The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အစ္စရေး ရွေးကောက်ပွဲ မည်သူမျှ ရေရေရာရာ အနိုင်မရရှိသေး

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟူး နှင့် သူ၏ ပင်မပြိုင်ဘက် စစ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်ဆန်ကော့တ် (Gadi Eisenkot) တို့သည် အပြတ်အသတ် အနိုင်ရရှိရန် အလှမ်းဝေးနေပုံရကြောင်း မဲရုံစစ်တမ်းများက ညွှန်ပြနေသည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း မဲပေးသူဦးရေ အများဆုံးဖြစ်ခဲ့သည့် အဆိုပါရွေးကောက်ပွဲတွင် နောက်ဆုံး ခန့်မှန်းချက်များအရ နာတာညာဟူး၏ မဟာမိတ်အဖွဲ့က ဦးဆောင်နေသော်လည်း အမတ်နေရာ အများစုရရှိရန် အလွန်ပင် လိုအပ်နေသေးသည်။

အစ္စရေး Channel 12 သတင်းဌာန၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်၏ မဟာမိတ်အဖွဲ့သည် ယခင် ကနက်ဆက် (Knesset) လွှတ်တော်တွင် ၆၈ နေရာ ရရှိခဲ့ရာမှ ၅၂ နေရာအထိ ထိုးဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ အိုင်ဆန်ကော့တ်၏ မဟာမိတ်အဖွဲ့ကမူ ၄၉ နေရာ ရရှိမည်ဟု ခန့်မှန်းထားသည်။ စစ်တမ်းများအရ အာရပ်ပါတီများသည် စံချိန်တင် ကိုယ်စားပြုခွင့်ရရှိမည်ဟု ညွှန်ပြနေသဖြင့် အောင်ပွဲခံလျက် ရှိကြသည်။

နာတာညာဟူးက အဆိုပါရလဒ်များသည် သူ၏ လက်ယာယိမ်း မဟာမိတ်အဖွဲ့အနေဖြင့် "ဇီယွန်ဝါဒီနှင့် ဂျူးလူထု၏ ပြတ်သားသော အများစု" ၏ ထောက်ခံမှုကို ရရှိနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက အာရပ်ပါတီများကို "ဇီယွန်ဝါဒကို ဆန့်ကျင်သူများ" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်းတို့သည် "အစ္စရေး ဖျက်ဆီးခြင်းကို အားပေးသူများ" ဖြစ်သည်ဟု စွပ်စွဲကာ အစိုးရဖွဲ့စည်းရန် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် အယူအဆကို ငြင်းပယ်ခဲ့သည်။

နောက်ဆုံးရလဒ်များကို လာမည့် ၄၈ နာရီအတွင်း သိရှိနိုင်မည်ဟု မျှော်လင့်ရသော်လည်း မဟာမိတ်အစိုးရဖွဲ့စည်းရန် ရက်ပေါင်းများစွာ သို့မဟုတ် သီတင်းပတ်ပေါင်းများစွာပင် ကြာမြင့်နိုင်ပါသည်။ အနည်းစုအစိုးရဖွဲ့ခြင်း၊ ညွန့်ပေါင်းအစိုးရဖွဲ့ခြင်း သို့မဟုတ် နောက်ထပ် ရွေးကောက်ပွဲတခု ထပ်မံကျင်းပခြင်းတို့ ဖြစ်နိုင်ခြေ ရှိနေသည်။

ကိုးကား။ ။ CNN သတင်း No clear winner in Israel as exit polls suggest rebuke for Netanyahu

ပုံစာ - အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟူး(ယာ) နှင့် သူ၏ ပင်မပြိုင်ဘက် စစ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်ဆန်ကော့တ် (ဝဲ)
👍29❤8😁4
👍12😁2❤1
ယူကရိန်း ခါဆွန်ဒေသတလွှား အပစ်အခတ်ရပ်စဲရေး တိုးချဲ့

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆။

ရုရှားသိမ်းပိုက်ထားသော အိုလက်ရှ်ကီ (Oleshky) မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ရန် စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း တောင်ပိုင်း ခါဆွန် (Kherson) ဒေသတခုလုံးသို့ တိုးချဲ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေး ပြုလုပ်ပြီးပါက ကြာသပတေးနေ့တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ စတင်ပေးပို့မည်ဖြစ်ပြီး သောကြာနေ့တွင် ဒေသခံများကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးရန် စီစဉ်ထားသည်။ အပစ်အခတ်ရပ်စဲရေးသည် နိုဝင်ဘာ ၁ ရက် (တနင်္ဂနွေနေ့) အထိ ထိရောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတင်းမာမှု လျှော့ချရေးလည်း ဖြစ်သည်။

