို အစွဲပြု၍ သူ့ကို “Snapple” ဟု နာမည်ပြောင် တွင်ခဲ့သည်။
👍13
ဟတ်ချ် အတွက်မူ “အသက်ကြီးကြီး ပာကင်စ်” သည် “မအောင်မြင်ခဲ့သော ပါမောက္ခ အို ကြီးတဦးကဲ့သို့ တွိဒ်အင်္ကျီမျိုး ဝတ်ထားပြီး အထွေထွေဗဟုသုတတွေ အများကြီး သိထားသူ” တဦးနှင့် တူနေသည်။ သူ၏ သဘောထားနှင့် အမူအကျင့်များသည် စစ်တပ်က တပ်သားသစ်များကို သွတ်သွင်းပေးလေ့ရှိသည့် “ဟူးအာ (hooah)” ဆိုသော စိတ်ဓာတ်တက်ကြွမှုမျိုးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။

တရက်တွင် ၎င်းတို့ တပ်စုကို အမေရိကန်သံရုံးသို့ ဦးတည်သွားမည့် ယာဉ်တန်းတခုအတွက် လုံခြုံရေးတာဝန်ပေးအပ်ခဲ့သည်။ ထိုတာဝန်ကို စစ်သားအများစုက ဝမ်းသာကြသည်။ အကြောင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ စားသောက်ဆိုင်တွင် စားသောက်ခွင့်ရနိုင်မည့် အခွင့်အရေး ရှိသောကြောင့် ဖြစ်သည်။

သူတို့၏ ယာဉ်တန်းသည် ဘဂ္ဂဒက်မြို့၏ မကြာခဏ ဆိုသလို ကြုံရတတ်သည့် ရှုပ်ထွေးပွေလီလှသော လမ်းများအတိုင်း ကွေ့ကောက်မောင်းနှင်သွားနေစဉ် ရော်ဂျာဆန်သည် Humvee စစ်ယာဉ်၏ အပေါ်ဘက်သေနတ်တပ်ဆင်ရာနေရာ တွင် မတ်တတ်ရပ်ကာ ပွိုင့် 240 စက်သေနတ်ကို ချိန်ကာ သတိနှင့် လိုက်ပါလာခဲ့သည်။

သူသည် တတ်နိုင်သမျှ မျက်စိရှင်ရှင်ထားကာ လမ်းဘေးတွင် ထောင်ထားနိုင်သည့် ဗုံးများ ရှိမရှိ မျက်စိတစ်ဆုံး စူးစမ်းရှာဖွေ နေသည်။ အီရတ်ယာဉ်အသွားအလာများကိုလည်း လမ်းဘေးသို့ ဖယ်ပေးရန် လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေရသည်။ ထို့အပြင် ပြင်းထန်လှသော နေပူဒဏ်ကိုလည်း ခံနေရသည်။

သံရုံးဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားပြီး ကျည်ကာ ချပ်ဝတ်များကို ချွတ်ပစ်လိုက်ရသည့်အခါ ရရှိလာမည့် သက်သာရာရမှုကို သာ မျှော်လင့်တောင့်တနေခဲ့သည်။ နာရီပေါင်းများစွာ မဖြစ်မနေ အားစိုက်ထားရမှုကြောင့် ရောင်ရမ်းတောင့်တင်းနေသည့် ကျောပြင်ကြွက်သားများ ပြေလျော့သွားမည့် အဖြစ်ကို လည်း သူ စိတ်ကူးကြည့်နေမိ၏။

သံရုံးသို့ ရောက်ရှိသောအခါ ရေကူးကန်ထဲမှ အတင်းဆွဲထုတ်ခြင်း ခံလာရသကဲ့သို့ ချွေးများ ဖြင့် ရွှဲရွှဲစို နေသော အင်္ကျီများနှင့်အတူ စစ်သည်များသည် ဟမ်းဗီး စစ်ကားများပေါ်မှ ဆင်းကာ စခန်းစည်းရိုးအပြင်ဘက်တွင် မဖြစ်မနေ ဝတ်ဆင်ထားရသည့် အသက်ရှူရကျပ်လှသော ကျည်ကာ ဝတ်စုံများကို အမြန်ပင် ချွတ်ပစ်လိုက်ကြသည်။ အထဲတွင်စောင့်ကြိုနေမည့် အစားအစာများနှင့် အေးစက်နေသော ဂက်တာရိတ် အချိုရည်များကို စိတ်ကူးထဲ ပုံဖော်ကြည့်ပြီး အားလုံး၏ ပါးစပ်ဖျားတွင် သွားရည်ယိုလာကြတော့၏။

