ပြည်သူ့ပန်းတိုင်-People's Goal
2.51K subscribers
3.26K photos
52 videos
1 file
1.11K links
PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.
Download Telegram
"စစ်သုံ့ပန်းအကျဉ်းသားတို့၏ ဝါးမျိုပြုစားခြင်းကို အကျဉ်းစောင့်ရဲဘော်များ ခံနေရပြီလား"

■ ထွင်

နွေဦးတော်လှန်ရေးကာလအတွင်း ရန်သူကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်းများ၊ အကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြသည်။ ထိုအတွက် မိမိတို့ဘက်မှ ပေးဆပ်ခဲ့ရသော အရင်းအနှီးကလည်း မသေးလှ။ လူအား၊ ငွေအားသာမက အသက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပါ ပေးဆပ်ခဲ့ကြရသည်။

ထိုသို့ ပေးဆပ်ခဲ့ရသည့်အတွက်လည်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းအကျဉ်းသားများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လိုအပ်သည်။ စစ်သုံ့ပန်းအကျဉ်းသားများ လွတ်မြောက်သွားပါက ဖမ်းဆီးရရှိရေးအတွက် ပေးဆပ်ခဲ့ရသမျှသည် အလဟဿ ဖြစ်သွားနိုင်သည်။ ထို့အပြင် မိမိတို့၏ တည်နေရာနှင့် အခြေအနေများကို သိရှိသွားသော ရန်သူက ပြန်လည်တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကိုလည်း ကြုံတွေ့ရနိုင်သည်။

ယခု နွေဦးတော်လှန်ရေးကာလအတွင်း စစ်ရေးအရ အောင်မြင်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သော စစ်သုံ့ပန်းများအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားခြင်း၊ အကျဉ်းစောင့်ရဲဘော်များကိုယ်တိုင် ရန်သူနှင့် ပူးပေါင်းကာ ထောင်ဖောက်ပေးပြီး ထွက်ပြေးလွတ်မြောက်စေခြင်း စသည့် ဖြစ်စဉ်များကို ခပ်စိပ်စိပ် ကြားလာရသည်။

အကျဉ်းစောင့်ရဲဘော်ကိုယ်တိုင် ထောင်ဖောက်ပေးပြီး စစ်သုံ့ပန်းများ၊ အကျဉ်းသားများနှင့် ပူးပေါင်းထွက်ပြေးသွားသည့် ဖြစ်စဉ်မျိုးကို တွေ့ရသည့်အခါ အကျဉ်းစောင့်ရဲဘော်က သစ္စာဖောက်သွားသည်ဟု ခေါင်းစဉ်တပ်ပြောဆိုကြသည်။

သို့သော် စာရေးသူအနေဖြင့် ထိုဖြစ်စဉ်မျိုးကို သစ္စာဖောက်ခြင်းဟူသော ခေါင်းစဉ်တစ်ခုတည်းဖြင့် အလွယ်တကူ ကောက်ချက်ချရန် မလုံလောက်ဟု မြင်မိသည်။ အကြောင်းမှာ ထိုရဲဘော်သည် အကျဉ်းစောင့်တာဝန်ကို ထမ်းဆောင်နိုင်သည့် အရည်အချင်း ပြည့်မီခဲ့သူလား။ စစ်သည်တော်ကျင့်ဝတ်များကို နားလည်လိုက်နာတတ်သူလား။ ထိုကျင့်ဝတ်များကို ပြည့်ပြည့်ဝဝ သင်ယူလေ့ကျင့်ခဲ့ဖူးသူလား။ စစ်သင်တန်း တက်ရောက်ခဲ့ဖူးသူလားဆိုသည့် မေးခွန်းများကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။

စာရေးသူသည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ပညာသင်တန်း တက်ရောက်ခဲ့စဉ်က အကျဉ်းသားများနှင့် ပတ်သက်၍ PDF ရဲဘော်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များအကြောင်း သင်ယူခဲ့ရဖူးသည်။

ထိုကျင့်ဝတ်များကို PDF ရဲဘော်တိုင်း သင်ယူထားသင့်သည်။ PDF ရဲဘော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်ဆောင်တတ်ရမည့် စစ်ပညာဆိုင်ရာ အခြေခံအတတ်ပညာများကို စနစ်တကျ သင်ကြားလေ့ကျင့်ထားဖို့ လိုအပ်သည်။ PDF ရဲဘော်တစ်ဦးဖြစ်လာပြီဆိုလျှင် သက်ဆိုင်ရာ စစ်သင်တန်းများကို တက်ရောက်သင်ယူထားသင့်သည်။

သို့သော် PDF ဖြစ်နေပြီး စစ်သင်တန်း မတက်ရောက်ဖူးသူများကိုလည်း စာရေးသူ တွေ့ဖူးသည်။ တချို့ဆိုလျှင် ခေါင်းဆောင်တာဝန်များကိုပင် ထမ်းဆောင်နေကြသည်။ စစ်ပညာနှင့် သက်ဆိုင်ရာကျင့်ဝတ်များကို စနစ်တကျ သင်ယူမထားဘဲ ခေါင်းဆောင်တာဝန် ထမ်းဆောင်ရပါက ဆုံးဖြတ်ချက်အမှားများ၊ အုပ်ချုပ်ရေးအမှားများ ဖြစ်ပေါ်လာနိုင်သည်ဟု မြင်မိသည်။

အကြောင်းအမျိုးမျိုးကြောင့် စစ်သင်တန်း မတက်ရောက်နိုင်သေးသူများ၊ အချိန်မရသူများ ရှိနိုင်သည်။ သို့သော် ထိုသို့သောသူများအနေဖြင့် မိမိတို့ လိုက်နာရမည့် ကျင့်ဝတ်များနှင့် စစ်ပညာဆိုင်ရာ အခြေခံသဘောတရားများကို ကိုယ်တိုင်လေ့လာသင်ယူပြီး ကျွမ်းကျင်နားလည်အောင် ကြိုးစားထားသင့်သည်။ သို့မှသာ စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင်ပြုမူနိုင်မည်ဖြစ်ပြီး အကျဉ်းစောင့်ရဲဘော်များနှင့် အကျဉ်းသားများကိုပါ မှန်ကန်စွာ စီမံထိန်းသိမ်းနိုင်မည်ဖြစ်သည်။

အကျဉ်းသားများနှင့် ပတ်သက်၍ စာရေးသူ သင်ယူခဲ့ရသည့် ကျင့်ဝတ်များထဲမှ တချို့ကို အကျဉ်းချုပ်ထုတ်နုတ်ဖော်ပြရလျှင်-

၁။ အကျဉ်းစောင့်ရဲဘော်သည် အကျဉ်းသားများနှင့် ဆက်ဆံရေးကို စည်းကမ်းတကျ ထိန်းသိမ်းရမည်။

အကျဉ်းသားများနှင့် အလွန်အကျွံ ရင်းနှီးခင်မင်ခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ အတူတကွ ဝိုင်းဖွဲ့သောက်စားခြင်းတို့ကို ရှောင်ကြဉ်ရမည်။ အကျဉ်းသားများနှင့် ဆက်ဆံရာတွင်လည်း မိမိ၏ တာဝန်နှင့် စည်းကမ်းကို မမေ့လျော့ဖို့ လိုအပ်သည်။

၂။ အကျဉ်းစောင့်ရဲဘော်များသည် လုံခြုံရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို အကျဉ်းသားများ မကြားနိုင်သည့် နေရာတွင်သာ ဆွေးနွေးရမည်။

အကျဉ်းစောင့်ရဲဘော်အချင်းချင်း စကားပြောဆိုရာတွင်ပင် အကျဉ်းသားများ ကြားသိနိုင်သည့် အခြေအနေမျိုးကို သတိပြုရှောင်ကြဉ်ရမည်။ မိမိတို့၏ တာဝန်၊ လုံခြုံရေးနှင့် သက်ဆိုင်သော အချက်အလက်များကို ပေါ့ပေါ့ဆဆ ပြောဆိုမိခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်။

ဤအချက်များကို လျစ်လျူရှုမိပါက အကျဉ်းစောင့်ရဲဘော်တစ်ဦးအနေဖြင့် မိမိမသိလိုက်သည့်အချိန်တွင်ပင် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
👍4
ရန်သူကို ဘယ်တော့မျှ လျှော့မတွက်သင့်ပါ။ သစ်ပင်၏ ကောက်ကွေ့မှုကို မြင်နိုင်သော်လည်း လူတစ်ဦး၏ စိတ်သဘောထား ကောက်ကွေ့မှုကို အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်ပါ။ လူတစ်ဦး၏ အပြုံးကို မြင်နိုင်သော်လည်း ထိုအပြုံးနောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက် ရှိနေသည်ကို အလွယ်တကူ မသိနိုင်ပါ။ အပြင်ပန်းတွင် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနေသော်လည်း အတွင်းစိတ်တွင် မိမိအကျိုးအတွက် တစုံတရာကို ကြံစည်နေခြင်းမျိုးလည်း ရှိနိုင်သည်။

