The Irrawaddy - Burmese
✔
75K subscribers
38.7K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ခေါင်းစည်းပဝါမပါဘဲ ဖျော်ဖြေခဲ့သည့် အဆိုတော်ကို အီရန် ကြိမ်ဒဏ်ရိုက် အပြစ်ပေး

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆။

“အများပြည်သူဆိုင်ရာ ကိုယ်ကျင့်တရားကို ထိခိုက်စေမှု” ဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် အီရန်နိုင်ငံသည် အဆိုတော်တဦးနှင့် သူမ၏ ထုတ်လုပ်ရေးအဖွဲ့ကို ကြိမ်ဒဏ်ရိုက် အပြစ်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ပါရာစတူး အာမဒီ Parastoo Ahmadi နှင့် သူမ၏ အဖွဲ့ဝင်လေးဦးတို့အား ချမှတ်ထားသည့် ကြိမ်ဒဏ် ၇၄ ချက်စီကို တနင်္လာနေ့က ကွမ် Qom မြို့တွင် စီရင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုတော်၏ ရှေ့နေက ပြောသည်။

မဖြစ်မနေ ဝတ်ဆင်ရမည့် ဟီဂျပ် (ခေါင်းစည်းပဝါ) မပါဘဲ အမျိုးသားဂီတပညာရှင်များနှင့်အတူ အာမဒီ ဖျော်ဖြေနေသည့် ဗီဒီယိုဖိုင်ကြောင့် “အွန်လိုင်းပေါ်တွင် ညစ်ညမ်းပြီး ကိုယ်ကျင့်တရားပျက်ပြားစေသော အကြောင်းအရာများ ထုတ်လုပ်ဖြန့်ချိမှု” ဖြင့် ၎င်းတို့ ငါးဦးကို မြို့နယ်တရားရုံးက ဇွန်လအတွင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက YouTube တွင် တင်ခဲ့ခြင်းဖြစ်သည်။ ကြိမ်ဒဏ်အပြင် ၎င်းတို့ ငါးဦးစလုံးကို အနုပညာနှင့် ဂီတဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်နှင့် အီရန်နိုင်ငံမှ ထွက်ခွာခွင့်တို့ကို နှစ်နှစ်ကြာ ပိတ်ပင်ထားသည်။

အနောက်နိုင်ငံအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့များက ကြိမ်ဒဏ်ပေးခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတမျိုးဖြစ်ကြောင်း ပြစ်တင်ရှုတ်ချထားကြသည်။

အီရန်နိုင်ငံကမူ ၎င်း၏ လူ့အခွင့်အရေးမှတ်တမ်းအပေါ် ဝေဖန်မှုများကို ပယ်ချခဲ့ပြီး အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ချိုးဖောက်မှုများကိုသာ ဖြေရှင်းသင့်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ်တွင် ဝတ်စားဆင်ယင်မှုစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် အချုပ်ခန်းအတွင်း သေဆုံးသွားခဲ့သည့် ကာ့ဒ်လူမျိုး အီရန်အမျိုးသမီး မာရှာအမနီ Mahsa Amini ၏ ဖြစ်ရပ်နောက်ပိုင်း အီရန်၏ မဖြစ်မနေ ဟီဂျပ်ဝတ်ဆင်ရမည့် စည်းမျဉ်းများသည် ဆန္ဒပြပွဲများ၏ အဓိကအကြောင်းရင်း ဖြစ်လာခဲ့သည်။

ထိုအချိန်မှစ၍ တီဟီရန်မြို့နှင့် အီရန်နိုင်ငံအနှံ့အပြားတွင် အမျိုးသမီးအများအပြားက အဆိုပါစည်းမျဉ်းများကို ဖီဆန်လာကြပြီး အာဏာပိုင်များဘက်ကလည်း စည်းမျဉ်းတင်းကျပ်မှုများကို အခြေအနေအလိုက် ရွေးချယ်လုပ်ဆောင်လာခဲ့သည်။

ကိုးကား။ ။ Al Jazeera သတင်း Iran flogs singer Parastoo Ahmadi for performing without headscarf