ထိုအထဲတွင် ဟကင်းစ် တော့ မပါပေ။ သူသည် ကားပေါ်မှ ဆင်းရန် ငြင်းဆန်နေခဲ့သည်။ သူသည် လုံခြုံရေးစိတ်ချရသော အစိမ်းရောင် ဇုံ နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်၍ ကားပေါ်တွင် ကျန်ရစ်ခဲ့ရန် မလိုအပ် တော့။ စစ်သည်များမှာ ဝေခွဲမရဖြစ်သွားကြပြီး ဟကင်းစ်အား သူတို့နှင့်အတူ ဘာကြောင့် မပါလာသနည်းဟု မေးမြန်းကြ၏။
ထိုစဉ် ရောဂျာဆန်က ဟကင်းစ်၏ ယူနီဖောင်းအင်္ကျီသည် သူတို့လိုပင် စိုရွှဲနေရုံသာမက— သူ၏ ပေါင်ကြားတစ်ဝိုက်ရှိ နေရာအတော်များများပါ ရွှဲရွှဲစိုနေသည်ကို သတိပြုမိလိုက်သည်။

ပကင်းစ် သည် ဆီး များ ထွက်ကျသွားခဲ့ သော ကြောင့်ပင် ဖြစ်သည်။
❤15👍7
👍4
ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၆၄)
(Clash of World Views)


တနိုင်ငံတည်း ကြီစိုးလွှမ်းမိုးထားသည့်ခေတ် ကုန်ဆုံးခြင်း — ခေတ်သစ်တစ်ခု၏ အရုဏ်ဦး (၃)

၂။ နည်းပညာပိုင်း ယှဉ်ပြိုင်မှု

ပဋိပက္ခသည် မကြာမီတွင် ကုန်သွယ်ရေးနယ်ပယ်ကို ကျော်လွန်၍ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်က တရုတ်နည်းပညာကုမ္ပဏီ Huawei အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် နည်းပညာဆိုင်ရာ စစ်အေးတိုက်ပွဲ စတင်လာခြင်း၏ လက္ခဏာ ဖြစ်လာခဲ့သည်။

ဝါရှင်တန်အစိုးရက Huawei သည် အချက်အလက်များကို ခိုးယူခြင်းနှင့် ဘီဂျင်း အစိုးရနှင့် ဆက်နွှယ်မှုရှိခြင်းတို့ကြောင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း စွပ်စွဲကာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံကမူ ယင်းလုပ်ရပ်သည် တပိုင်းလျှပ်ကူးပစ္စည်း Semiconductors နှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ဟန့်တားပိတ်ပင်ရန် ကြိုးပမ်းမှုတရပ်ဖြစ်သည်ဟု ရှုတ်ချခဲ့သည်။

ထိုသို့ အငြင်းပွားမှုသည် မကြာမီတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) နှင့် အခြားအဆင့်မြင့်နည်းပညာကဏ္ဍများအထိပါ လျင်မြန်စွာ ကျယ်ပြန့်သွားခဲ့သည်။

အမေရိကန်သည် တရုတ်နိုင်ငံကို ဖယ်ထုတ်ထားပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်များ (Global Supply Chains) ကို ပြန်လည်ဖွဲ့စည်းရန် စတင်ကြိုးပမ်းခဲ့သည်။ ထို့အပြင် ဘီဂျင်း၏ နည်းပညာဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ဟန့်တားနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးမဟာမိတ်အဖွဲ့များကိုလည်း ဖွဲ့စည်းလာခဲ့သည်။

အဘယ်သို့များ တရုတ်နိုင်ငံကို ထိုသို့ အလွယ်တကူ ထိန်းချုပ်ကန့်သတ်၍ ရနိုင် ပေမည်နည်း။ ကာလရှည်ကြာစွာ အနောက်နိုင်ငံများ၏ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် ကုန်ကျစရိတ်သက်သာသော ကန်ထရိုက်ထုတ်လုပ်သူနိုင်ငံ၊ တနည်းအားဖြင့် “ကမ္ဘာ့စက်ရုံ” အဖြစ် လူသိများခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ၎င်း၏ စက်မှုလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍနှင့် အမျိုးသားစီးပွားရေးလက္ခဏာကို စတင်ပြောင်းလဲလာခဲ့သည်။