အကယ်၍ အကျဉ်းစောင့်ရဲဘော်တစ်ဦးသည် အကျဉ်းသားများနှင့် အလွန်အကျွံ ရင်းနှီးခင်မင်လာပြီး မိမိ၏ တာဝန်နှင့် စည်းကမ်းကို မေ့လျော့လာပါက အကျဉ်းသားများ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားနိုင်သည်။ ထိုအခါ မိမိ၏ အားနည်းချက်များကို အခြားသူများက သိရှိသွားနိုင်ပြီး ထိုအားနည်းချက်များကို အသုံးချ၍ မိမိကို လွှမ်းမိုးထိန်းချုပ်လာနိုင်သည်။

ဤသို့ဖြစ်လာပါက အကျဉ်းစောင့်ရဲဘော်သည် မိမိလုပ်ဆောင်နေသည့် အရာများ၏ မှန်ကန်မှု၊ မှားယွင်းမှုကိုပင် ဝေဖန်ဆန်းစစ်နိုင်စွမ်း လျော့နည်းလာနိုင်သည်။ နောက်ဆုံးတွင် အကျဉ်းသားများ လွတ်မြောက်နိုင်ရေးအတွက် မိမိကိုယ်တိုင် ကူညီပေးမိခြင်း၊ မိမိဘက်မှ လုံခြုံရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားစေခြင်းတို့အထိ ဖြစ်လာနိုင်သည်။ အချို့အခြေအနေများတွင် မိမိ၏ မူလတာဝန်နှင့် ဆန့်ကျင်သည့် လုပ်ရပ်များကိုပါ လုပ်ဆောင်မိလာနိုင်သည်။

အလားတူ အကျဉ်းစောင့်ရဲဘော်အချင်းချင်း လွတ်လွတ်လပ်လပ် ပြောဆိုနေသည့် စကားများကို အကျဉ်းသားများ ကြားသိနိုင်ပါက ထိုအချက်အလက်များမှတဆင့် လွတ်မြောက်ရန် အခွင့်အလမ်းများကို ရှာဖွေသွားနိုင်သည်။ ထို့ကြောင့် အကျဉ်းစောင့်ရဲဘော်များအနေဖြင့် အကျဉ်းသားများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် အသေးအဖွဲဟု ထင်ရသည့် အချက်များကိုပင် ပေါ့ဆမနေဘဲ သတိပြုဆောင်ရွက်ဖို့ လိုအပ်သည်။

သို့ရာတွင် အကျဉ်းသားများနှင့် ဆက်ဆံရာ၌ စည်းကမ်းရှိရမည်ဆိုခြင်းသည် လူသားဆန်စွာ ဆက်ဆံမှုကို စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အကျဉ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံစောင့်ရှောက်ရင်း မိမိ၏ တာဝန်နှင့် လုံခြုံရေးစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာနိုင်ဖို့ လိုအပ်သည်။

နောက်ဆုံးအနေဖြင့် တော်လှန်ရေးခေါင်းဆောင်များ၏ တာဝန်ကိုလည်း ထည့်သွင်းပြောလိုပါသည်။ အကျဉ်းစောင့်ရဲဘော်များကို တာဝန်ပေးအပ်ရာတွင် အရည်အချင်းနှင့် အတွေ့အကြုံကို စနစ်တကျ စိစစ်သင့်သည်။ လိုအပ်သော စစ်ပညာ၊ ကျင့်ဝတ်နှင့် အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ရရှိထားခြင်း ရှိ၊ မရှိကိုလည်း သေချာစွာ ဆန်းစစ်သင့်သည်။ ထို့အပြင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လိုအပ်သော လေ့ကျင့်သင်ကြားမှုနှင့် ကြီးကြပ်မှုများကိုလည်း ဆက်လက်ပေးအပ်ဖို့ လိုအပ်သည်။

အကျဉ်းသားတစ်ဦး လွတ်မြောက်သွားခြင်းကို အကျဉ်းစောင့်ရဲဘော်တစ်ဦး၏ အမှားဟုသာ သတ်မှတ်ပြီး အဆုံးသတ်လိုက်၍ မရပါ။ ထိုဖြစ်စဉ်သည် တစ်ဦးချင်း၏ အားနည်းချက်ကြောင့် ဖြစ်သလား၊ လေ့ကျင့်သင်ကြားမှု မလုံလောက်ခြင်းကြောင့်လား၊ အုပ်ချုပ်မှုနှင့် ကြီးကြပ်မှု အားနည်းခြင်းကြောင့်လားဆိုသည်ကိုပါ ပြန်လည်ဆန်းစစ်သုံးသပ်ဖို့ လိုအပ်သည်။

တော်လှန်ရေးအောင်မြင်ဖို့ဆိုသည်မှာ ရန်သူကို အနိုင်တိုက်နိုင်ရုံနှင့် မပြီးပါ။ အနိုင်ရရှိပြီး ဖမ်းဆီးထိန်းသိမ်းထားနိုင်သော စစ်သုံ့ပန်းများ၊ အကျဉ်းသားများကို စနစ်တကျ စီမံထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်သည်။ ထိုတာဝန်ကို ထမ်းဆောင်မည့် ရဲဘော်များ၏ အရည်အချင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်များ၏ အုပ်ချုပ်မှုတို့ အားကောင်းမှသာ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ရသမျှကို အကျိုးရှိရှိ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
👍5
"စစ်ကောင်စီ၏ မျှော်လင့်ချက်မဲ့ စစ်ဗျူဟာ"

■ နွေဦးမြိုင်

အခုရက်ထဲတွင် စစ်ကောင်စီသည် ကျွန်တော်တို့ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်ရှိ ကျေးရွာများအား ဗုံးကြဲချခြင်း၊ မြေပြင်စစ်ကြောင်းထိုးခြင်းနှင့် ကျေးရွာများကို မီးရှို့ပြနေခြင်းဖြင့် ပြည်သူများကို “ကြောက်ရွံ့၊ ကျိုးနွံ‌စေ”ဆိုသော ဟောင်းဆွေးလှသော ဗျူဟာကြီးကို ပြန်လည်အသက်သွင်း၍ ခြောက်လှန့်နေပါသည်။

ပခုက္ကူမြို့နယ် မြစ်ခြေမြို့နှင့် ကျေးရွာ (၁၃) ရွာထက်မနည်းရှိ အိမ်ခြေပေါင်း တစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပေါင်း (၄၀) ဦးထက်မနည်းအား သတ်ဖြတ်ခဲ့သည်မှာ ထိုနည်းအတိုင်း ကျင့်သုံးခြင်းဖြစ်၏။ ထိုနည်းသည် နည်းသစ်တော့မဟုတ်။ အာဏာရှင်ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် (မအောင်မြင်သော) နည်းဟောင်းသာဖြစ်၏။

၎င်းနောက် အင်အား (၇၀၀) ကျော်ပါ စစ်ကြောင်းသည် ပေါက်၊ မြိုင် ရေနံမှော်များသို့ ဦးတည်စစ်ကြောင်းထိုးပြီး ဇွန်၊ ဂျူလိုင်နှင့် သြဂုတ်၊ စက်တင်ဘာလများအတွင်း အရပ်သားပြည်သူ (၅၀) ဦးထက်မနည်းနှင့် ကျေးရွာနေအိမ်ပေါင်း (၅၄၃) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုလက်ရှိအထိလည်း ဖျက်ဆီးနေပါသည်။

၎င်းတို့၏ ဖြတ်လေးဖြတ် နည်းလမ်းဟောင်းကို ပြန်သုံး၍ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ပြနေခြင်းသည် တကယ်က သူတို့ ဘယ်လောက်ရှုံးနိမ့်နေတယ် ဆိုတာကို ပြသမှုတစ်ခုပင် ဖြစ်သည်။

ဒါဟာ မြေပြင်တိုက်ပွဲမှာ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ဖို့နှင့် ပြည်သူလူထု၏ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ လုပ်ဆောင်တဲ့ စစ်ကောင်စီ၏ စိတ္တဇစစ်ဆင်ရေးဟု ပြောလျှင်လည်း ရနိုင်ပါသည်။

စစ်ကောင်စီ၏ ထို စိတ္တဇစစ်ဆင်ရေးတွင် အညာဒေသမှ ပြည်သူပေါင်း မြောက်မြားစွာနှင့် အိုးအိမ်ပေါင်း မြောက်မြားစွာ ဖွတ်ဖွတ်ညက်ညက်ကြေမွခဲ့ရ၏။

တကယ်တော့ သူတို့သတ်ဖြတ်ခဲ့တဲ့၊ သူတို့မီးရှို့ခဲ့တဲ့၊ လေယာဉ်ဖြင့် သူတို့ဗုံးကြဲခဲ့တဲ့ သူတွေဟာ အရပ်သား‌တွေ၊ အရပ်သားကျေးရွာတွေဆိုတာ သူတို့ သေချာ တပ်အပ်သိပါသည်။ သိ၍ပင် တမင်လုပ်ခြင်း၊ ရာဇဝတ်မှုကို သိသိလျက်နှင့် ကျူးလွန်ခြင်းဖြစ်၏။