အိုလက်ရှ်ကီမြို့တွင် လူပေါင်း ၁,၇၀၀ မှ ၂,ဝဝ၀ ခန့် ပိတ်မိနေပြီး စားနပ်ရိက္ခာ၊ ရေနှင့် လျှပ်စစ်မီး ကင်းမဲ့နေသည်မှာ ကြာပြီဖြစ်သည်။ အမေရိကန် သမ္မတကတော် မီလာနီယာ ထရမ့် (Melania Trump) နှင့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) တို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အဆိုပါ အပစ်အခတ်ရပ်စဲရေး အဆင်ပြေခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းများကို လိုက်နာလျက်ရှိကြောင်း အတည်ပြုထားကြသည်။

ကိုးကား။ ။ BBC သတင်း Ceasefire extended across Ukraine's Kherson region, officials say

ပုံစာ - ကြားဝင်စေ့စပ်ပေးသူ အမေရိကန် သမ္မတကတော် မီလာနီယာ ထရမ့်
👍38❤4😁2
❤39😭18😁6👍4
ကုလသမဂ္ဂ၌ မြန်မာ့အရေးပဋိပက္ခ တင်ပြရင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း မျက်ရည်ကျ

ဧရာဝတီ၊ အောက်တိုဘာ၂၈၊ ၂၀၂၆

အာဏာသိမ်း စစ်အုပ်စု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လသား ကလေးငယ်မှသည် သက်ကြီးရွယ်အိုများအထိ အမည်များ ရေးထိုးထားသည့်ပုဝါကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြကာ သေဆုံးသူ အမည်ထပ်မတိုးရေး နိုင်ငံတကာက ကူညီပေးရန် ဝမ်းနည်းစွာ မျက်ရည်ကျလျက် တောင်းဆိုခဲ့သည်။

ဦးကျော်မိုးထွန်းက “ရဲရင့်ပြီး အပြစ်မဲ့တဲ့ ပြည်သူတွေ၊ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့သူတွေရဲ့ အမည်တွေကို ဖတ်လိုက်တဲ့အခါ ကျနော့် နှလုံးသားကြေကွဲရသလို လူတိုင်းရဲ့ နှလုံးသားလည်း ကြေကွဲရပါတယ်။ ဒီ ပုဝါကို သေချာကြည့်လိုက်ရင် ကျဆုံးသူတွေရဲ့ အမည်နဲ့ အသက်တွေကို တွေ့ရပါမယ်။ အငယ်ဆုံးက ၂ လသားပဲ ရှိပါသေးတယ်။ အသက်အကြီးဆုံးကတော့ ၁၀၅ နှစ်ပါ။ ကျူးလွန်ခံရသူတွေဟာ မျိုးဆက်တိုင်း ပါဝင်ပါတယ်။ သူတို့ရဲ့ အနာဂတ် တခုလုံးကို စစ်တပ်ရဲ့ ကျည်ဆန်တွေ၊ ဗုံးတွေက လုယူသွားခဲ့ပါတယ်။ အရက်စက်ဆုံး နည်းလမ်းနဲ့ပါ” ဟု တင်ပြခဲ့သည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းမှုကြောင့် သေဆုံးခဲ့ကြရသည့် နွေဦးတော်လှန်ရေးသူရဲကောင်းများနှင့် ပြည်သူများအမည်များ ရေးထိုးထားသည့် ပုဝါသည် Theatre21 မှ တော်လှန်ရေး ထုတ်ကုန် တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်ထိ အသက် ဆုံးရှုံးခဲ့ကြရသူ ၈,၀၉၅ ဦး၏ အမည်နှင့် အသက်များကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