ထိုနှစ်တွင် သမ္မတ ရှီကျင့်ဖျင်က မိမိကိုယ်ပိုင် လွတ်လပ်စွာ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိရေးသည် နိုင်ငံတော်အတွက် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် မဟာဗျူဟာဦးစားပေးလုပ်ငန်းတရပ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နှစ်နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် “Made in China 2025” ဟူသော စီမံကိန်းကို စတင်မိတ်ဆက်ခဲ့သည်။ ယင်းစီမံကိန်းတွင် မျိုးဆက်သစ် သတင်းအချက်အလက်နည်းပညာ မှသည် စက်ရုပ်နည်းပညာ အထိ အဓိကကျသော စက်မှုလုပ်ငန်းကဏ္ဍ ၁၀ ခု၌ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ရည်မှန်းချက်ကြီးမားသော စီမံကိန်း များကို ချမှတ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် အလွန်ထူးခြားပြောင်မြောက်လှသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် သုံးစွဲသည့် ငွေပမာဏသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၃.၁ ဘီလီယံသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့သည်။

ကမ္ဘာ့အဆင့်မြင့်နည်းပညာသုံး ကုန်ပစ္စည်းတင်ပို့မှု တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုအချိုးသည်လည်း ၂၀၁၈ ခုနှစ်တွင် ၃၁.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယနေ့တွင် ၄၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့သည်။

သမိုင်းတလျှောက် အင်အားကြီးနိုင်ငံများသည် မိမိတို့ခေတ်ကာလကို ပုံဖော်သတ်မှတ်ပေးမည့် နည်းပညာတော်လှန်ပြောင်းလဲမှုများကို ဦးဆောင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့အပေါ် ၎င်းတို့၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခိုင်မာအောင် တည်ဆောက်ခဲ့ကြသည်။ သဘာဝစွမ်းအင်အရင်းအမြစ်များကို အသုံးချနိုင်ခြင်းမှသည် ရေနွေးငွေ့စွမ်းအင်၊ အတွင်းလောင်ကျွမ်းအင်ဂျင် နှင့် လျှပ်စစ်စွမ်းအင်တို့အထိ နည်းပညာတိုးတက်ပြောင်းလဲမှုများကို ဦးဆောင်နိုင်ခဲ့ခြင်းသည် ထိုအင်အားကြီးနိုင်ငံများ၏ အာဏာလွှမ်းမိုးမှုကို အ‌ ထောက်အကူ ပေးခဲ့သည်။

ဤသို့ နည်းပညာဆိုင်ရာ အသာစီးရမှုနှင့် လွှမ်းမိုးနိုင်စွမ်းကို အချိန်ကာလရှည်ကြာစွာ ပိုင်ဆိုင်ထားခဲ့သည့် နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။

ယနေ့ခေတ်တွင် စတုတ္ထမြောက် စက်မှုတော်လှန်ရေး စတင်ဖြစ်ပေါ်တိုးတက်လာသည်နှင့်အမျှ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဒေတာအမြောက်အမြား စီမံခန့်ခွဲမှုနည်းပညာ (Big Data)၊ အရာဝတ္ထုများ အင်တာနက်ကွန်ရက် (Internet of Things – IoT)၊ ဇီဝနည်းပညာ (Biotechnology)၊ ကွမ်တမ်ကွန်ပျူတာနည်းပညာ (Quantum Computing)၊ အာကာသနည်းပညာ (Space Technology) နှင့် စက်ရုပ်နည်းပညာ (Robotics) ကဲ့သို့သော ပေါ်ထွန်းလာသည့် နည်းပညာအသစ်များသည် ကမ္ဘာ့အင်အားချိန်ခွင်လျှာနှင့် အာဏာလွှမ်းမိုးမှုဆိုင်ရာ ဖွဲ့စည်းပုံများကို ပြောင်းလဲပုံဖော်လျက်ရှိသည်။

