The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍19😁9👎2
ရုရှား-ယူကရိန်း “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” ရပြီဟု ထရမ့်ကြေညာ

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲအတွင်း နှစ်ဖက်စလုံး “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” သဘောတူညီမှု ရရှိခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမဲ့၊ ရုရှားဘက်ကတော့ ယူကရိန်းရဲ့ စွမ်းအင်အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ ပြောကြားချက်အရ ခါကိဗ် (Kharkiv) မြို့က လျှပ်စစ်ဓာတ်အားပေးစက်ရုံ အပါအဝင် နေရာတော်တော်များများဟာ ရုရှားရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက် ခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ ထရမ့်က ယူကရိန်းမှာ သမ္မတရွေးကောက်ပွဲ အသစ်ကျင်းပဖို့ တောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ဇယ်လန်းစကီးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှားဘက်က ရက် ၆၀ ကြာ အပစ်အခတ် ရပ်စဲပေးမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ထားရတာရယ်၊ လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ ရုရှားရဲ့ တိုက်ခိုက်မှုအန္တရာယ်တွေကြောင့် လောလောဆယ်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သေးပါဘူး။

တချိန်တည်းမှာပဲ ယူကရိန်းဘက်ကလည်း ရုရှားနိုင်ငံအတွင်း ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ Yandex ရဲ့ ဒေတာစင်တာတခု ပျက်စီးသွားခဲ့ပြီး၊ ရုရှားမြို့တော် မော်စကို အပါအဝင် မြို့အတော်များများမှာ တက္ကစီ ခေါ်ယူတာတွေနဲ့ အွန်လိုင်း ဝန်ဆောင်မှုအများအပြား ခေတ္တ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

စစ်ပွဲ မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး၊ ယူကရိန်းတောင်ပိုင်း ဇာပိုရီဇီးယား (Zaporizhzhia) မြို့မှာ ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း လူ ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ကိုးကား။ ။ AP သတင်း Trump says Russia and Ukraine agree to an ‘energy ceasefire’ but Kyiv says attacks continue
👍27😁10❤6
😁36😱1
ဟစ်တလာ မူဆိုလီနီ အမည်ရှိသူ ပီရူးမှာ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရ

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

ကိုယ်စားလှယ်လောင်း၏ အမည်ဆန်းများကြောင့် နိုင်ငံတကာ၏ အထူးအာရုံစိုက်မှုကို ရရှိခဲ့သည့် ဒေသတွင်း ရွေးကောက်ပွဲတခုတွင် အသက် ၄၅ နှစ်အရွယ် ဟစ်တလာ မူဆိုလီနီ ဆီမီယွန် ဖလိုရက်စ် (Hitler Mussolini Simeon Flores) သည် ပီရူးနိုင်ငံ၏ အလှမ်းဝေးသော ကူရိုပါးလ်ကာ (Queropalca) မြို့တွင် မြို့တော်ဝန်အဖြစ် မဲအနည်းငယ်အသာဖြင့် အောင်ပွဲဆင် အနိုင်ရရှိခဲ့ကြောင်း exit poll မဲရုံထွက် စာရင်းအချက်အလက်များက ဖော်ပြသည်။

ဗဟိုလက်ဝဲယိမ်း အာဟိုရာ နာစီယွန် (Ahora Nación) ပါတီ၏ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာတွင် ဟစ်တလာသည် မဲပေါင်း ၂၂၉ မဲ ရရှိခဲ့ပြီး၊ လက်ယာယိမ်း ရီနိုဗာစီယွန် ပိုပူလာ ပီရူး (Renovación Popular Perú) ပါတီမှ ဒုတိယလိုက်သည့် ပြိုင်ဘက်ထက် ၂၅ မဲအသာဖြင့် ကပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပီရူးရွေးကောက်ပွဲ အာဏာပိုင်များ၏ အချက်အလက်များအရ လူဦးရေ ၁,၀၀၀ အောက်သာရှိသော ထိုမြို့တွင် စုစုပေါင်း မြို့ခံ ၇၀၀ ကျော် မဲပေးခဲ့ကြပြီး ဟစ်တလာ သည် စုစုပေါင်းပေးမဲ၏ ၃၄ ရာခိုင်နှုန်းခန့်ကို ရရှိခဲ့သည်။