ဆက်လက်၍ ၎င်းက “ဒီ ပုဝါပေါ်မှာ အမည်တွေ ထပ်တိုးလာတာကို ထပ်မဖတ်ချင်တော့ပါဘူး။ ကျနော်တို့ သူရဲကောင်းတွေကို ထပ်မရှုံးဆုံးချင်တော့ပါဘူး။ အပြစ်မဲ့ အရပ်သားတွေ၊ ကျနော်တို့ရဲ့ ကလေးတွေ၊ လူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေ၊ သက်ကြီးရွယ်အိုတွေကိုလည်း ထပ်မဆုံးရှုံးချင် တော့ပါဘူး။ မြန်မာ ပြည်သူတွေဟာ အလွန် ရဲရင့်ပြီး ကြံ့ကြံ့ခံကြပါတယ်။ သူတို့ဟာ နေရာတိုင်းမှာ ရှိနေကြပါတယ်။ NUG၊ EROs တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စည်းစည်းလုံးလုံး တော်လှန်နေကြပါတယ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ပါ။ ဒါပေမယ့် သူတို့ဟာ သင်တို့ရဲ့ အကူအညီ လိုအပ်နေပါတယ်” ဟု တောင်းဆိုခဲ့သည်။

ထို့အတူ မြန်မာပြည်သူများ၏အသက်များ ထပ်မံ ဆုံးရှုံးမှု မရှိစေရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လုပ်ဆောင်ပေးကြရန်၊ စစ်အုပ်စုထံသို့ စစ်လက်နက်နှင့် ငွေကြေးစီးဆင်းမှု မရှိစေရေးနှင့် လေယာဉ်ဆီများ ဖြတ်တောက်ရေး တို့ကိုလည်း ထည့်သွင်း တောင်းဆိုခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤76😭28😁10👍7👎1
Media is too big
VIEW IN TELEGRAM
အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာ လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်နေ့မှာ နေပြည်တော်ကို လာရောက်မှာပါ။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မေ ၆ ရက်နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မစ္စ လာဇာရိုက တွေ့ဆုံခွင့်ပေးဖို့ မြန်မာအာဏာသိမ်းအစိုးရကို တောင်းဆိုထားခဲ့ပေမယ့် အာဏာသိမ်းအစိုးရဘက်က ဒီတွေ့ဆုံခွင့်ကို ပယ်ချထားခဲ့တာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သတင်းတွေ ခပ်စိတ်စိတ်ထုတ်ပြန်တာအပြင် သားဖြစ်သူနဲ့ မိနစ် ၂၀ ဖုန်းပြောခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် တွေ့ဆုံခွင့်ပေးမလားဆိုပြီး စောင့်ကြည့်မှုတွေရှိနေပါတယ်။

#မြန်မာ #ဧရာဝတီ #ဖိလစ်ပိုင် #အာဆီယံ #မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် #ဒေါ်အောင်ဆန်းစုကြည် #နေပြည်တော် #WhatsHappeningInMyanmar
❤31👍18😁4
Media is too big
VIEW IN TELEGRAM
တောင်ကိုရီးယားနယ်စပ်ဘက်ကို မြောက်ကိုရီးယားမှ အမြောက်တွေနဲ့ ချိန်ရွယ်ထား

အောက်တိုဘာ ၂၈၊ ၂၀၂၆

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကြားတင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှ မြောက်ကိုရီးယားဟာ ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်အနီးမှာ ၁၂၂ မီလီမီတာ အမြောက်တွေတပ်ဆင်ထားတဲ့သံချပ်ကာယာဉ်တွေ တပ်ဖြန့်ထားပြီး တောင်ကိုရီးယားဘက်ကို ပြောင်း၀တွေချိန်ရွယ်ထားပါတယ်။

#မြန်မာ #ဧရာဝတီ #တောင်ကိုရီးယား #မြောက်ကိုရီးယား
👎35❤10😱6
❤9🤔5😁1
မန္တလေး Sky Villa မြေနေရာ လေလံတင်ပြီး အခန်းပိုင်ရှင်များအား ခွဲပေးမည်ဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား လမ်း ၆၀ ပေါ်ရှိ လူ ၂၀၀ ကျော် သေဆုံးခဲ့ရသော ငလျင်သင့် Sky Villa ကွန်ဒိုအိမ်ရာ မြေနေရာကို လာမည့် နိုဝင်ဘာလတွင် လေလံတင်ရောင်းချ၍ တိုက်ခန်းပိုင်ရှင်များအား ခွဲ ဝေပေးသွားမည်ဟု တိုက်ခန်းပိုင်ရှင်များ၊ Sky Villa ကွန်ဒိုအိမ်ရာနှင့် နီးစပ်သူများထံက သိရသည်။