ဓာက်ပုံ - ပါရာစတူး အာမဒီ Parastoo Ahmadi နှင့် သူမ၏ ဂီတအဖွဲ့ ဖျော်ဖြေနေစဉ်
👎25😱7😁5👍2😭1
😁28👍8
CEO ပြန်ဖြစ်လာသော ဂျန်ဆန်ဟွမ်းကို လွှတ်တော်ကြားနာပွဲက စောင့်နေ

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆။

Nvidia ကုမ္ပဏီ၏ CEO အဖြစ် ဂျန်ဆန်ဟွမ်း ပြန်လည်တာဝန်ယူမည့် ကြေညာချက်အပေါ် စတော့ရှယ်ယာဈေးကွက်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသော်လည်း အမေရိကန်လွှတ်တော်အမတ်များကမူ အံ့အားသင့်တုန်လှုပ်ခဲ့ကြပြီး လာမည့်အပတ်တွင် လွှတ်တော်၌ မေးခွန်းများ ဆက်လက်ဖြေကြားရမည်ဟု ပြောကြားလိုက်သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့က တရုတ်သူလျှိုဟု ယူဆထားသည့် အမျိုးသမီးတဦးအပါအဝင် အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းများကြောင့် ရာထူးမှ နုတ်ထွက်ပြီး ၁၁ ရက်အကြာတွင် ဟွမ်း အား ကုမ္ပဏီက ရာထူးပြန်လည်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိများထံမှ "အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ခြေမရှိကြောင်း" အကြံပြုချက်ရရှိပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Nvidia ဒါရိုက်တာအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒါရိုက်တာအဖွဲ့နှင့် စကားပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအရ လုံခြုံရေးပြဿနာမရှိကြောင်း အတည်ပြုခဲ့သည်ဟု CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် နှစ်ဖက်စလုံးမှ လွှတ်တော်အမတ်များက အမျိုးသားလုံခြုံရေးနှင့် တရုတ်နိုင်ငံသို့ Nvidia ချစ်ပ်ပြားများ မှောင်ခိုတင်သွင်းမှုဆိုင်ရာ စိုးရိမ်မှုများအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တချို့က ယခုဆုံးဖြတ်ချက်သည် အမေရိကန်စစ်တပ်နှင့် နိုင်ငံသားများအတွက် လုံခြုံရေးအန္တရာယ် ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။

ဒီမိုကရက်ခေါင်းဆောင်များကမူ ထရမ့်သည် နိုင်ငံတော်လုံခြုံရေးထက် ၎င်း၏ ကိုယ်ကျိုးစီးပွားနှင့် သူဌေးကြီးများ၏ အကျိုးစီးပွားကို ဦးစားပေးနေကြောင်း စွပ်စွဲခဲ့ကြပြီး Nvidia နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ ထို့ပြင် ထရမ့်သည် Nvidia ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းနှင့် Nvidia က အိမ်ဖြူတော် စီမံကိန်းတခုသို့ ဒေါ်လာ ၂၅ သန်း လှူဒါန်းထားခြင်းတို့ကြောင့် သမ္မတ၏ အာမခံချက်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ဟွမ်း သည် စီစဉ်ထားသည့်အတိုင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် အောက်လွှတ်တော် ကော်မတီသုံးခုရှေ့မှောက်၌ တံခါးပိတ် စစ်ဆေးမေးမြန်းမှု ခံယူရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီ၌ အများပြည်သူရှေ့မှောက် ထွက်ဆိုချက် ပေးရမည်ဖြစ်သည်။

ကိုးကား။ ။ NBC သတင်း Congress reacts with anger and skepticism about Jensen Huang reinstatement
👍33❤10😁5
😁6👍1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၂၄၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးဖြစ်ပြီး ပြင်ပလက်ကားဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကာ ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၇၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၃,၈၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၃,၈၈၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၁၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၀၄၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅,၂၈၀ ကျပ်ဝန်းကျင်တွင်ရှိနေ (ဈေးတက်နေ)
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၆၅၆
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၆,၉၅၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍22👎2😁1🤔1
👍27😁2
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းမှ လာအိုနိုင်ငံ တရားဝင်လွတ်မြောက်