တရုတ်နိုင်ငံသည် ယခင်ကတည်းက စက်မှုဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်ခဲ့ကြသည့် အင်အားကြီးနိုင်ငံဟောင်းများကို ခုန်ပျံ ကျော်တက်၍ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ရောက်ရှိနိုင်မည့် ထူးခြားသော အနေအထားတရပ်တွင် ရှိနေသည်။
👍9
Wandao Chaoche” ဆိုသည်က အဓိပ္ပာယ်အားဖြင့် “အကွေ့တွင် ကျော်တက်ခြင်း” ဟူသော မဟာဗျူဟာ ဖြစ်သည်။ နည်းပညာနှင့် စက်မှုလုပ်ငန်းများတွင် အပြောင်းအလဲကြီးများ ဖြစ်ပေါ်လာသည့် အချိန်ကို အခွင့်ကောင်းယူ၍ ယခင်ကတည်းက တည်ရှိနေသော အဆင့်အတန်းနှင့် အသာစီးရမှုများကို ကျော်လွှားကာ ရှေ့သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်သည်။

လျှပ်စစ်ကား ကဏ္ဍသည် ယင်းမဟာဗျူဟာ၏ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်သည်။ အတွင်းလောင်ကျွမ်းအင်ဂျင်သုံး အိုင်စီ မော်တော်ယာဉ်များ သည် ခေတ်နောက်ကျလာပြီး အနာဂတ်တွင် အသုံးပြုမှု လျော့နည်းလာမည့် အခြေအနေတွင် တရုတ်နိုင်ငံသည် လျှပ်စစ်ကားထုတ်လုပ်မှုနှင့် ဘက်ထရီနည်းပညာ ဆန်းသစ်တီထွင်မှု နှစ်ရပ်စလုံး၌ လျင်မြန်စွာ ဦးဆောင်မှုရရှိလာခဲ့သည်။

Tesla ကုမ္ပဏီမှအပ နိုင်ငံခြားမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ အနည်းငယ်သာ တရုတ်နိုင်ငံ၏ ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

စစ်အင်အား ပိုင်းတွင်လည်း ပြောင်းလဲလာလျက်ရှိသည်။ အသံထက်မြန်သော ဒုံးကျည်များ နှင့် ဒရုန်းများကို အသုံးပြုသည့် စစ်ဆင်ရေးနည်းဗျူဟာများ သည် အမေရိကန်ရေတပ်၏ ရေကြောင်းစစ်ရေးအသာစီးရမှုကို တဖြည်းဖြည်း လျော့ပါးစေလျက်ရှိပြီး အမေရိကန်၏ ရေကြောင်းလွှမ်းမိုးမှုကို အဓိကပံ့ပိုးပေးနေသည့် လေယာဉ်တင်သင်္ဘောများ၏ စစ်ရေးထိရောက်မှုကိုပါ စိန်ခေါ်လာလျက်ရှိသည်။

တရုတ်နိုင်ငံသည် ကာကွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန်အဟုန်ဖြင့် ရှေ့သို့ ချီတက်လာသည်နှင့်အမျှ အမေရိကန်၏ စစ်ရေးအင်အားကြီးစိုးမှုကို အစဉ်အလာအရ အခြေခံပံ့ပိုးပေးခဲ့သည့် အုတ်မြစ်များသည်လည်း ဖိအားများ တိုးမြင့်လာမှုနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား နည်းပညာယှဉ်ပြိုင်မှုအပြင် နိုင်ငံတကာဩဇာအာဏာ ချိန်ခွင်လျှာ ပြန်လည်ပြောင်းလဲဖွဲ့စည်းလာမှု၏ အနာဂတ်သည်လည်း အသစ်ပေါ်ထွက်လာသော ဆန်းသစ်တီထွင်မှုနည်းပညာများကို မည်သည့်နိုင်ငံက ပိုမိုကျွမ်းကျင်စွာ တီထွင်အသုံးချနိုင်မည်ဆိုသည့် အချက်အပေါ် မူတည်နေမည်ဖြစ်သည်။

အဆိုပါ နည်းပညာအသစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်မှုသည် အနာဂတ်ကာလ၏ စီးပွားရေး၊ စစ်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဦးဆောင်လွှမ်းမိုးနိုင်စွမ်းကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

၃။ အလယ်အလတ်အင်အားရှိ နိုင်ငံများ၏ မဟာဗျူဟာဆိုင်ရာ ပြန်လည်ချိန်ညှိလာမှု

လွန်ခဲ့သော ဆယ်စုနှစ်သုံးစုအတွင်း မြောက်ကိုရီးယား၊ အီရန်နှင့် ဆီးရီးယားကဲ့သို့သော လစ်ဘရယ်နိုင်ငံတကာစနစ် မှ သီးခြားကင်းကွာနေသည့် နိုင်ငံများမှအပ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးသည် အမေရိကန်၏ ဦးဆောင်မှုကို လက်ခံရန် မလွှဲမရှောင်သာ ဖိအားပေးခံခဲ့ကြရသည်။