အကျိုးသက်ဆိုင်ခွင့်ရှိသူများအနေဖြင့် ၇ ရက် အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စများ ဆက်လက်ဆောင်ရွက်မည်ဟု Sky Villa က ယမန်နေ့ သတင်းစာများ၌ ကြေညာထားသည်။

“ပထမက မြေပေါ်မှာ တိုက်ခန်းတွေ ပြန်ဆောက်ပြီး တိုက်ခန်းပိုင်ရှင်တွေကနေ အချိုးကျနဲ့ ထည့်ရမယ်ဆိုပြီး ညှိနှိုင်းခဲ့ကြတာ၊ အဆင်မပြေခဲ့လို့ အခုအစီအစဉ်ဖြစ်လာတာ၊ ကျနော်က မိသားစုဝင်ဆုံးရှံးတာမျိုး မရှိခဲ့ပေမယ့် နေစရာဆုံးရှုံးခဲ့ရတာ၊ အခုလိုမျိုး မြေနေရာကို ရောင်းပြီး အချိုးကျခွဲဝေပေးမယ်ဆိုတော့လည်း ကောင်းပါတယ်၊ ဆုံးရှုံးနစ်နာမှုတွေအတွက် နည်းနည်းတော့ ကာမိသွားစေတာပေါ့”ဟု အခန်းပိုင်ရှင်တဦးက ဧရာဝတီကို ပြောသည်။

Sky Villa ကွန်ဒိုကို မြေအချိုးကျပိုင်ဆိုင်ခွင့်ဖြင့် ရောင်းချခဲ့သဖြင့် မြေပိုင်ဆိုင်သူ ဦးနိုင်ထွန်းလင်း၊ ဇနီး ဒေါ်သက်သက်ခိုင်တို့နှင့် တိုက်ခန်းပိုင်ရှင်များ၏ ညှိနှိုင်းသဘောတူညီချက်အရ ဂရန်မြေကွက်များနှင့် ပိုင်ဆိုင်အကျိုးခံစားခွင့် များကို အချိုးကျ ခွဲဝေမည်ဟု သိရသည်။

၂၀၂၅ မတ်လ ၂၈ ရက်က မန္တလေးအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သောပြင်းထန်ငလျင်ကြီးကြောင့် ပြိုကျခဲ့ရာတွင် လူ ၂၀၀ ကျော်သေဆုံးခဲ့ရသဖြင့် တည်ဆောက်ခဲ့သည့် NTL ကုမ္ပဏီ(Sky villa condo) ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ ၃၀၄(က)အရ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ရာ အယူခံနှင့် ပြင်ဆင်မှုများ တက်ခဲ့သော်လည်း အောင်မြေသာစံခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် အစား ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ပြင်ဆင်အမိန့်ချမှတ်ထားသည်။

ငလျင်ကြောင့် ၁၁ ထပ်အမြင့် ရှိသည့် Sky Villa ကွန်ဒိုအိမ်ရာမှ အဆောက်အဦ ၄ လုံးသည် ၄ လွှာခန့် မြေကြီးအတွင်း ကျွံဝင်သွားကာ ကွန်ဒိုဧရိယာ ABCD ရှိသည့်အနက် BCD ဧရိယာ အကုန်ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

ငလျင်ဘေးသင့် Sky Villa ကွန်ဒိုအိမ်ရာတွင် လူဦးရေ ၄၀၀ ကျော်နေထိုင်သည့်အနက်မှ ၅၂ ဦး အသက်ရှင်လျက် ကယ်ထုတ် နိုင်ခဲ့သလို ရုပ်အလောင်း ၂၀၆ လောင်း တွေ့ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Sky Villa ကွန်ဒိုကို NTL Construction Co,Ltd မှ ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြင့် ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှု အခိုင်အမာနှင့် ဆောက်လုပ်ထားသဖြင့် နောင်ရေးအတွက် စိတ်အေးရသည်ဟုဆိုကာ အိမ်ရာ အထူးစျေးရောင်းပွဲတော်များ ပြုလုပ်၍ ကွန်ဒိုအခန်း ၁ ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၃၅၀၀ ဖြင့် ရောင်းချခဲ့ခြင်းဟု သိရသည်။