မအောင်မြင်သော နည်းဟောင်းကို ကျင့်သုံးရသည့် တစ်ခုတည်းသော သူတို့၏ ရည်ရွယ်ချက်သည် “တော်လှန်ရေးအဖွဲ့တွေကို လက်ခံရင် ဒါမျိုးဖြစ်မယ်” ဆိုတဲ့ သတင်းစကားကို ရက်ရက်စက်စက်နည်းနှင့် ချန်ထားလို၍ စစ်ဥပဒေတွေကို ချိုးဖောက်ကာ ကျူးလွန်ခြင်းဖြစ်၏။

စိုးရိမ်ထိတ်လန့်နေကြတဲ့ ပြည်သူတွေကြားထဲမှာ ကြောက်ရွံ့တုန်လှုပ်မှုကို ထပ်မံဖန်တီးပြီး တော်လှန်ရေးအဖွဲ့တွေနှင့် ပြည်သူကြား ဝေးကွာသွားအောင် သွေးခွဲဖို့အတွက် ကြိုးစားပမ်းစားနှင့် သူတို့ဖျက်ဆီးခြင်းဖြစ်၏။

ရွာတွေ မီးရှို့ခံရရာကနေ ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည် ထောင်သောင်းချီကို တော်လှန်ရေးအဖွဲ့တွေနှင့် အရပ်ဘက်အဖွဲ့အသီးသီးက လိုက်လံကူညီ၊ ကျွေးမွေး၊ စောင့်ရှောက်ရတဲ့အခါ တော်လှန်ရေးအဖွဲ့တွေမှာ စစ်ရေးအပြင် လူမှုရေးနှင့် ရိက္ခာဝန်ထုပ်ဝန်ပိုး အကြီးအကျယ် ဖြစ်သွားအောင် ထောင်ချောက်ဆင်တာလည်း ဖြစ်ပါသည်။ သည်နည်းဖြင့် တော်လှန်တပ်ဖွဲ့များ စစ်ပန်းသွားအောင်နှင့် ပြန့်ကြဲသွားအောင် ပြုလုပ်၏။

အဲလိုနည်းတွေအပြင် ရွာတွေကို လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုး မီးရှို့နေရခြင်းနောက်ကွယ်မှာ စစ်ကောင်စီ၏ “မြေပြင်ခြေလျင်တပ်သား မလုံလောက်မှု” ဆိုတဲ့ အကြီးမားဆုံး အားနည်းချက်ကို အသံတိတ်နည်းနှင့် ဝန်ခံလိုက်ခြင်းလည်း ဖြစ်၏။

ဒါကြောင့် နယ်မြေကို မစိုးမိုးနိုင်တဲ့အခါ... တော်လှန်ရေးအဖွဲ့တွေ အခြေမစိုက်နိုင်အောင်၊ အကာအကွယ် မယူနိုင်အောင် “နယ်မြေစွန့်ခွာခြင်း” အဖြစ် ရွာတွေကို ပြာပုံဖြစ်အောင် လုပ်ပြီး ပြန်ဆုတ်သွားကြခြင်းဖြစ်ပါသည်။

သူတို့ထွက်ခွာသွားပြီးနောက် ကျေးရွာနေပြည်သူများ မိမိတို့ရွာသို့ ပြန်ဝင်သည့်အခါ မီးကြွင်းပြာပုံကြီးက ရွာအဝင်တွင် ဆီးကြိုမြင်ရသည်က မြင်ရသူ၏ အသည်းနှလုံးကို ဓားတုံးတုံးဖြင့် အမွန်းခံရသကဲ့သို့ တဆစ်ဆစ်နာကျင်စွာ ခံစားကြရ၏။ စစ်ကောင်စီ ပေးချင်သည်ကလည်း ထိုခံစားမှုပင်ဖြစ်သည်။ ပြည်သူများ ထိုသို့ခံစားပြီး တော်လှန်ရေးတွင် မည်သည့်ပုံစံဖြင့်မှ မပါဝင်ရဲ၊ မထောက်ခံရဲအောင် စိတ်ပိုင်းဆိုင်ရာနည်းဖြင့် ညှဉ်းဆဲခြင်းဖြစ်၏။

သို့သော် စစ်ကောင်စီ မသိလိုက်သည့် အမှန်တရားတစ်ခုက ပြည်သူများသည် သူတို့ ဖြစ်စေချင်သည်များနှင့် ပြောင်းပြန်ဖြစ်ကာ တော်လှန်ရေးကို ဘဝတစ်ခုလုံး ပုံအပ်ကာ ထောက်ခံအားပေးလာပါတော့၏။

ကျေးရွာတွေကို ဆက်တိုက်မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လေယာဉ်ဖြင့် ဗုံးကြဲနေသော စစ်ကောင်စီ၏ လုပ်ရပ်သည် စစ်ရေးအရ အသာစီးရနေ၍ နယ်မြေစိုးမိုး၍ လုပ်တာမဟုတ်ဘဲ ပြည်သူ့ဘဝတွေကို ဖျက်ဆီးပြီး ရန်ငြိုးဖွဲ့တဲ့ “မျှော်လင့်ချက်မဲ့ စစ်ဗျူဟာ” သာ ဖြစ်ပါတော့သည်။ သည်နည်းကို ကျင့်သုံးလေ သူတို့ကျဆုံးလေသာဖြစ်၏။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း တလျှောက် ဒီလို မြေလှန်စနစ်တွေဟာ ရေတိုမှာ ပြည်သူကို ဒုက္ခပေးနိုင်သော်လည်း ရေရှည်မှာတော့ လူထု၏ ပြင်းပြင်းထန်ထန် မုန်းတီးမှုကို ပိုမိုအမြစ်တွယ်စေပြီး အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ပစ်မည့် တန်ပြန်လှိုင်း (Backlash) ကိုပဲ မလွဲမသွေ ဦးတည်သွားစေတာ ဖြစ်ပါတော့သည်။
👍4❤1
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
👍7
"အမှန်တရားကို မှတ်တမ်းတင်၍ လူ့ဂုဏ်သိက္ခာကို ကာကွယ်ပါ"

■ ဇော်ထူး (CDM)

လူ့အခွင့်အရေးသည် လူသားတိုင်း မွေးရာပါရရှိပိုင်ဆိုင်သည့် အခြေခံအခွင့်အရေးဖြစ်သည်။ အသက်ရှင်ခွင့်၊ လုံခြုံခွင့်၊ လွတ်လပ်ခွင့်၊ ပညာသင်ကြားခွင့်နှင့် တရားမျှတမှုရရှိခွင့်တို့သည် လူ့ဂုဏ်သိက္ခာအတွက် မရှိမဖြစ်လိုအပ်သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် အရပ်သားပြည်သူများသည် သေဆုံးဒဏ်ရာရမှု၊ နေရပ်စွန့်ခွာမှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် အခြေခံဝန်ဆောင်မှုများ ဆုံးရှုံးမှုတို့ကို ရင်ဆိုင်နေရသည်။ ထိုအခြေအနေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိနားလည်ခြင်း၊ တိကျစွာ မှတ်တမ်းတင်ခြင်းနှင့် ထိခိုက်နစ်နာသူများကို ကာကွယ်ပံ့ပိုးခြင်းသည် လူတိုင်းပါဝင်ဆောင်ရွက်သင့်သော တာဝန်ဖြစ်သည်။

၁။ လူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိနားလည်ခြင်း

လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အတင်းအကျပ် လုပ်အားပေးစေခြင်းနှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမီစေခြင်းတို့ ပါဝင်နိုင်သည်။

ဤဖြစ်စဉ်များသည် လူတစ်ဦးချင်းစီသာမက မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ် ရေရှည်ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ချိုးဖောက်မှုများကို လျစ်လျူမရှုဘဲ အချက်အလက်များကို တာဝန်သိစွာ စုဆောင်းရန် လိုအပ်သည်။

၂။ မှတ်တမ်းကောက်ယူခြင်း၏ အရေးပါမှု

လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းသည် ဖြစ်စဉ်များကို သမိုင်းမှတ်တမ်းအဖြစ် ထိန်းသိမ်းရန်၊ ထိခိုက်နစ်နာသူများ၏ လိုအပ်ချက်များကို ဖော်ထုတ်ရန်၊ အကူအညီပေးရေးလုပ်ငန်းများကို ပံ့ပိုးရန်နှင့် တာဝန်ခံမှုရှိစေရေးအတွက် အထောက်အကူပြုရန် ဖြစ်သည်။

မှတ်တမ်းတင်ရာတွင် ဖြစ်စဉ်ဖြစ်ပွားသည့် ရက်စွဲ၊ အချိန်၊ နေရာ၊ ထိခိုက်မှုအမျိုးအစား၊ သက်သေထွက်ဆိုချက်နှင့် ရရှိနိုင်သော ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်းများကို စနစ်တကျ စုဆောင်းသင့်သည်။

