The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤43👍6😁3🤔1
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နယူးယောက်၌ လှုပ်ရှားမှုလုပ်

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရောက် မြန်မာများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သစ်ပင်စိုက် လှုပ်ရှားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်သည့် “FREE HER Campaign” ကို ထောက်ခံအားပေးသည့် အနေဖြင့် အဆိုပါ လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ပြီး နယူးယောက်မြို့ Staten Island ရှိ Willowbrook State Park တွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဦးကျော်မိုးထွန်းက “စီစဉ်ပေးတဲ့ NYCBC (New York City Burmese Community) ကို ကျေးဇူးတင်ပါတယ်။ အမေစု လွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲကမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်ပြီး အမှတ်တရ သစ်ပင် ၈၂ ပင် စိုက်ပျိုးခွင့်ရတဲ့အတွက် အင်မတန်မှ အဓိပ္ပာယ် ရှိပါတယ်” ဟု ပြောကြားသည်။

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် အမြန်ဆုံး လွှတ်ပေးရေးနှင့် နိုင်ငံတကာကလည်း သိရှိစေရန်အတွက် အခြား လှုပ်ရှားမှုများနှင့် မတူဘဲ ငြိမ်းချမ်းစွာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မြောက်ခဲ့သည်ကို ရည်ရွယ်၍ သစ်ပင် ၈၂ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- NYCBC
#WhatsHappeningInMyanmar
#RejectMilitaryCoup
👍52❤25😁3
😭17👎4😱3👍2🤔1
မြန်မာဘက် သတ္တုတူးဖော်မှုကြောင့် ချင်းရိုင် စိုက်ပျိုးမြေအချို့ အာဆင်းနစ် အန္တရာယ်ရှိအဆင့် ရောက်

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တရုတ်ကုမ္ပဏီများနှင့် လက်နက်ကိုင်အဖွဲ့များ၏ တရားမဝင် ရွှေတွင်းများနှင့် မြေရှားတူးဖော်မှုတို့ကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ရှိ ကော့ခ် (Kok)၊ စိုင် (Sai) နှင့် ရူအက် (Ruak) မြစ်ဝှမ်းဒေသများကို စစ်ဆေးခဲ့ရာ စိုက်ပျိုးရေး မြေဆီလွှာ၏၂၀ ရာခိုင်နှုန်းခန့်တွင် ပါဝင်သော အာဆင်းနစ် ပမာဏမှာ မြေယာဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၏ စံချိန်စံညွှန်းထက် ကျော်လွန်နေပြီး အခြား ၅၀ ရာခိုင်နှုန်းမှာ စောင့်ကြည့်စစ်ဆေးရန် လိုအပ်နေကြောင်း Khaosod သတင်းက ဖော်ပြထားသည်။

မြစ်ဝှမ်းဒေသများရှိ စိုက်ပျိုးရေး ဧရိယာများအနှံ့ ညစ်ညမ်းမှုအခြေအနေ ဆန်းစစ်ရန်အတွက် မြေဆီလွှာနှင့် ရေနမူနာပေါင်း ၂၀ဝ ထက်မက ကောက်ယူခဲ့ပြီး မြေဆီလွှာ နမူနာများကို မြစ်ကမ်းပါးများမှ မီတာ ၁၀ဝ မှ ၂ ကီလိုမီ တာအကွာရှိ အပင်အမြစ်များ အာဟာရစုပ်ယူသည့် အနက် ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာအထိ မြေအောက် နေရာများမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ချက်မှာ စိုက်ပျိုးရေး ဂေဟစနစ်များအတွင်းသို့ ညစ်ညမ်းပစ္စည်းများ မည်သို့ ပျံ့နှံ့နေသည်ကို ဆန်းစစ်ရန် ဖြစ်ပြီး အာဆင်းနစ် ပါဝင်မှုကို အဓိကထား ဓာတ်ခွဲဆန်းစစ်ခဲ့ခြင်းဖြစ်သည်။

မြေဆီလွှာ ၁ ကီလိုဂရမ်လျှင် အာဆင်းနစ် ၁၄ မီလီဂရမ်အောက် နည်းပါးစွာ ပါဝင်သော မြေဆီလွှာကို ပုံမှန် အဆင့် ဖြစ်ကြောင်း ညွှန်းဆိုသည့် "အစိမ်းရောင်" အဖြစ် သတ်မှတ်ပြီး အာဆင်းနစ် ပါဝင်မှု ၁၄ မှ ၂၅ မီလီဂရမ် ရှိပါက စောင့်ကြည့်ရန် လိုအပ်သည့် "အဝါရောင်" အဖြစ် သတ်မှတ်ကာ ၂၅ မီလီဂရမ်ထက် ကျော်လွန်ပါက စံချိန်စံညွှန်းထက် ကျော်လွန်နေသည့် "အနီရောင်" အဖြစ် သတ်မှတ်သည်။

စစ်ဆေးခဲ့သည့် ဧရိယာများ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ အနီရောင်အဆင့်၊ ၅၀ ရာခိုင်နှုန်းမှာ အဝါရောင်အဆင့်နှင့် ၃၀ ရာခိုင် နှုန်းမှာ အစိမ်းရောင်အဆင့်အတွင်း ကျရောက်နေကြောင်း၊ အနီရောင်ဇုန် ဧရိယာများကို ၂ လမှ ၃ လလျှင် တကြိမ် ပြန်လည် စစ်ဆေးသွားမည်ဖြစ်ပြီး အဝါရောင်ဇုန် ဧရိယာများကိုမူ ၆ လလျှင် တကြိမ် စစ်ဆေးသွားမည်ဖြစ်သည်။