ပုံစာ-ငလျင်ကြောင့် Sky Villa ကွန်ဒို ပြိုကျမှုမြင်ကွင်း/GNLM

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍28❤10🤔5😁1
Media is too big
VIEW IN TELEGRAM
နေရပ်ပြန်ပို့လိုက်သူတွေကို မြန်မာစစ်တပ်ဖမ်းဆီးထားမှု မလေးရှားမေးခွန်းထုတ်

နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုထံပြန်မရောက်ဘဲ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်လို့ ရှင်းလင်းချက် တောင်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က လွှတ်တော်မှာ ပြောလိုက်ပါတယ်။

မလေးရှားလွှတ်တော်အစည်းအဝေးမှာ အောက်တိုဘာ ၂၆ ရက်နေ့က လွှတ်တော်အမတ် အာမက် တာမီဇီ ဆူလိုင်မန်က မလေးရှားကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၃၀၀ လောက်ဟာ ရန်ကုန်မြို့က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန်ချက်ကို မေးမြန်းခဲ့တာပါ။

#မြန်မာ #ဧရာဝတီ #မြန်မာစစ်တပ် #ဒုက္ခသည် #မလေးရှား #လွှတ်တော် #နေရပ်ပြန် #WhatsHappeningInMyanmar
😁46👍9❤3
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

မြန်မာမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု တိုးလာ

အောက်တိုဘာ ၂၈၊​ ၂၀၂၆

ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကို မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေတဲ့ အကြောင်းနဲ့ မင်းအောင်လှိုင်အစိုးရက တရုတ်ကို လယ်ယာထုတ်ကုန်တွေ တိုးမြှင့်တင်ပို့ဖို့ ကြိုးစားနေတဲ့ အကြောင်းအပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #မြေရှား #စီးပွားရေး 

https://youtu.be/ZJbI7REWN4Q
👍26😱8👎5❤1😁1
👍44❤4😁4
မြန်မာ့အရေး အချိန်မနှောင်းမီ အရေးယူရန် ကုလအထူးသံတမန် တိုက်တွန်း

ဧရာဝတီ၊ အောက်တိုဘာ၂၈၊ ၂၀၂၆

မြန်မာနိုင်ငံ၏ အကျပ်အတည်းများဖြေရှင်း၍မရနိုင်သည့်အခြေအနေသို့ မရောက်မီ ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မလား ဟု အောက်တိုဘာ၂၇ ရက်က ပြုလုပ်သောကုလသမဂ္ဂအထွေထွေ ညီလာခံ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ တတိယကော်မတီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ က အစီရင်ခံစာတင်ပြရာ၌ ထည့်သွင်း ပြောကြားသည်။

အာဏာသိမ်းအစိုးရသည် လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက်အုပ်စု (တော်လှန်ရေးအင်အားစု) များကို ပစ်မှတ်ထားသည်ဟု ပြောဆိုနေသော်လည်း တော်လှန်ရေးအင်အားစုများကမူ အမျိုးသမီးများ၊ ကလေးသူငယ်များအပါ အရပ်သားများကို ပစ်မှတ်ထားနေခြင်းဟု ဆိုကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

ဂျူလီ ဘစ်ရှော့အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သလို တိုင်းတာနိုင်သော စံနှုန်းများထားရှိရန်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်အတွက်လည်း ထည့်သွင်း တောင်းဆိုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနေရာများသို့ ဘေးကင်းလုံခြုံမှုရှာဖွေရန် ထွက်ပြေးခဲ့ ကြရကြောင်း၊ အာဏာသိမ်းအစိုးရ အတည်ပြုထားသည့်စာရင်းအရ ရိုဟင်ဂျာ ၃၂၆၀၀၀ ခန့်ကို ပြန်လည်လက်ခံရန် ကတိပြုထားကြောင်း ပြောဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကို လက်ခံထားရကြောင်း အစီရင်ခံထားသည်ဟု ဂျူလီဘစ်ရှော့က ဆိုသည်။

အလားတူ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး ယင်းမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခ၊ မိုင်းအန္တရာယ်နှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို ရင်ဆိုင်နေရကြောင်း၊ ဘေးကင်း လုံခြုံမှု၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် ရေရှည်တည်တံ့မှုရှိသော နေရပ်ပြန်ရေး ပတ်ဝန်းကျင်ကောင်းများ မရှိသေး ဟုလည်း ဒုက္ခသည်များကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းမှုများအတွက် သတိပေးပြောဆိုထားသည်။