ကိုယ်တိုင်မြင်တွေ့ချက်၊ အခြားသူထံမှ ကြားသိချက်နှင့် အတည်ပြုထားသော အချက်အလက်များကို ခွဲခြားဖော်ပြရမည်။ မသေချာသော အချက်အလက်များကို အတည်ပြုပြီးသားကဲ့သို့ မဖော်ပြသင့်ပေ။

၃။ မှတ်တမ်းကောက်ယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ

မှတ်တမ်းကောက်ယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမှန်တရားကို ဖော်ထုတ်ရန်ဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်ကြောင့် သက်သေများနှင့် ထိခိုက်နစ်နာသူများ ထပ်မံအန္တရာယ်မဖြစ်စေရန် အထူးဂရုပြုရမည်။
တိကျမှန်ကန်မှု - အချက်အလက်များကို သက်သေအထောက်အထားအပေါ် အခြေခံပါ။
ဘက်မလိုက်မှု - ကောလာဟလနှင့် ကိုယ်ပိုင်အမြင်အပေါ် အခြေခံ၍ စွပ်စွဲခြင်းကို ရှောင်ကြဉ်ပါ။
သဘောတူညီချက် - အင်တာဗျူးမပြုမီ ရည်ရွယ်ချက်နှင့် အချက်အလက်အသုံးပြုမည့်ပုံစံကို ရှင်းပြပါ။
လျှို့ဝှက်ချက် - အမည်၊ ဖုန်းနံပတ်နှင့် တည်နေရာကဲ့သို့ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပါ။
လုံခြုံရေး - သက်သေ၏ အသက်၊ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို လေးစားပါ။

ဓာတ်ပုံ၊ ဗီဒီယိုနှင့် စာရွက်စာတမ်းများကို မူရင်းအတိုင်း လုံခြုံစွာ သိမ်းဆည်းပြီး ဖြစ်နိုင်ပါက လွတ်လပ်သောရင်းမြစ်များဖြင့် ထပ်မံစစ်ဆေးသင့်သည်။

၄။ မှတ်တမ်းကောက်ယူသူအတွက် အရေးပေါ်စစ်ဆေးစာရင်း

မှတ်တမ်းမတင်မီ၊ မှတ်တမ်းတင်နေစဉ်နှင့် ပြီးဆုံးပြီးနောက် အောက်ပါအချက်များကို စစ်ဆေးပါ။
- မိမိနှင့် သက်သေများ၏ လုံခြုံရေးအန္တရာယ်ကို စစ်ဆေးပြီးပြီလား။
- သက်သေ၏ သဘောတူညီချက်ကို ရယူပြီးပြီလား။
- ဖြစ်စဉ်၏ ရက်စွဲ၊ အချိန်၊ နေရာနှင့် အသေးစိတ်အချက်အလက်များကို မှတ်သားပြီးပြီလား။
- အတည်ပြုပြီးသောအချက်များနှင့် အတည်မပြုရသေးသောအချက်များကို ခွဲခြားထားပြီလား။
- ဓာတ်ပုံ၊ ဗီဒီယိုနှင့် အခြားသက်သေအထောက်အထားများ၏ ရင်းမြစ်ကို မှတ်သားထားပြီလား။
- သက်သေ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားပြီလား။
- အရေးပေါ်အကူအညီ လိုအပ်သူများကို သင့်လျော်သော ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးနိုင်ရန် စီစဉ်ထားပြီလား။

# သတိပြုရန် - လုံခြုံရေးအန္တရာယ်ရှိပါက အချက်အလက်ရယူခြင်းထက် လူ့အသက်နှင့် လုံခြုံရေးကို ဦးစားပေးပါ။

၅။ ပြည်သူလူထု၏ အခန်းကဏ္ဍ

လူ့အခွင့်အရေးကာကွယ်ရေးတွင် ပြည်သူတိုင်း ပါဝင်ကူညီနိုင်သည်။ ဖြစ်စဉ်များကို သိရှိပါက အချက်အလက်များကို စစ်ဆေးပြီးမှ မျှဝေပါ။ သက်သေများ၏ အမည်နှင့် တည်နေရာကို ခွင့်ပြုချက်မရှိဘဲ မဖော်ပြပါနှင့်။ ထိခိုက်နစ်နာသူများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပြီး ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများထံ လုံခြုံစွာ သတင်းပေးပို့ပါ။

ထို့အပြင် သက်သေအထောက်အထားများအပေါ် အခြေခံသော လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ၊ ထိခိုက်နစ်နာသူများအတွက် ကုစားမှုများနှင့် အလားတူချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးကို အားပေးသင့်သည်။

နိဂုံးချုပ်
လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းသည် အမှန်တရားကို ထိန်းသိမ်းခြင်း၊ ထိခိုက်နစ်နာသူများ၏ အသံကို ဖော်ထုတ်ခြင်းနှင့် တရားမျှတမှုရရှိရေးကို ပံ့ပိုးခြင်းဖြစ်သည်။ သို့သော် မှတ်တမ်းတစ်ခု၏ တန်ဖိုးသည် အချက်အလက်အရေအတွက်ထက် ၎င်း၏ တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှုနှင့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာမှုအပေါ် မူတည်သည်။

အမှန်တရားကို မှတ်တမ်းတင်ပါ။ သက်သေအထောက်အထားကို တာဝန်ယူထိန်းသိမ်းပါ။ ထိခိုက်နစ်နာသူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပါ။ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးအတွက် မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ကြပါစို့။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
❤6
"ပြည်သူ့ရဲ့ ကျေးဇူးရှင် မဟုတ်ဘူး၊ ပြည်သူကို ဝန်ဆောင်မှု ပေးနေရတယ်ဆိုတဲ့ အနေအထားကနေ လုပ်ငန်းဆောင်ရွက်ကြမယ့် ဝန်ထမ်းကောင်းတွေ အများကြီး လိုလိမ့်မယ်။"

ဆရာမ မေနှင်း
ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ မန္တလေး (AFCC)
အတွင်းရေးမှူး

မေး။ ပြည်သူတွေအတွက် ရေတို စစ်ရေးကာကွယ်မှုတွေ လိုသလိုမျိုး၊ ရေရှည်မှာဆိုရင်လည်း ပြည်သူတစ်ဦးချင်းစီရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးဦးစားပေးတဲ့ Human Security စနစ်ကို တည်ဆောက်ဖို့ လိုတယ်။ ဒီနှစ်ခုကို ဘယ်လိုများ ဟန်ချက်ညီအောင် တည်ဆောက်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ လူသားလုံခြုံရေးလို့ ပြောကြပြီဆိုရင် အဓိက အရေးကြီးတာက ကြောက်ရွံ့မှုတွေကနေ လွတ်ဖို့ လိုတယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေပေါ့၊ ငတ်မွတ်တဲ့ အခြေအနေတွေ၊ ရောဂါဘယတွေ ထူပြောတဲ့ အခြေအနေတွေ၊ အဲလိုမျိုး လိုလားတောင့်တမှုတွေကနေ ကင်းလွတ်တဲ့ အခြေအနေ ရှိရမယ်။ ပြီးရင် ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်နိုင်ရမယ်။ ဒီသုံးခုရှိတဲ့ အခြေအနေကို လူသားလုံခြုံမှု ပြည့်မီတဲ့ အခြေအနေလို့ ပြောလို့ရတယ်။

လက်ရှိ အခြေအနေမှာတော့ အကြမ်းဖက်စစ်တပ်က စစ်ရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ၊ မိုင်းအန္တရာယ်စသဖြင့် လူ့အခွင့်အရေး ချိုးဖောက်တာတွေ နည်းပေါင်းစုံ ရှိနေတယ်။ ကြောက်ရွံ့မှုတွေအောက်မှာ ကျွန်တော်တို့ နေနေရသလို ဖြစ်နေတယ်။ ဒီအခြေအနေက လက်ရှိ ကျွန်တော်တို့ ပကတိ ကြုံနေရတဲ့ အခြေအနေ ဖြစ်တယ်။

ဒါပေမဲ့ ပြည့်ဝတဲ့ လူသားလုံခြုံရေး အခြေအနေတစ်ခုကို ဖန်တီးကြတော့မယ်ဆိုရင် သေချာတာတော့ ကိုယ်မှန်ရင် မှန်တယ်၊ ကိုယ်မှားရင် မှားတယ်၊ ဘာမဆို ပြောရဲဆိုရဲတဲ့ အခြေအနေ ရှိရမယ်။ ပြီးရင် ဘာအကြောင်းကြောင့်မှ ဖိနှိပ်တာတွေ၊ သတ်ဖြတ်တာတွေ၊ ရက်စက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံရစရာ အကြောင်း မရှိရဘူးပေါ့နော်။

အဲဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ နေနေရတဲ့ အခြေအနေမှာတောင် ကျွန်တော်တို့ရဲ့ လွတ်မြောက်နယ်မြေတွေ၊ တော်လှန်ရေးအင်အားစုတွေ အတူတကွ နေထိုင်ကြတဲ့ ပတ်ဝန်းကျင်နေရာ အခြေအနေတွေမှာ ဘာကို အာမခံဖို့ လိုလဲဆိုတော့ လူ့အခွင့်အရေး စံနှုန်းအနေနဲ့ ပြည့်ဝတဲ့ လူနေမှုဘဝ အဆင့်အတန်းကို သွားဖို့အတွက် အာမခံချက်ရှိတဲ့ အစီအစဉ်တွေ၊ အခြေအနေတွေကို တော်လှန်ရေးအစိုးရတွေက ဖန်တီးပေးရမယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ကြောက်စရာ မလိုဘူးပေါ့။ တစ်နေရာနဲ့ တစ်နေရာ သွားလာလှုပ်ရှားလို့ရမယ်၊ စုဖွဲ့လို့ရမယ်၊ အသိပညာပေးတာတွေ လုပ်လို့ရမယ်၊ စီးပွားရေးကို ကောင်းကောင်း ရှာလို့ရမယ်၊ အလုပ်လုပ်ငန်းတွေကို ကောင်းကောင်း လုပ်လို့ရမယ်။ ဒါမျိုးတွေကို ဒီနေ့ အခြေအနေမှာ ဖြည်းဖြည်းချင်း၊ ကိုယ့်ဘက်ကနေလည်း တော်လှန်ရင်းနဲ့ တည်ဆောက်ရမယ့် အရာ ဖြစ်တယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကျူးလွန်ဘူး၊ လူသားတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့် ရမယ်ဆိုတဲ့ အခြေခံ အသိတွေကို မြှင့်တင်ရမယ်။
ပြီးတော့ အနာဂတ်နိုင်ငံတော် တည်ဆောက်လာတဲ့အခါမှာ ဖွံ့ဖြိုးတိုးတက်တဲ့၊ သာယာအေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့၊ တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားတဲ့လမ်းမှာ ဒါက တဖြည်းဖြည်းချင်း အခြေခံ အုတ်မြစ်တွေ ဖြစ်မယ်။ အာဏာရှိတဲ့သူကို အာဏာရှိလို့ ကြောက်စရာ မလိုတော့ဘူး၊ လက်နက်ရှိလို့ ကြောက်စရာ မလိုတော့ဘူး။ တစ်ဦးနဲ့တစ်ဦး မတရားတာတွေ ကြုံလာရင် တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှ ဖြေရှင်းလို့ရမယ်။ ဒီလို အခြေအနေတွေကို တစ်ဆင့်ခြင်း လှမ်းသွားရမယ်။

ဒီလိုမျိုးတွေက လူသားလုံခြုံရေးရဲ့ အခြေခံ အရင်းအမြစ်တွေ ဖြစ်တယ်ဆိုတာ နားလည်ပြီး အစိုးရယန္တရား စနစ်တွေမှာလည်း ဒါမျိုးတွေ ကိန်းဝပ်လာအောင် ဖန်တီးတည်ဆောက်ကြမယ်ဆိုရင် အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေကို တစ်ဆင့်ချင်းစီ ချနေတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့က စစ်တပ်ကို တွန်းလှန်တာ တစ်ပိုင်းပဲ၊ တည်ဆောက်တာလည်း တည်ဆောက်ရမယ်ဆိုတာဟာ လူသားလုံခြုံရေးကို တဖြည်းဖြည်းချင်း တစ်ဆင့်ချင်း တက်လှမ်းနေတယ်လို့ ပြောလို့ရပါတယ်။

မေး။ အာဏာသိမ်း စစ်တပ် ကျင့်သုံးနေတဲ့ အမျိုးသားလုံခြုံရေး ဆိုတာမျိုးထက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာဆိုရင် ပြည်သူ့လုံခြုံရေးကို ဗဟိုပြုအောင် ပြောင်းလဲ လုပ်နိုင်ဖို့ဆိုရင် ဘာတွေ အဓိက လိုမလဲ၊ အစိုးရ ယန္တရားကပဲ အဓိကလား။

ဖြေ။ ဒီနေ့ ဒီအချိန်မှာ ဒီအကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်နေတာလဲလို့ ပြောမယ်ဆိုရင် လက်နက်ရှိတဲ့သူများသည် အားကြီးတယ်ဆိုတဲ့ အခြေအနေ ရောက်နေလို့ပါ။ စစ်တပ်သည် သူ့မှာ လက်နက်ရှိတယ်၊ အာဏာရှိတယ်၊ ပြည်သူလူထုကို ဖိနှိပ်မယ်၊ နိုင်ငံရေးထဲမှာ ပါဝင်မယ်။ သူ အာဏာတွေ အားလုံးကို တစ်ဦးတည်းက ရယူထားပြီး လူထုကို စိတ်ကြိုက် ပြုမူလို့ ရနေတာသည် ဒီနေ့ ကြုံတွေ့နေရတဲ့ အခင်းအကျင်းရဲ့ အရင်းအမြစ် ပြဿနာလို့တောင် ပြောလို့ရတယ်။
❤1
ဒါကြောင့် လူသားလုံခြုံရေးကို သွားမယ်ဆိုရင် နံပါတ် (၁) အရေးကြီးတာက စစ်တပ်သည် နိုင်ငံရေးထဲကနေ ထွက်ဖို့ လိုလိမ့်မယ်။ စစ်တပ်သည် Professional ကျတဲ့ စစ်တပ်ပဲ ဖြစ်ရမယ်။ ဒီနေ့လိုမျိုး နိုင်ငံရေးထဲမှာ ဝင်ရှုပ်၊ ပြည်သူလူထုကို ဖိနှိပ်၊ ဖမ်းဆီး၊ သူ့နှုတ်က ထွက်လာတဲ့ အမိန့်မှန်သမျှသည် ဥပဒေဖြစ်မယ်၊ သူ ကျင့်သုံးလိုက်တဲ့ အရာတွေမှန်သမျှကို အကောင်အထည်ဖော်ပေးဖို့အတွက်ပဲ ဝန်ထမ်းယန္တရားထဲမှာ တာဝန်ရှိတယ်၊ တရားရုံးကလည်း စစ်တပ်ရဲ့၊ စစ်အုပ်စုရဲ့ အကျိုးစီးပွားကိုပဲ လိုက်လျောနေရတယ်ဆိုရင် ဒါက မဟုတ်တော့ဘူး။

စစ်တပ်က နိုင်ငံရေးထဲက ထွက်သွားရင်ရော ကျွန်တော်တို့ လိုအပ်တဲ့၊ လိုချင်တဲ့ လုံခြုံမှုရှိတဲ့ Society ကို ဖန်တီးနိုင်မလားဆိုတော့ အဲလိုလည်း မဟုတ်ဘူး။ စစ်တပ်က နိုင်ငံရေးထဲက ထွက်သွားပြီးရင် နိုင်ငံရေးသမားတွေ၊ လူထုကို စေတနာထားတဲ့ ခေါင်းဆောင်တွေ တက်လာခဲ့ရင်တောင်မှ Bureaucratic ယန္တရားထဲမှာပါတဲ့ ရဲတွေ၊ တရားရုံးတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အစိုးရယန္တရား တစ်ခုချင်းစီက လူကို လူလို ရှုမြင်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာကာ ပြည်သူကို ဝန်ဆောင်မှု ပေးနေရမှာ ဖြစ်တယ်။ ပြည်သူ့ရဲ့ ကျေးဇူးရှင် မဟုတ်ဘူး၊ ပြည်သူကို ဝန်ဆောင်မှု ပေးနေရတယ်ဆိုတဲ့ အနေအထားကနေ လုပ်ငန်းဆောင်ရွက်ကြမယ့် ဝန်ထမ်းကောင်းတွေ အများကြီး လိုလိမ့်မယ်။ အဲဒီ ဝန်ထမ်းကောင်းတွေနဲ့ လည်ပတ်ထားတဲ့ ဝန်ထမ်းယန္တရားကြီးက ပြည်သူ့ကို မျက်နှာမူမယ်၊ ပြည်သူ့အကျိုးကို ရှေးရှုမယ်၊ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့ လုပ်ငန်းလုပ်နိုင်မယ်ဆိုတဲ့ အခင်းအကျင်းမျိုးကို နိုင်ငံရေးစနစ်က ဖန်တီးပေးရမယ်။