နိုင်ငံအများအပြားက အမေရိကန်၏ ဦးဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလိုက်နာခဲ့ကြခြင်းမှာ ကမ္ဘာ့ရေးရာအစီအစဉ်များနှင့် နိုင်ငံတကာမူဝါဒ ဦးတည်ချက်များကို ပုံဖော်သတ်မှတ်နိုင်သည့် အမေရိကန်၏ ပြိုင်ဘက်ကင်းသော စွမ်းရည်ကြောင့် ဖြစ်သည်။

သို့သော် အမေရိကန်၏ ကမ္ဘာ့လွှမ်းမိုးမှု အင်အားသည် တဖြည်းဖြည်း လျော့နည်းလာပြီး အခြားသော အင်အားဗဟိုချက်အသစ်များ ပေါ်ထွက်လာသည်နှင့်အမျှ ယခင်က ကျယ်ကျယ်ပြန့်ပြန့် တည်ရှိခဲ့သော အမေရိကန်၏ ဦးဆောင်မှုကို လက်ခံလိုက်နာသည့် သဘောတူညီမှုတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည်။

တရုတ်နိုင်ငံ၏ အင်အားနှင့် ဩဇာအာဏာ မြင့်တက်လာခြင်းသည် နိုင်ငံများအား မိမိတို့၏ နိုင်ငံတကာမဟာမိတ်ဆက်ဆံရေးများကို ပိုမိုကွဲပြားစွာ တည်ဆောက်လာစေရန်နှင့် ဝါရှင်တန်အပေါ် မှီခိုနေရမှုကို လျှော့ချလာစေရန် တွန်းအားပေးလျက်ရှိသည်။


ဘီဂျင်း သည် မိမိကိုယ်ကို အမေရိကန်အစား ရွေးချယ်နိုင်မှု အဖြစ် ပြန်လည်ပုံဖော်တည်ဆောက်လာသည်နှင့်အမျှ နိုင်ငံများသည် “Strategic Hedging” (မဟာဗျူဟာအရ အန္တရာယ်ကို ကြိုတင်ကာကွယ်ချိန်ညှိခြင်း) ကို ပိုမိုလွတ်လပ်စွာ ကျင့်သုံးနိုင်လာပြီး မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို အမြင့်ဆုံးအထိ ရရှိအောင် ကြိုးပမ်းနိုင်သည့် အခွင့်အလမ်း ပိုမိုကျယ်ပြန့်လာသည်။

အာဏာရှင်အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေသော နိုင်ငံများစွာအတွက်မူ တရုတ်နိုင်ငံသည် အထူးသဖြင့် ဆွဲဆောင်မှုရှိသော မိတ်ဖက်နိုင်ငံတနိုင်ငံ ဖြစ်လာသည်။

အမေရိကန်သည် အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဒီမိုကရေစီစံနှုန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းရှိသော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ သည် အခြားနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးအုပ်ချုပ်မှုအပေါ် ပြင်ပဖိအားများမှ ကာကွယ်ပေးနိုင်မှု အဖြစ် ဆွဲဆောင်မှု ရှိလာခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ဤသို့သော အပြောင်းအလဲ၏ ထင်ရှားသော ဥပမာတရပ်ဖြစ်သည်။ တချိန်က အမေရိကန်ဦးဆောင်သော ရေနံဒေါ်လာစနစ် ၏ အဓိကအုတ်မြစ်တခုဖြစ်ခဲ့သည့် ရီယာဒ်အစိုးရသည် ဘီဂျင်း နှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာအောင် တည်ဆောက်လာခဲ့သည်။ အထူးသဖြင့် ဘိုင်ဒင်အစိုးရလက်ထက်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ဝါရှင်တန်နှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နှင့် ဆက်ဆံရေး
👍9
ပိုမိုတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။

တချိန်တည်းမှာပင် တရုတ်၊ ရုရှားနှင့် ဘရာဇီးနိုင်ငံတို့ အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသော SWIFT နိုင်ငံတကာငွေပေးချေမှုစနစ်အတွက် အခြားရွေးချယ်စရာစနစ်များကို ဖော်ဆောင်မြှင့်တင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငွေကြေးလွှဲပြောင်းမှုများတွင် အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကိုလည်း လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။