ယင်းအစည်းအဝေးအတွင်း မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသလို အာဏာသိမ်းပြီးနောက် ပဋိပက္ခအတွင်း သေဆုံးသူ ၁ သိန်း ကျော်လာပြီဖြစ်ကြောင်းနှင့် စစ်တပ်သည် အရပ်သားများအပေါ် တိုက်ခိုက်မှု ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ကွမ်ဂျန် (Nicholas Koumjian) ကလည်း “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်ဖြစ်လာရတဲ့ ပြည်သူအရေအတွက် ပိုမို များပြားလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုမို ဆိုးရွားလာနေပါတယ်” ဟု သတိပေး ပြောဆိုသွားသည်။

စစ်ကြောရေးစခန်းများအတွင်းက ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တပ်မှူးများနှင့် စစ်ကြောရေး အရာရှိများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုသွားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤47👍27😁6👎1
အာဆီယံအထူးသံတမန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမလား

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရို၏ နှစ်ရက်ကြာ မြန်မာ ခရီးစဉ် ယနေ့စတင်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရ မရအပေါ် နိုင်ငံရေးလေ့လာသူများက စောင့်ကြည့်လျက် ရှိသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၁၄ ရက်က မစ္စ ထရီဇာ လာဇရို၏ နေပြည်တော်ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ သော်လည်း လက်ရှိအခြေအနေက အာဏာသိမ်းအစိုးရသည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်၊ ဂျပန်နိုင်ငံ၌ နှစ်ကြိမ်တွေ့ဆုံခဲ့သလို လာမည့်နိုဝင်ဘာ မနီလာ၌ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ခွင့်ရရေး သံတမန်ရေးရာ ကြိုးပမ်းနေချိန်လည်းဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417278.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁25👍16❤3
Media is too big
VIEW IN TELEGRAM
တရုတ်ဝင်ကယ်ပေမယ့် စစ်တပ်အလုပ်မဖြစ်

အောက်တိုဘာ ၂၈၊ ၂၀၂၆

ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်း အပြည့်အစုံကို Youtube Link ကတဆင့် ကြည့်ရှု  အားပေးနိုင်ပါတယ်။

https://youtu.be/TMgOwnemOcU
👍48😁9❤3😭1
အမျိုးသမီးတွေ စစ်မှုထမ်းရှောင်ဖို့ ငွေပေးနေရပြီလို့ စစ်လော်ဘီထုတ်ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာဏာသိမ်းအစိုးရက အမျိုးသမီးစစ်မှုထမ်းအတွက် တရားဝင်ခေါ်ယူခြင်းမရှိသေးဘူးလို့ ငြင်းဆိုထားပေမယ့် မြေပြင်မှာတော့ စစ်မှုထမ်းသက်အကျုံးဝင်တဲ့ အမျိုးသမီးတွေဟာ ခေါ်ယူရာမှာ မပါဖို့အတွက် ငွေပေးနေရပြီလို့ စစ်မှုထမ်းအရေး ကူညီပေးနေသူတွေအပြင် စစ်လော်ဘီတွေကပါ ထုတ်ပြောလာကြပါတယ်။

အမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီး အာဏာသိမ်းအစိုးရရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းခေါ်ယူတာ လုံးဝမရှိသေးဘူးလို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆို ထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက် ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကတော့ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီးအရာရှိ သင်တန်းအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအောက်ကနေ အမျိုးသမီးတွေကို စစ်မှုထမ်းစုဆောင်းတာတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

https://youtu.be/_vYEMXB53ec

#မြန်မာ #ဧရာဝတီ #အမျိုးသမီး #စစ်မှုထမ်း #အာဏာသိမ်းစစ်တပ် #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်လော်ဘီ #WhatsHappeningInMyanmar
👍39😁13❤5😱3
အသိမ်းခံရသည့် နောင်ချိုမြို့မဗလီ အယူခံတင်ဖို့ ပြင်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ နောင်ချိုကို သိမ်းစဉ်က ငွေကြေး၊ အစားအစာ နှင့် ပစ္စည်းထောက်ပံ့သည်ဆိုကာ စစ်တပ်က ဗလီတာဝန်ခံ ဦးလှထွေးနှင့် ဦးစိုးသိမ်းတို့ကို ဖမ်းဆီးတရားစွဲထောင်ချရာ မြို့မဗလီကိုပါ ပြည်သူ့ဘဏ္ဍာသိမ်းသဖြင့် အစ္စလာမ်ဘာသာဝင်တို့က အယူခံနှင့် အသနားခံစာတင်မည်ဟု သိရသည်။