အဲလို နိုင်ငံရေးစနစ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ပြောနေတာ ဒီမိုကရေစီပဲ။ ဒီမိုကရေစီကို ကျွန်တော်တို့ သေချာချာ အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ်၊ ဒီယန္တရားထဲမှာ လည်ပတ်ကြမယ့် လူတွေရဲ့ စိတ်စေတနာလည်း မှန်ကန်ရမယ်၊ ပြည်သူ့အကျိုးကို ကြည့်ရမယ်။ အဲဒါမျိုးတွေနဲ့ ပြည့်စုံသွားပြီဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ လူသားလုံခြုံမှုကို အာမခံချက်ရှိရှိ တဖြည်းဖြည်း တက်လှမ်းနိုင်မှာ သေချာတယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့ ပြည်သူတွေက Active Citizenship ဖြစ်ရမယ်။ မဟုတ်ရင် မဟုတ်ဘူး၊ မှားရင် မှားတယ်၊ ဒီအစိုးရက အသုံးမကျရင် အသုံးမကျဘူး၊ လုပ်ပုံကိုင်ပုံ မှားရင် မှားတယ်ဆိုတာမျိုးကို ထောက်ပြဝေဖန်နိုင်တဲ့ အသိဉာဏ်၊ အသိပညာ၊ ထောက်ပြဝေဖန်ရဲတဲ့ အခြေအနေရှိတဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်။ ဒီလိုပဲ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ ဒါတွေ အားလုံး ဝိုင်းဝန်းကြမှ ကျွန်တော်တို့ လိုချင်တဲ့ လူသားလုံခြုံမှုကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။

အဲဒီဟာတွေ တစ်ဆင့်ချင်း သွားနိုင်ဖို့အတွက်ဆိုရင် ပင်မအရင်းအမြစ်၊ ပင်မပြဿနာကြီး ဖြစ်နေတဲ့ စစ်တပ်က နိုင်ငံရေးထဲမှာ ဝင်ထိုင်နေခြင်း၊ အာဏာတွေ အားလုံးကို လက်ကိုင်ထားပြီး လူထုကို ဖိနှိပ်လို့ ရနေခြင်းဆိုတာကို ကျွန်တော်တို့ အရင် ခွာချဖို့ လိုတယ်။ ဒါကြောင့် စစ်တပ်သည် professional စစ်တပ် ဖြစ်ဖို့ လိုလိမ့်မယ်။ စစ်ဖက် အရပ်ဖက် ဆက်ဆံရေး ကောင်းမွန်ဖို့ လိုလိမ့်မယ်။ စစ်တပ်ကို မှားရင် မှားတယ်ဆိုပြီး ဝေဖန်ထိန်းကျောင်းနိုင်တဲ့ အခင်းအကျင်းမျိုးကို ဖြည်းဖြည်းချင်း တက်လှမ်းနိုင်ဖို့က အဓိက အရေးကြီးတယ်လို့ ကျွန်တော် မြင်တယ်။

ဒီနေ့ စစ်တပ်ကတော့ ပြောနေစရာ မလိုပါဘူး။ စစ်တပ်ကို ကျွန်တော်တို့ကတော့ professional စစ်တပ်လို့လည်း မမြင်ဘူး၊ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေပဲ။ ဒါတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ အခြေအနေတွေ ရအောင် လုပ်ဆောင်ရလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။

"အမျိုးသားလုံခြုံရေးလား သို့မဟုတ် လူသားလုံခြုံရေးလား" စကားဝိုင်းဆွေးနွေးပွဲမှ ဆရာမ မေနှင်း ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ မန္တလေး (AFCC)
အတွင်းရေးမှူး ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။

"အတွေးအခေါ်လမ်း" စကားဝိုင်းဆွေးနွေးပွဲတွေကို People's Goal က စီစဥ် တင်ဆက်နေတာဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲ အပြည့်အစုံကို ပြည်သူ့ပန်းတိုင်ရဲ့ Facebook Page နဲ့ YouTube Channel မှာ သွားရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။
👍4❤1
"နိုင်ငံတကာရဲ့ မြန်မာ့အ‌ရေးချဉ်းကပ်ပုံနဲ့မူဝါဒ ပြောင်းလဲဖို့ လိုနေပြီလား"

■ လင်းသစ် (မဟာဝိဇ္ဇာ)

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုရဲ့ နေပြည်တော်ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘဲ ပြန်သွားရပြီးနောက် အာဆီယံ မူငါးချက်ကို ဆက်ကိုင်ထားကြောင်း ပြောဆိုတဲ့ သတင်းတွေကို ဖတ်ရင်း မြန်မာ့ပဋိပက္ခရဲ့ ကြီးထွားရှုပ်ထွေးလာမှုကြား တဖြည်းဖြည်း မှေးမှိန်လာနေတဲ့ အဓိကအကြောင်းရင်းအစစ်အမှန်ကို ပြန်သတိရစေခဲ့ပါတယ်။

စစ်အာဏာသိမ်းကာလ ငါးနှစ်ခွဲကျော်လာချိန်မှာ အာဆီယံမူငါးချက်အပါအဝင် နိုင်ငံတကာရဲ့ မြန်မာ့အရေး အသံထွက်ပေးမှုတွေ၊ ဖိအားပေးမှုတွေ၊ လေ့လာသုံးသပ် အဆိုပြုချက်တွေ၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့တွေနဲ့ ပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းမှုတွေကို ကျေးဇူးတင်မိပေမယ့် ဒါတွေဟာ ပဋိပက္ခရဲ့ အကိုင်းအခက်တွေအပေါ်မှာသာ အာရုံစိုက်ဖြေရှင်းနေကြတယ်လို့ ခံစားမိလာပါတယ်။

အမှန်တကယ်တော့ ဒီပြဿနာဟာ အလွန်ရှင်းလင်းတဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ စစ်အာဏာသိမ်းမှုကနေ စတင်ခဲ့တာပါ။ နိုင်ငံ့အာဏာကို ပြည်သူထံ ပြန်လည်အပ်နှင်းခြင်းကသာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြတ်တောက်နိုင်မယ့် အခြေခံအကျဆုံး နည်းလမ်းဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အရင်းခံတရားခံဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အာဏာရယူလိုမှုကနေ စတင်ခဲ့တာဆိုပေမယ့် သူချုပ်ကိုင်ထားတဲ့ စစ်တပ်က အင်အားသုံးပြီး အကောင်အထည်ဖော် ရပ်တည်ပေးလာချိန်မှာတော့ ပဋိပက္ခဟာ အဆမတန် ကြီးထွားလာခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီပဋိပက္ခရဲ့ အရင်းအမြစ်ကို ဖြတ်တောက်ဖို့ဆိုတာ လွယ်ကူတဲ့အခြေအနေမှာ မရှိတော့ဘဲ အင်နဲ့အားနဲ့ ဖိအားပေးပြီး အမြစ်ပါမကျန် တူးဖော်ဖြတ်တောက်ရတော့မယ့် အခြေအနေထဲ ရောက်လာခဲ့ရတာပါ။

ဒါပေမယ့် အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအမြင်မှာတော့ ပဋိပက္ခရဲ့ အရင်းအမြစ်ကို ဖြတ်တောက်ရေးဟာ ဦးစားပေးအစီအစဉ်ထဲ ရောက်မလာခဲ့ပါဘူး။ သူတို့ရဲ့ ပဋိပက္ခဖြေရှင်းရေး ပုံစံတွေဟာလည်း မြေပြင်ပေါ်မှာ ကြီးထွားဖြာထွက်ပြီး ရှုပ်ယှက်ခတ်နေတဲ့ ပဋိပက္ခအကိုင်းအခက်တွေကို ကိုယ်မြင်ရတဲ့ဘက်ကနေ ကိုယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ ချဉ်းကပ်ကြိုးစားနေကြသလိုမျိုး ဖြစ်နေတာပါ။

တစ်ဖက်မှာလည်း ပဋိပက္ခရဲ့ ရေသောက်မြစ်နဲ့ ပင်စည်ကို ဖြတ်တောက်ဖို့ လိုအပ်တဲ့ ဖိအားပမာဏက ကြီးမားရှုပ်ထွေးလွန်းတာကြောင့် အကိုင်းအခက်တွေပေါ်မှာပဲ အာရုံစိုက်ပြီး ကြည့်ပျော်ရှုပျော် ဖြစ်ရင်ပဲ ရပါပြီဆိုတဲ့ ယူဆချက်မျိုးနဲ့ ချဉ်းကပ်တွန်းအားပေးမှုတွေလည်း တွေ့လာရပါတယ်။

ပဋိပက္ခရဲ့ ဆိုးကျိုးကို အသက်၊ ဘဝ၊ အိုးအိမ်စည်းစိမ်တွေနဲ့ ရင်းပြီး ခါးစည်းခံနေရတဲ့ မြန်မာပြည်သူတွေကတော့ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု၊ စစ်ပွဲတွေရဲ့ အကျိုးဆက်နဲ့ မတရားမှုတွေကြားမှာ နစ်မွန်းရင်း ရှင်ကျန်ရပ်တည်နိုင်ရေးအတွက် နေ့စဉ် ရုန်းကန်နေရပါတယ်။ သူတို့အတွက်တော့ အကိုင်းအခက်တစ်ခု ဖြတ်တောက်နိုင်တာဟာ ခဏတာ သက်သာရာရခြင်းသာ ဖြစ်ပြီး နောက်ထပ်အကိုင်းအခက်တစ်ခု ပြန်လည်ထွက်ပေါ်လာမယ့် အန္တရာယ်က အမြဲရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ အကိုင်းအခက်တွေကို ရှင်သန်စေတဲ့ ရေသောက်မြစ်က မပြတ်သေးလို့ပါပဲ။