အာဆင်းနစ် အန္တရာယ်မြင့်မားသော ဒေသများရှိ တောင်သူများကို စားသုံးသီးနှံများ (အထူးသဖြင့် အရွက် သို့မဟုတ် အသီးအတွက် စိုက်ပျိုးသော သီးနှံများ) စိုက်ပျိုးခြင်း ရှောင်ကြဉ်ရန်နှင့် စွမ်းအင်သီးနှံများကဲ့သို့ ညစ်ညမ်းပစ္စည်းများ စုပ်ယူစုစည်းနိုင်ခြေ နည်းပါးသည့် အအစားထိုး သီးနှံများ စိုက်ပျိုးရေး စဉ်းစားကြရန် အကြံပြုနိုင်ရေး စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ- PCD
👍31❤10😭6👎1😱1
👎26👍3😭2❤1😱1
ဆော်ဒီလေဆိပ် တိုက်ခိုက်ခံရမှု ၁၂ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တော်ရှိ King Khalid လေဆိပ်ကို ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ယမန်နေ့က တိုက်ခိုက်ရာ ၁၂ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြ သည်။

ဆော်ဒီ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (GACA) ၏ ထုတ်ပြန်ချက်အရ စနေနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ ၃၀၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူအချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဆိုထားသလို၊ ဆော်ဒီ လေကြောင်းအာဏာပိုင်အဖွဲ့ ပြောကြားချက်အရ သေဆုံးသူများတွင် လေယာဉ်မှူးတဦးအပါအဝင် ဆော်ဒီနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၂ ဦးနှင့် အမေရိကန်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ပါလက်စတိုင်းနှင့် ဆူဒန်တို့မှ နိုင်ငံသား ၁ ဦးစီ ပါဝင်ကြောင်း အယ်ဂျာဇီးယား သတင်းက ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် Terminal ၃ နှင့် ၄ တို့ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ရပ်နားထားသည့် အရပ်ဘက် ခရီးသည်တင် လေယာဉ်များလည်း ထိမှန်ပျက်စီးခဲ့ကာ ရီယာ့ဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပျံသန်းမှုလုပ်ငန်းစဉ်အားလုံး ယာယီ ရပ်ဆိုင်းလိုက်ရပြီး ဆော်ဒီသို့ လာမည့် လေကြောင်းလိုင်း အားလုံးကို အရေးပေါ် လမ်းကြောင်းလွှဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယခု လုပ်ရပ်သည် အရပ်သားများကို ပစ်မှတ်ထားသည့် "စစ်ရာဇဝတ်မှု" ဖြစ်ကြောင်း ထင်ရှားပြီး ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့ကပြောဆိုထားသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ၎င်းတို့ နိုင်ငံသားတဦး သေဆုံးခဲ့ရသည့် ယခု တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဟူသီအဖွဲ့ကို ပြန်လည် တိုက်ခိုက်မည့် ဆော်ဒီ၏ စစ်ဆင်ရေးတွင် အမေရိကန် ပူးပေါင်းပါဝင်ရန် စဉ်းစားနေကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။

ဓာတ်ပုံ- dohanews
❤33👎18😭8👍6
၂၀၂၅ ခုနှစ် အောက်တိုဘာလက ဧရာဝတီမှာ ရေးထားတဲ့ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/10/22/407140.html
👍30❤4🤔4👎1😭1
👎32😭10❤6👍2
ရွှေဘို မဟာစည်ကျောင်းတိုက် ဗုံးကြဲခံရ၊ စစ်ရှောင်များ သေဆုံးဒဏ်ရာရ

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

မဟာစည်ဆရာတော်ဘုရားကြီး၏ ဇာတိရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော သမိုင်းဝင် မဟာစည်ကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းအတွင်း ဥပုသ်သီလ ဆောက်တည်နေသည့် သက်ကြီးရွယ်အိုများနှင့် စစ်ရှောင်၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် သမိုင်းဝင် မဟာစည်ကျောင်းတိုက်ကို တံတားဦး လေတပ်မှတက်လာသည့် ဂျက်ဖိုက်တာတစီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရာ သက်ကြီးရွယ်အိုများနှင့် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးခဲ့သည့်အပြင် ဓမ္မာရုံများ၊ ရိပ်သာဆောင်များ၊ ဇရပ်စောင်းတန်းများနှင့် အဆောက်အအုံအများအပြား ပျက်စီးခဲ့ရသည်။

စစ်တပ်သည် အရပ်သားပြည်သူများနှင့် ဘုရားကျောင်းကန်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို အချိန်မရွေး ပြုလုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်တို့ကို သတိပြုနေထိုင်ကြရန်၊ လေယာဉ်သံနှင့် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပါက လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းရှောင်ရှားကြရန်နှင့် မလိုအပ်ဘဲ လူစုလူဝေး ပြုလုပ်ခြင်းများအား ရှောင်ကြဉ်ရန် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎46😭27❤10😁4👍3
😱24👍2👎1