၂၀၂၅ ခု ဇူလိုင် ၁၇ ရက်က မြို့မဗလီကို စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာစုံ စစ်ဆေးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အကြောင်း တစုံတရာ မရှိဘဲ ယာယီ ပိတ်သိမ်းကာ ဩဂုတ်လ၌ ဗလီတာဝန်ခံ ဦးလှထွေးနှင့် ဦးစိုးသိမ်းတို့ ဖမ်းဆီးတရားစွဲရာတွင် ဗလီဓာတ်ပုံကို ရှာဖွေပုံစံဖြင့် သက်သေတင်သွင်းခဲ့ခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417285.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤17👍14😁7😱1😭1
👍30😁4😱2❤1
ထိုင်းသတင်းထောက် လွှတ်တော်သို့ စာတင် လုံခြုံရေးအတွက် အစောင့်ငှားထားရဟု ဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်ရှိ သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတွင် သတင်းရယူနေစဉ် မြန်မာဘက်မှ အမျိုးသားတဦးက မှတ်ပုံတင်နှင့် ကင်မရာအတွင်းမှ ဓာတ်ပုံများကို စစ်ဆေးကာ ခြိမ်းခြောက်ခံရပြီးနောက် လုံခြုံရေး စိုးရိမ်သဖြင့် ကိုယ်ပိုင် သက်တော်စောင့်တဦးကို ဘတ် သိန်းချီပေး၍ ငှားရမ်းလိုက်ကြောင်း သတင်းထောက် Mr. Nathaphop Sangket က အသိပေးထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအောက်လွှတ်တော်၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဆက်သွယ်ရေးနှင့် ပြည်သူ့ပါဝင်ဆောင်ရွက်ရေး ကော်မတီထံ အရေးယူပေးရန် ယနေ့ တိုင်ကြားခဲ့ပြီး တိုင်ကြားစာကို ကော်မတီ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ပါတီလွှတ်တော်အမတ်တို့က လွှတ်တော်အဆောက်အအုံ၌ လက်ခံရယူခဲ့ကြောင်း ဆိုသည်။

Mr. Nathaphop Sangket က အောက်တိုဘာ ၂၁ ရက်တွင် စမွတ်ပရာကန်ရှိ CI စခန်း၌ ရွှေ့ပြောင်းလုပ်သားများ စာရွက်စာတမ်း ပြုလုပ်သည့် လုပ်ငန်းစဉ်များကို သတင်းသွားယူစဉ် သတင်းထောက် လက်ပတ်နှင့် ကင်မရာကို လွယ်ကူစွာ မြင်တွေ့နိုင်အောင် ဝတ်ဆင်ထားခဲ့သော်လည်း အရပ်ဝတ်အမျိုးသားတဦးက နှောင့်ယှက်ခြိမ်းခြောက်ခဲ့ကြောင်း ပြောသည်။

ထို့ပြင် မြန်မာအာဏာသိမ်းအစိုးရအတွက် အလုပ်လုပ်ပေးနေသူ အမျိုးသားတဦးက ၎င်း၏ မှတ်ပုံတင်ကို စစ်ဆေးကာ မှတ်ပုံတင်အား ဓာတ်ပုံရိုက်ယူ၍ အထက်လူကြီးထံ ပို့ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုင်းမြေပေါ်တွင် မြန်မာအာဏာသိမ်းအစိုးရ၏ အရာရှိဆိုသူများအနေဖြင့် မည်သည့် လုပ်ပိုင်ခွင့်ဖြင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်နေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

လွှတ်တော်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ယင်းလုပ်ရပ်သည် သတင်းထောက်ကို ခြိမ်းခြောက်ရုံသာမက သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကိုပါ ထိပါးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင် တောင်းကြည့်ခြင်း၊ ကိုယ်ရေးအချက်အလက် မေးမြန်းခြင်းနှင့် ကင်မရာအတွင်းမှ ဓာတ်ပုံများ ဖျက်ခိုင်းခြင်းတို့သည် လွန်လွန်ကဲကဲ ပြုလုပ်မှုဖြစ်သဖြင့် ကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့် ဥပဒေအရ ပြုလုပ်သည်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သလို သက်ဆိုင်သူများကို ခေါ်ယူစစ်ဆေးသွားမည်ဟု ဆိုသည်။