မင်းအောင်လှိုင်ရဲ့ အာဏာလုယူမှုကနေ စတင်ခဲ့တဲ့ ဒီပဋိပက္ခဟာ သူ့ရဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ စစ်တပ်တစ်ခုလုံးကို အသုံးချလာတဲ့အခါ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အကျပ်အတည်းကြီး ဖြစ်လာခဲ့ပါတယ်။ အာဏာကို ပြန်မအပ်သရွေ့ အဲဒီအာဏာကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတွေကနေ ပဋိပက္ခအသစ်တွေဟာ ပုံစံမျိုးစုံ၊ ရှုထောင့်မျိုးစုံနဲ့ ဆက်လက်ပေါ်ပေါက်နေဦးမှာပါ။

ဒီနေ့ တိုက်ပွဲတစ်ခုကို ရပ်တန့်နိုင်ခဲ့ရင် မနက်ဖြန်မှာ နောက်ထပ်စစ်ရေးပဋိပက္ခတစ်ခု ပေါ်လာနိုင်ပါတယ်။ ဒီနေ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ဖြေရှင်းနိုင်ခဲ့ရင် မနက်ဖြန်မှာ နောက်ထပ်အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ စစ်ရာဇဝတ်မှုတစ်ခုကို တားဆီးနိုင်ခဲ့ရင်လည်း အဲဒီရာဇဝတ်မှုတွေကို ထပ်မံကျူးလွန်နိုင်စေတဲ့ အာဏာရှင်ယန္တရား မပြိုလဲသေးသရွေ့ နောက်ထပ်မတရားမှုတွေ ဆက်ဖြစ်နေဦးမှာပါ။

တစ်နည်းအားဖြင့် နိုင်ငံတကာဟာ ဒီပဋိပက္ခရဲ့ အရင်းအမြစ်ကို မဖြတ်တောက်နိုင်သရွေ့ အသစ်အသစ် ထွက်ပေါ်လာတဲ့ ပဋိပက္ခအကျိုးဆက်တွေကို လိုက်လံဖြေရှင်းနေရတဲ့ သံသရာထဲမှာပဲ ဆက်လက်လည်ပတ်နေရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတကာအနေနဲ့ မေးခွန်းတစ်ခုကို ရှင်းရှင်းလင်းလင်း ဖြေဖို့ လိုအပ်လာပါတယ်။

မြန်မာ့အရေးမှာ တကယ်တမ်း ဦးစားပေးရမယ့်အရာဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို တစ်ခုချင်းလိုက်လံဖြေရှင်းဖို့လား။ ဒါမှမဟုတ် အဲဒီအကျိုးဆက်တွေကို အဆက်မပြတ် ထုတ်လုပ်နေတဲ့ အာဏာသိမ်းမှုရဲ့ အရင်းအမြစ်ကို အဆုံးသတ်ဖို့လား။
❤1
အာဏာပြန်အပ်ဖို့ ဖိအားပေးမလား။ ဒါမှမဟုတ် အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်မှုတွေကို အားပေးထောက်ခံမလား။ ဒီရွေးချယ်မှုဟာ မြန်မာ့ပဋိပက္ခရဲ့ အမှန်တကယ် နိဂုံးအဆုံးသတ်ကို ရောက်နိုင်မလားဆိုတာ ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ် ရှင်သန်နေသရွေ့ တိုင်းပြည်ရဲ့ သယံဇာတတွေ၊ စီးပွားရေးအရင်းအမြစ်တွေကို ဆက်လက်စုပ်ယူဝါးမျိုပြီး အာဏာတည်မြဲရေးအတွက် အသုံးချနေဦးမှာပါ။ အဲဒီကနေတစ်ဆင့် ပဋိပက္ခအသစ်တွေ၊ စစ်ရာဇဝတ်မှုအသစ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေဟာ အကိုင်းအခက်အသစ်တွေအဖြစ် ဆက်လက်ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ အကျိုးဆက်တွေကိုသာ အာရုံစိုက်ဖြေရှင်းနေတဲ့ မူဝါဒကနေ အကြောင်းရင်းကို အဆုံးသတ်နိုင်ရေး ဦးစားပေးတဲ့ မူဝါဒဘက်ကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

အကိုင်းအခက်တွေကို ဘယ်လောက်ပဲ ဖြတ်ဖြတ် ရေသောက်မြစ် မပြတ်သေးသရွေ့ သစ်ပင်က ပြန်လည်ရှင်သန်နေဦးမှာပါ။ မြန်မာ့ပဋိပက္ခကိုလည်း အဲဒီအတိုင်းပဲ မြင်ဖို့ လိုပါတယ်။

မြန်မာ့အရေးမှာ လိုအပ်နေတာဟာ ပဋိပက္ခတစ်ခုချင်းစီကို ရပ်တန့်ပေးရုံသာ မဟုတ်ပါဘူး။ ပဋိပက္ခတွေကို အဆက်မပြတ် မွေးထုတ်နေတဲ့ အရင်းအမြစ်ကို အဆုံးသတ်ပေးဖို့ ဖြစ်ပါတယ်။ အကြောင်းရင်းကို မဖြေရှင်းဘဲ အကျိုးဆက်တွေကိုသာ လိုက်လံဖြေရှင်းနေသရွေ့ မြန်မာ့ပဋိပက္ခဟာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာအနေနဲ့ အကိုင်းအခက်တွေကို လိုက်ဖြတ်နေရတဲ့ အလုပ်ထက် ရေသောက်မြစ်ကို ဖြတ်တောက်နိုင်ရေးမှာ အမှန်တကယ် ရပ်တည်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
❤4
"မင်းအောင်လှိုင်၏ စိတ်မလုံခြုံမှုနှင့် အာဏာကို မလွတ်တမ်း ဖက်တွယ်ထားရသည့် အရင်းခံအကြောင်းတရားများကို တူးဆွကြည့်ခြင်း"

■ အရာရှိဟောင်းတစ်ဦး

သမ္မတတု မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ သတင်းဖော်ပြချက်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ ကောက်ချက်တွေကို မိမိရဲ့ တပ်တွင်းအတွေ့အကြုံတွေနဲ့ ဆက်စပ်လေ့လာကြည့်တဲ့အခါ ထပ်တလဲလဲ ပေါ်ထွက်လာတဲ့ စိတ်ပိုင်းအပြုအမူဆိုင်ရာ ယန္တရားတစ်ခုကို တွေ့လာရပါတယ်။

အဲဒါကတော့ မင်းအောင်လှိုင်ရဲ့ စိတ်မလုံခြုံမှုနဲ့ အနားယူခွင့်မရှိအောင် အဆက်မပြတ် လှုပ်ရှားတွန်းအားပေးခံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေပါပဲ။

သူ့ဆရာဖြစ်သူ သန်းရွှေဟာ ပြင်ဆင်သင့်တာတွေကို ကြိုပြင်ပြီး အဆင်သင့်ဖြစ်ချိန်မှာ သူယုံကြည်ရမယ်လို့ ယူဆထားသူ သိန်းစိန်နဲ့ မင်းအောင်လှိုင်ကို အာဏာလွှဲပေးပြီး စာကြည့်ခန်းထဲ အေးအေးဆေးဆေး ဝင်သွားခဲ့ပါတယ်။ အာဏာလွှဲပြီးနောက်ပိုင်းမှာလည်း သူ့အတွက် စိတ်လုံခြုံမှုတစ်ခု ရှိနေခဲ့ပုံရပါတယ်။

မင်းအောင်လှိုင်ကတော့ အမှားပေါ်အမှားဆင့်ရင်း အဲဒီလို စိတ်လုံခြုံမှုမျိုး မရနိုင်ခဲ့ဘူးလို့ ယူဆရပါတယ်။ စစ်ဘက်အာဏာကို လက်လွှဲခဲ့တဲ့ချိန်မှာတောင် မျက်ရည်စက်လက်နဲ့ ပူလောင်တုန်လှုပ်နေတဲ့ သူ့ပုံစံက အဲ့ဒီအချက်ကို အထင်အရှား ပြသနေပါတယ်။

တစ်နည်းဆိုရရင် သူဟာ အာဏာကို စွန့်ရမှာထက် စစ်အာဏာလက်လွှတ်ပြီးနောက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ပိုပြီး ကြောက်ရွံ့နေပုံရပါတယ်။ ဒါ့ကြောင့်လည်း ဉာဏ်နီဉာဏ်နက်တွေ၊ မာယာထောင်ချောက်တွေ၊ ဥပါယ်တံမျဉ်တွေ ရေလဲသုံးပြီး ကဏ္ဍပေါင်းစုံကို ချုပ်ကိုင်ထားနိုင်ဖို့ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ကြိုးစားနေသလို ထိပ်ဆုံးနေရာတွေကိုလည်း အထပ်ထပ် ဖန်တီးရယူနေမိတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာက သူ့ဆီ ပိုမိုစုစည်းလာလေလေ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကလည်း ပိုမိုကြီးထွားလာလေလေ ဖြစ်နေပုံရပါတယ်။