ဤဖြစ်ပေါ်တိုးတက်မှုများသည် ပိုမိုနက်ရှိုင်းသော အပြောင်းအလဲတရပ်ကို ထင်ဟပ်ပြသနေသည်။ ယင်းမှာ ကမ္ဘာ့ရေးရာများအပေါ် အမေရိကန်၏ အသာစီးရလွှမ်းမိုးမှု တဖြည်းဖြည်းနှင့် မှန်မှန် လျော့ပါးလာခြင်းပင် ဖြစ်သည်။ ဝါရှင်တန်သည် ကမ္ဘာ့စနစ်တခုလုံးအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းကို ယခုတိုင် ထိန်းသိမ်းထားဆဲဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ဆွဲငင်အားက နိုင်ငံတကာ မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံများ၏ ရပ်တည်ချက်များကို ပြန်လည်ပုံဖော်လျက်ရှိသည်။

ကမ္ဘာကြီးသည် အနာဂတ်ကမ္ဘာ့အစီအစဉ် မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ် ယှဉ်ပြိုင်မှု ကြာရှည်စွာဖြစ်ပွားမည့် ကာလတခုသို့ ဝင်ရောက်လာနေပြီဖြစ်သည်။ ထိုကာလ၏ ထူးခြားချက်မှာ အမေရိကန်တနိုင်ငံတည်းက အသာစီးရထားသည့် ကမ္ဘာမျိုး မဟုတ်တော့ဘဲ မဟာဗျူဟာဆိုင်ရာ အခြေအနေများ အမြဲပြောင်းလဲနေခြင်းနှင့် အင်အားကြီးနိုင်ငံအများအပြားအကြား ဘက်ပေါင်းစုံ အားပြိုင်မှုတို့ ထွက်ပေါ် လာခြင်းပင် ဖြစ်သည်။


ဆက်လက် တင်ပြပါမည်....

Hla Soewai
👍26
👍9❤1
မြန်မာနိုင်ငံအပေါ် ICJ ရဲ့ အပြီးသတ်စီရင်ချက်နှင့် နောက်ဆက်တွဲနိုင်ငံရေး အလှည့်အပြောင်းများ
******

မြန်မာနိုင်ငံက ဂျီနီဗာကွန်ဗင်ရှင်း (လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်) ကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့်အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်တော့မည် ဖြစ်သည်။

ICJ တရားရုံးသည် အမှု၏ အဓိကအချက်အလက်များနှင့် ပတ်သက်၍ ရိုဟင်ဂျာသက်သေများ၏ တံခါးပိတ်ထွက်ဆိုချက်များ အပါအဝင် နှစ်ဖက်လျှောက်လဲချက်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ သုံးပတ်ကြာ အပြီးသတ် ကြားနာစစ်ဆေးခဲ့ပြီး ဖြစ်သည်။

ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲသည့် ရာဇဝတ်မှုမျိုး မဟုတ်ဘဲ၊ လူမျိုးတုံးသတ်ဖြတ်မှုအတွက် "မြန်မာနိုင်ငံတော်" တွင် နိုင်ငံတော်အဆင့် ဥပဒေကြောင်းအရ တာဝန်ရှိမှု ရှိ၊ မရှိကို အပြီးသတ် ဆုံးဖြတ်မည့်အမှု ဖြစ်သည်။ ဤစီရင်ချက်သည် အပြီးသတ်ဖြစ်ပြီး မည်သို့မျှ အယူခံဝင်ခွင့် မရှိဘဲ အမှုလုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။

ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့ဖြစ်သော ICJ မှ တရားသူကြီး ၁၅ ဦးပါဝင်သည့် ခုံရုံးသည် နိုဝင်ဘာလ ၁၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲ (GMT 08:00) တွင် သည်ဟိဂ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ စီရင်ချက်ကို စတင်ဖတ်ကြားမည် ဖြစ်သည်။

ဤဖြစ်ရပ်သည် မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင်များ၏ မဆင်မခြင် ရမ်းကားခဲ့မှုများကြောင့် ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံကို ကမ္ဘာ့သမိုင်းတွင် "နိုင်ငံတော်အဆင့် ခွင့်ပြုချက်ဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်နိုင်ငံ" အဖြစ် မှတ်တမ်းဆိုး အကျန်ရစ်စေခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဖြစ်နေသည့်ကြားမှပင် မိုက်ရူးရဲဆန်စွာ အာဏာထပ်သိမ်းခဲ့သဖြင့် တစ်နိုင်ငံလုံး ဒုက္ခပင်လယ်ဝေကာ လူပေါင်းသိန်းချီ သေဆုံးခဲ့ရပြီး ဖြစ်သလို ဆက်လက်၍လည်း အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရဆဲ ဖြစ်သည်။