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

လာအိုနိုင်ငံသည် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) စာရင်းတွင် ၅၅ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်တွင် အဆိုပါစာရင်းမှ တရားဝင်လွတ်မြောက်သွားပြီ ဖြစ်သည်။ ၁၉၇၁ ခုနှစ်ကတည်းက ယင်းစာရင်းတွင် ပါဝင်ခဲ့သော လာအိုနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင် စာရင်းမှ လွတ်မြောက်ရန် အမျိုးသားရေးရည်မှန်းချက် ချမှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံမှန်ပြင်ဆင်ချိန် ၃ နှစ်အစား ၅ နှစ် အထူးခွင့်ပြုချက် ရရှိခဲ့သည်။

ကုလသမဂ္ဂ၏ ၂၀၂၄ ခုနှစ် သုံးသပ်ချက်အရ လာအိုနိုင်ငံသည် လူတဦးချင်း အမျိုးသားဝင်ငွေ အမေရိကန်ဒေါ်လာ ၂,၅၀၃၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လူသားအရင်းအမြစ် အညွှန်းကိန်း ၇၄.၈ နှင့် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လွယ်မှု အညွှန်းကိန်း ၂၉.၈ စသည့် သတ်မှတ်စံနှုန်း ၃ ခုစလုံးကို ပြည့်မီခဲ့သည်။

သို့သော်လည်း စီးပွားရေးအရ လုံးဝစိတ်ချရသည့် အခြေအနေ မဟုတ်သေးကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။ ကြွေးမြီဝန်ထုပ်ဝန်ပိုး (ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်းခန့် ကြွေးမြီပြန်ဆပ်နေရမှု) နှင့် ပြင်ပလောင်စာဆီဈေးနှုန်း ရိုက်ခတ်မှုများကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများတွင် အသုံးစရိတ် လျော့နည်းလာနိုင်ခြေ ရှိနေသည်။

LDC စာရင်းမှ လွတ်မြောက်ခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာမည် ဖြစ်သည်။ ဖွံ့ဖြိုးရေးအကူအညီ အများစုကို ဆက်လက်ရရှိနေဦးမည် ဖြစ်သော်လည်း LDC နိုင်ငံများအတွက် သီးသန့်ပေးအပ်ထားသည့် အထူးအခွင့်အရေးများ၊ ကုန်သွယ်မှုဆိုင်ရာ ဦးစားပေးမှုများနှင့် အတိုးနှုန်းသက်သာသော ချေးငွေအခွင့်အလမ်းအချို့မှာမူ တဖြည်းဖြည်း လျော့နည်းသွားမည် ဖြစ်သည်။ သို့သော် ကုန်းတွင်းပိတ် ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ရာ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာအကူအညီများကို ဆက်လက်ရရှိနေမည် ဖြစ်သည်။

လာအိုအစိုးရသည် ရရှိပြီးသား အောင်မြင်မှုများ ရေရှည်တည်တံ့စေရန် ၂၀၂၆-၂၀၃၀ အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အသွင်ကူးပြောင်းရေး မဟာဗျူဟာကို ထည့်သွင်းရေးဆွဲထားသည်။ ယင်းမဟာဗျူဟာတွင် ဘဏ္ဍာရေးတည်ငြိမ်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှု စီမံခန့်ခွဲရေးတို့ ပါဝင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။

ကိုးကား။ ။ Khaosod သတင်း LAOS LEAVES UN’S LEAST DEVELOPED COUNTRY LIST AFTER 55 YEARS
👍37❤9😁3
👍15👎6😁4
ICJ စီရင်ချက်အပြီး ဒုက္ခသည်ပြန်ပို့ရေး မြန်မာနှင့် ဆက်ပူးပေါင်းမည်ဟု မလေးရှားဝန်ကြီးချုပ် ပြော


ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆


ရိုဟင်ဂျာများအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ် နှိမ်နင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) စီရင်ချက်ချပြီးနောက် မလေးရှားရောက် ဒုက္ခသည်များပြန်ပို့ရေးအတွက် အာဏာသိမ်းအစိုးရနှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယနေ့ လွှတ်တော်အစည်းအဝေး၌ ပြောသည်။


မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုများသည် မလေးရှားနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်သလို ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများ “ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အာမခံရန်” ဟူသည့် ICJ ၏ စီရင်ချက်နှင့်လည်း ကိုက်ညီမှုရှိကြောင်း အန်ဝါက ဆိုသည်။


မလေးရှားအနေဖြင့် မြန်မာပြည်သူများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် မူဝါဒများကို စွန့်လွှတ်ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နှင့် အာဆီယံကြား ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက် ထောက်ခံနေဆဲဖြစ်ကြောင်း ထပ်လောင်း ပြောသည်။


လာမည့် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် မြန်မာစစ်သင်္ဘော ၃ စီးဖြင့် အထောက်အထားမဲ့ ၁,၅၀၀ နှင့် ၅,၃၀၃ ကို လေကြောင်းဖြင့်ပြန်ပို့ရန် ခွင့်ပြုထားကြောင်းလည်း အန်ဝါ က ပြောဆိုသည်။


သို့သော် နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့သည့် ICJ စီရင်ချက်သည် နေရပ် စွန့်ခွာ ရိုဟင်ဂျာများ မိမိသဘောဆန္ဒအလျောက် ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာ ရှိစွာ နေရပ် ပြန်နိုင်ရေးကိုသာ အဓိက ညွှန်ကြားထားခြင်းဖြစ်ပြီး အခြားနိုင်ငံများရှိ ထိန်းသိမ်းရေးစခန်းများမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။
❤15😁8👍5👎2
Media is too big
VIEW IN TELEGRAM
ဒုတိယတကြိမ်မှာတော့ ကျနော်ပိုကောင်းတဲ့ CEO ယောက်ဖြစ်လာစေရပါမယ်လို့ ပြောခဲ့တဲ့ Jensen Huang

နိုဝင်ဘာ ၂၄၊ ၂၀၂၆

Nvidia ရဲ့ စီအီးအိုဖြစ်သူ Jensen Huang ဟာ မကြာသေးခင်ကပဲ တရုတ်သူလျှိုလို့ သံသယရှိသူတဦးနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းတွေကြောင့် ရာထူးကနေနှုတ်ထွက်ခဲ့ရတာပါ။

#မြန်မာ #ဧရာဝတီ #NVIDIA #CEO #JensenHuang
👍21😁5❤4😭3
ရိုဟင်ဂျာ ရာဇဝတ်မှု ဘယ်သူအမိန့်ပေးခဲ့သလဲ

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် လူအများ အဓိက သိချင်လာကြတဲ့ မေးခွန်းကတော့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ ဒီရာဇဝတ်မှုတွေကို ဘယ်သူတွေက အမိန့်ပေး ကွပ်ကဲခဲ့သလဲ ဆိုတာပါပဲ။

ICJ ရဲ့ တွေ့ရှိချက်အရ "နယ်မြေရှင်းလင်းရေး" လို့ ခေါင်းစဉ်တပ်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၁၀၀၀၀ ဝန်းကျင်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

https://youtu.be/X0a9ymtDA8c
👍26❤12👎1😁1😭1
ရိုးရာအနှစ်သာရ ပျောက်ဆုံးမှာ စိုးရိမ်နေကြတဲ့ တောင်ကြီးတန်ဆောင်တိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲဟာ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးယုံကြည်မှုကို အခြေခံတဲ့ ပွဲတော်တခုဖြစ်ပေမဲ့ ဒီနှစ်မှာတော့ အရက်ဘီယာဆိုင်တွေနဲ့ စီးပွားရေး ဆိုင်ခန်းတွေ ပိုမိုများပြားလာလို့ ရိုးရာအနှစ်သာရတောင် ပျောက်မှာ စိုးရိမ်တယ်လို့ ဒေသခံတိုင်းရင်းသားတွေက ပြောပါတယ်။