ဥပမာအားဖြင့် သူ သမ္မတလုပ်ဖို့ ရဲဝင်းဦးဆီ တပ်ချုပ်အာဏာ လွှဲခဲ့စဉ်က (တပ်တွင်းမှာ အားကောင်းတဲ့ အင်အားစုဖြစ်ပြီး သူနဲ့ အစဉ်အလာတူတဲ့) DSA ဆင်း ကျော်စွာလင်းကို ဒုတပ်ချုပ်နေရာမှာ ထားပြီး (အနည်းစုအင်အားဖြစ်တဲ့) OTS ဆင်း ရဲဝင်းဦးကို နေရာပေးသယောင်နဲ့ တစ်ဖက်ကနေ ပြန်လည်ထိန်းကျောင်းထားတာတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ကြောက်ရွံ့မှုကို မြင်နိုင်ပါတယ်။

ဒါ့အပြင် သူ သမ္မတရာထူး တက်ယူပြီးမကြာခင်ကာလဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ အမျိုးသားလုံခြုံရေးဗျူရို (NSB) ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌနေရာကို သူပဲ ရယူလိုက်ပြန်ပါတယ်။ ကာလုံရှိနေပါလျက် NSB ကို ထပ်မံဖွဲ့စည်းလိုက်တာဟာ အာဏာကို ဘယ်အဆင့်အထိ စုစည်းချုပ်ကိုင်ထားချင်သလဲဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

NSB ဟာ စစ်ဘက်လုံခြုံရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ နယ်စပ်ရေးရာနဲ့ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေလို နိုင်ငံရဲ့ အဓိက အသက်သွေးကြောတွေကို တစ်ဖွဲ့တည်းအောက်မှာ စုစည်းထားခြင်း ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် NSB ဟာ သာမန်လုံခြုံရေးအဖွဲ့တစ်ခုထက် ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုညှိနှိုင်း(ချုပ်ကိုင်)ရေးယန္တရားတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါဆို မင်းအောင်လှိုင်ဟာ ဘာကြောင့် ဒီလောက်အထိ စိတ်မလုံခြုံဖြစ်နေရတာလဲ။
ကျွန်တော်မြင်တာက အဓိကအကြောင်းရင်း သုံးချက်ရှိပါတယ်။

၁။ ပထမအချက်က သူကိုယ်တိုင် သန်းရွှေကို အာခံခဲ့ဖူးတဲ့ အတွေ့အကြုံပါ။
ကိုယ်တိုင်က အာဏာရချိန်မှာ အာဏာလက်မဲ့ဖြစ်သွားတဲ့ ဆရာဖြစ်သူကို ပြန်အာခံခဲ့ဖူးသူတစ်ယောက်အနေနဲ့ ကိုယ့်နောက်တက်လာမယ့် တပ်ချုပ်သစ်ကလည်း ကိုယ့်အပေါ် အလားတူ ပြန်လုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ် ရှိနေတာပါ။ ကိုယ်ပြုခဲ့ဖူးတဲ့ လုပ်ရပ်မျိုးကို သူတစ်ပါးက ကိုယ့်အပေါ် ပြန်လုပ်လာနိုင်ခြေကို တွေးကြောက်နေတာလို့လည်း မြင်နိုင်ပါတယ်။

၂။ ဒုတိယအချက်က မိသားစုရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ အာဏာဆက်စပ်နေမှုပါ။
သူ့အာဏာကို မှီခိုပြီး မိသားစုက ရယူထားတဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့ အကျိုးစီးပွားတွေကို ဆက်လက်ကာကွယ်ပေးနိုင်ဖို့ အမြင့်ဆုံးအာဏာရဲ့ အကာအကွယ် လိုအပ်နေပါတယ်။ အာဏာလျော့နည်းသွားတာနဲ့အမျှ အဲဒီအကာအကွယ်တွေပါ လျော့နည်းပျောက်ကွယ်သွားနိုင်တဲ့အတွက် သူ့မိသားစုအကျိုးစီးပွားအနာဂတ်ဖိအားက သူ့အတွက် အာဏာကို လက်မလွှတ်နိုင်စေတဲ့ တွန်းအားတစ်ခု ဖြစ်နေပါတယ်။

၃။ တတိယအချက်က သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရနိုင်ခြင်းပါ။
အာဏာလျော့ကျသွားတဲ့အခါ သူ့အနီးအနားက လူတွေ၊ သူ့အာဏာကို မှီခိုခဲ့ကြသူတွေက ကိုယ်လွတ်ရုန်းပြီး သူ့ကို တာဝန်ခံခိုင်းထားခဲ့ရင် သူကိုယ်တိုင် စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထားတွေနဲ့တကွ တရားစွဲဆိုခံရနိုင်ပါတယ်။ အမှုအခင်းတွေရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး အမြင့်ဆုံးပြစ်ဒဏ်အထိ ရင်ဆိုင်ရနိုင်သလို သူ့မိသားစုက သူ့အာဏာကို အရင်းပြုပြီး နိုင်ငံနဲ့ပြည်သူတွေဆီကနေ မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံရနိုင်ပါတယ်။
အထက်ပါအချက်သုံးချက်ကို ဆက်စပ်ကြည့်လိုက်ရင် မင်းအောင်လှိုင်ဟာ အာဏာကို ရယူဖို့အတွက်သာ ကြိုးစားနေတာ မဟုတ်ဘဲ အာဏာဆုံးရှုံးသွားတဲ့အခါ ရင်ဆိုင်ရနိုင်တဲ့ အကျိုးဆက်တွေကနေ လွတ်မြောက်ဖို့ပါ ကြိုးစားနေရတာလို့ မြင်မိပါတယ်။

တစ်နည်းအားဖြင့် သူ့အတွက် အာဏာဟာ အရသာတစ်ခုထက် ပိုပါတယ်။ သူကိုယ်တိုင်နဲ့ မိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးထားတဲ့ ဒိုင်းကာဖြစ်သလို သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံရခြင်းကနေ ရှောင်လွှဲနိုင်မယ့် တစ်ခုတည်းသောထွက်ပေါက်လည်း ဖြစ်နေပါတယ်။

ဒါ့ကြောင့် အာဏာကို လက်လွှတ်လိုက်ရမယ့်နေ့ဟာ သူ့အတွက် ရာထူးတစ်ခု ဆုံးရှုံးရုံမျှ မဟုတ်ပါဘူး။ သူတည်ဆောက်ထားတဲ့ အကာအကွယ်တွေ၊ ရယူထားတဲ့ မိသားစုအကျိုးစီးပွားတွေနဲ့ ကိုယ်ပိုင်လွတ်မြောက်ခွင့်တွေပါ တပြိုင်နက် ပြိုလဲသွားနိုင်တဲ့နေ့ ဖြစ်နေတာပါ။

အဲဒီလို အခြေအနေမျိုးမှာ အာဏာကို စွန့်လွှတ်ဖို့ သူ့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

ကုန်ကုန်ပြောရရင် မင်းအောင်လှိုင်ဟာ အာဏာရဲ့ အရသာကို မက်မောလို့ ဖက်တွယ်ထားရာကနေ အာဏာဆုံးရှုံးသွားရင် ရင်ဆိုင်ရမယ့် အကျိုးဆက်တွေကို ကြောက်လို့ မလွတ်တမ်း ဖက်တွယ်ထားရတဲ့ အခြေအနေမျိုးနဲ့ အာဏာသံသရာစက်ဝန်းထဲ သူ့ကိုယ်သူ ပိတ်မိနေပြီလို့ သုံးသပ်ရပါတယ်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
👍2
"၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၇၃ ဦး ရှိခဲ့"

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၇၃ ဦး အလင်းဝင်ပူးပေါင်းလာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၁၂ ဦး)။

- စစ်သား ၁၁ ဦး။
- ရခိုင်ပြည်နယ် (၂)၊ နေပြည်တော်တိုင်း (၁)၊ စစ်ကိုင်းတိုင်း (၆)၊ မကွေးတိုင်း (၂)။
*(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၁ ဦးအနက် ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*

- ရဲ ၁ ဦး။
- ရန်ကုန်တိုင်း (၁)။

စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၆၁ ဦး)

- စစ်သား ၅၆ ဦး။
- မကွေးတိုင်း (၁)၊ ရခိုင်ပြည်နယ် (၃၈)၊ ချင်းပြည်နယ် (၁၇)။
*(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၅၆ ဦးအနက် ၁၆ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*

- ပြည်သူ့စစ် ၅ ဦး။
- မကွေးတိုင်း (၄)၊ မန္တလေးတိုင်း (၁)။

သတင်းကိုးကား - တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများ။

မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၁၁၀ ဦးထိရှိခဲ့ပါသည်။

ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : [@PeopleGoal]
- ဗိုက်ဘာ : +66 94 652 9985

#PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #၂၀၂၆ #အောက်တိုဘာလ
❤3