ဤ ICJ စီရင်ချက် ထွက်ပေါ်လာပြီးနောက်တွင် မင်းအောင်လှိုင်နှင့်အဖွဲ့ကို တရားစွဲဆိုမည့် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်တရားရုံးကမျှ ၎င်းတို့တွင် အပြစ်မရှိဟု ဆုံးဖြတ်ကြတော့မည်မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်ကြောင်း ပိုမိုထင်ရှား ပေါ်လွင်သွားစေမည် ဖြစ်သည်။

၎င်းတို့အား ICC သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဆိုတင်သွင်းလာသည့်အခါ တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ခြေ ရှိသော်လည်း၊ ယခုအခါတွင်မူ ၎င်းတို့နှစ်နိုင်ငံသည်လည်း "ရာဇဝတ်ကောင်များကို အကာအကွယ်ပေးနေသူများ" အဖြစ် ကမ္ဘာ့အလယ်တွင် လုံးလုံးလျားလျား သတ်မှတ်ခံရတော့မည် ဖြစ်သည်။

ရလဒ်အနေဖြင့် ကမ္ဘာ့နိုင်ငံများသည် တရုတ်နှင့် ရုရှားတို့ကို ကုလသမဂ္ဂ၏ အခြေခံမူဝါဒ၊ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းများနှင့် အဖွဲ့ဝင်များ လိုက်နာရမည့် စည်းမျဉ်းများကို လေးစားလိုက်နာရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ၊ ဗီတိုအာဏာကို အလွဲသုံးစားလုပ်ကာ ဗိုလ်ကျနေသူများအဖြစ် ပိုမိုရှုမြင်လာကြတော့မည် ဖြစ်သည်။

ICC ရှေ့နေချုပ်၏ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် တရားရုံးသို့ လျှောက်ထားခဲ့မှုလည်း နောက်ဆက်တွဲ အဖြစ် အသက်ဝင်လာနိုင်ပေသည်။

တရားလို ဖြစ်သူ ဂမ်ဘီယာက ဤအမှုတွင် မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးရန်၊ နောက်နောင် ထပ်မံမကျူးလွန်ပါဟု အာမခံချက်ပေးရန်နှင့် ထိခိုက်နစ်နာခဲ့ရသူ ရိုဟင်ဂျာများအတွက် လျော်ကြေး သို့မဟုတ် ခံစားခဲ့ရသည့် နစ်နာမှုများအတွက် တရားမျှတစွာ ပြန်လည်ဖြည့်ဆည်းပေးရန် တရားရုံးသို့ တောင်းဆိုထားပြီး ဖြစ်သည်။

ဤအမှုတွင် ဂမ်ဘီယာနိုင်ငံဘက်မှနေ၍ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ နယ်သာလန်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ မော်လ်ဒိုက်၊ စလိုဗေးနီးယား နှင့် ကွန်ဂို (DRC) စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံက ကြားဝင်ပူးပေါင်းကာ တရားဝင် ထောက်ခံအားဖြည့်ထားကြသည်။

ထို့အတွက် တရားရုံးမှ မည်သို့မည်ပုံ စီရင်ချက် ချလာမည်ကို စောင့်ကြည့်ဖို့သာ ရှိပေတော့သည်။

နိုင်ငံသည် ထိုသို့ နာမည်ဆိုး ဖြင့် တံဆိပ်တပ်ခံရတော့မည် အရေး ကြောင့် အမေစုသည် သူမ၏ ဂုဏ်သိက္ခာကို အနစ်မွန်းခံကာ ကိုယ်တိုင်ကိုယ်ကျ လျှောက်လှဲခဲ့မှု ကို ကျွန်တော် နှင့် ဇနီး ဖြစ်သူတို့ ဟိဂ် ရှိ ငြိမ်းချမ်း ရေး နန်း‌ တော် သို့ သွားရောက် ထောက်ခံခဲ့ကြသည်ကို မည်သည့် အခါမှ မမေ့နိုင်၊ အမြဲလို ဂုဏ်ယူ နေမည်သာ ဖြစ် သည်။

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
👍3