သတင်းထောက်က ထိုင်းတနိုင်ငံလုံးရှိ CI စခန်း ၅ ခုတွင် ရွှေ့ပြောင်းလုပ်သားများ၏ စာရွက်စာတမ်း ထုတ်ပေးသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ ဝင်ရောက်သတင်းရယူခွင့် ပိတ်ပင်နှောင့်ယှက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပေးရန်၊ မြန်မာစစ်တပ်အတွက် လုပ်ကိုင်ပေးနေသူများအနေဖြင့် ထိုင်းနိုင်ငံအတွင်း သတင်းမီဒီယာများ၏ လုပ်ဆောင်ချက်များကို စစ်ဆေးရန် မည်သည့် လုပ်ပိုင်ခွင့် သို့မဟုတ် ရပိုင်ခွင့် ရှိသနည်းဆိုသည်ကို ရှင်းလင်းစွာ အသိပေးရန်၊ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးသည့် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုနှင့် စစ်ဆေးခံနိုင်မှု ရှိစေရန် အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။

ပြည်သူ့ပါတီ လွှတ်တော်အမတ်ကလည်း ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်သည့် လုပ်ငန်းစဉ်သည် ကြီးမားသော ပြဿနာဖြစ်နေပြီး၊ တရားဝင်လုပ်သားများ တရားမဝင် ဖြစ်သွားစေသည့် အန္တရာယ်နှင့် လာဘ်ပေးလာဘ်ယူ ပြဿနာများ ရှိနေကြောင်း၊ CI စခန်းများသည် ထိုင်းမြေပေါ်တွင် အခြားနိုင်ငံအား ၎င်းတို့၏ အချုပ်အခြာအာဏာ ကျင့်သုံးခွင့်ပေးထားသကဲ့သို့ ဖြစ်နေ၍ အမြန်ဆုံး ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ဓာတ်ပုံ-The Reporters
👍57❤17😁8👎1😱1
ကုလားတန်မြစ်တွင်း စစ်သင်္ဘော ၃စီး AA ဖျက်ဆီး

သတင်း | လင်းသစ်၊ အောက်တိုဘာ ၂၈၊ ၂၀၂၆

အာရက္ခတပ်တော် (AA)က စစ်တွေနှင့် ပေါက်တော ငပြီကျွန်းတိုက်ပွဲများ ပြင်းထန်နေချိန် အောက်တိုဘာ ၂၆ ရက်က ကုလားတန်မြစ်ဝ၌ စစ်သင်္ဘော ၃ စီးကို ဖျက်ဆီးလိုက်ရာ တလအတွင်း စုစုပေါင်း ၆ စီး ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက တယ်လီဂရမ်ချန်နယ်တွင်လည်း “စစ်တွေနှင့် ဝီရဌာနီ (ပေါက်တော) ကြား ကုလားတန် မြစ်ဝမှာ တပ်စွဲထားတဲ့ အကြမ်းဖက် မြန်မာ စစ်တပ်ရဲ့ သင်္ဘောတွေ ကို သီတင်းကျွတ် လပြည့်ညမှာ ရေကြောင်း စစ်ဆင် ရေးလုပ်ကာ အာရက္ခတပ်တော်က တိုက်ခိုက် ရှင်းလင်းခဲ့တာ ရှိပါတယ်။ အကြမ်းဖက် မြန်မာရေတပ် သင်္ဘော ၃ စီး ထိမှန် ပျက်စီးခဲ့တာ ရှိပါတယ်။ ၂ စီး နစ်မြုပ်သွားပြီးတော့ ကျန်တဲ့ တစီး ဆိုးဆိုးဝါးဝါး ထိမှန် ပျက်စီးခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးကို အောင်မြင်စွာ စွမ်းဆောင်ခဲ့ကြတဲ့ အာရက္ခတပ်တော်က နည်းပညာရှင်တွေနဲ့ အရာရှိ စစ်သည်တွေ အားလုံးကို ဂုဏ်ပြု ချီးကျူးပါတယ်လို့ ပြောလိုပါတယ်” ဟု ပြောထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/28/417291.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍45❤17😁3👎1