ဆိုင်ခန်းတွေကြောင့် မီးပုံးပျံကြည့်ရှုနိုင်တဲ့နေရာတွေ လျော့နည်းလာပြီး လူသွားလမ်းနဲ့ ပွဲတော်ရဲ့ အနှစ်သာရကိုပါ ထိခိုက်လာတယ်လို့ ဆိုကြပါတယ်။ ဒါဟာ ပွဲတော်ရဲ့ ရိုးရာအနှစ်သာရကို ထိန်းသိမ်းဖို့ထက် စီးပွားရေးအကျိုးအမြတ်ကို ပိုဦးစားပေးလာတဲ့ ပွဲတော်စီမံခန့်ခွဲမှုပုံစံလားဆိုတဲ့ မေးခွန်းကိုလည်း ထွက်ပေါ်လာပါတယ်။

တချိန်က အိုးစည်ဗုံမောင်းသံတွေနဲ့ ကျယ်ဝန်းတဲ့ မီးပုံးပျံကွင်းကြီးကို ထင်းကနဲ မြင်တွေ့အားပေးခွင့်ရခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ဟာ အခုချိန်မှာတော့ ဈေးဆိုင်ခန်းတွေ၊ ဘီယာဘားတွေနဲ့ လူပြည့်ကျပ်မှုကြား မွန်းကျပ်နေတဲ့ အခြေအနေကို ရောက်လာပါတယ်။

ဒီလို စီးပွားရေးဆန်ဆန် အသွင်ပြောင်းလဲမှုတွေက ဘာသာရေးယုံကြည်မှုနဲ့ ရိုးရာအစဉ်အလာကို အခြေခံတဲ့ ပွဲတော်ရဲ့ မူလအနှစ်သာရ မှေးမှိန်ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် နောင်လာမယ့် ပွဲတော်တွေမှာ စီးပွားရေးအကျိုးအမြတ်တခုတည်းထက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဌာနေတိုင်းရင်းသားတွေ ဘေးကင်းအဆင်ပြေစွာ ပါဝင်ဆင်နွှဲနိုင်ရေးကို ပြန်လည်ဦးစားပေးလာဖို့က တောင်ကြီးဒေသခံတွေရဲ့ အဓိက လိုလားချက် ဖြစ်နေပါတယ်။


https://youtu.be/Zqyg8CkWtxI
#ဧရာဝတီ #မြန်မာ #တောင်ကြီး #တန်ဆောင်တိုင် #မီးပုံးပျံ #ရိုးရာ
👍28❤3😁3🤔1
• ICJ နောက်ဆက်တွဲ မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးကို ဗြိတိန်အရေးယူ
• ICJ စီရင်ချက်အပေါ် မနက်ဖြန်မှာ ကုလတံခါးပိတ်ဆွေးနွေးမယ်
• ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ပြော

• ကျားဖြန့်လုပ်နေတဲ့ တရုတ် ၃၀၀ ကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းမိ

• ပန်းရောင်းတဲ့ မြန်မာသားအမိ ပြန်ပေးဆွဲခံရမှု ထိုင်းရဲ ၅ ဦး စစ်ဆေးခံနေရ

• NVIDIA CEO အဖြစ် ဂျင်ဆင်ဟွမ် ပြန်လည်ခန့်အပ်ခံရ

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

https://youtu.be/A-MDAWktbcA
👍36❤6😁2
သာမန် အရှုပ်တော်ပုံ မဟုတ်ဘူး

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

ကမ္ဘာ့ထိပ်တန်း နည်းပညာ သူဌေး ဂျန်ဆန်ဟွမ်း အရှုပ်တော်ပုံတွေကြား နုတ်ထွက်အပြီး တပတ်ကျော်အကြာ စီအီးအိုနေရာပြန်အလာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီမြို့မှာ နေထိုင်နေသူ မြန်မာသတင်းစာဆရာ ငြိမ်းချမ်းအေးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်က ဆက်သွယ် မေးမြန်းဆွေးနွေးထားပါတယ်။


https://youtu.be/bAeR0mLjpfA
👍4