တရားဝင် ကိုယ်စားလှယ်လောင်း အချက်အလက်များအရ ဟစ်တလာ သည် မြို့တော် လီမာ (Lima) မှ ၃၆၀ ကီလိုမီတာ (မိုင် ၂၂၄ မိုင်) ခန့်ကွာဝေးသော ဟွာနူကို (Huánuco) ခရိုင်ရှိ ကူရိုပါးလ်ကာ မြို့နယ်တွင် မွေးဖွားခဲ့သူဖြစ်သည်။

သူ၏ အမည်ရှေ့ပိုင်းသည် ၂၀ ရာစု၏ ထင်ရှားသော ဥရောပ အာဏာရှင် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) နှင့် ဘင်နီတို မူဆိုလီနီ (Benito Mussolini) တို့၏ အမည်များကို ပေးထားခြင်းဖြစ်ပြီး၊ သူ ကိုယ်စားလှယ်လောင်း ဖြစ်လာမှုသည် "ထူးခြားဆန်းပြားသော ဖြစ်ရပ်" ဟု ဒေသတွင်း သတင်းဌာနတခုဖြစ်သည့် Peru21 က မှတ်ချက်ပြုခဲ့သည်။

ထိုအမည်ကြောင့် စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရသော်လည်း၊ ယင်းအမည်မျိုးသည် ပီရူး ဒေသတွင်း နိုင်ငံရေးတွင် ယခင်က ရှိခဲ့ဖူးကြောင်း ဒေသတွင်း မီဒီယာများက ထောက်ပြခဲ့ကြသည်။

၂၀၁၈ ခုနှစ်ကလည်း ဟစ်တလာ ဂက်စကလင်း အယ်လ်ဘာ ဆန်းချက်ဇ် (Hitler Guesclin Alba Sánchez) သည် ပြိုင်ဘက်ဖြစ်သူ လီနင် ဗလာဒီမီယာ ရိုဒရီဂက်ဇ် ဗာလ်ဗာဒီ (Lenin Vladimir Rodríguez Valverde) ကို "ကျနော်ဟာ ဟစ်တလာကောင်းပါ" ဟူသော ဆောင်ပုဒ်ဖြင့် အောင်မြင်စွာ မဲဆွယ်စည်းရုံးအပြီး ယူဂါးရ် (Yúngar) မြို့၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရဖူးသည်။

ကိုးကား။ ။ Roya News သတင်း Newly elected Peruvian mayor named Hitler Mussolini

ပုံစာ - အသက် ၄၅ နှစ်အရွယ် ဟစ်တလာ မူဆိုလီနီ ဆီမီယွန် ဖလိုရက်စ်
😁37❤8
❤53👍7😁2
ချက်နိုင်ငံအခြေစိုက်အဖွဲ့က ဒေါက်တာ တေဇာဆန်းနှင့် သပိတ်လှုပ်ရှားသူများကို ရဲရင့်မှုဆု ချီးမြှင့်

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ကို ချက်သမ္မတနိုင်ငံ အခြေစိုက် Forum 2000 မှ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု (International Award for Courage and Responsibility) ချီးမြှင့်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

ချက်သမ္မတနိုင်ငံ၊ ပရာဂ်မြို့တွင် အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် အကြိမ် ၃၀ မြောက် Forum 2000 Foundation ညီလာခံတွင် ကြေညာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကိုယ်စား GSCB အင်အားစုမှ အတွင်းရေးမှူး အဖွဲ့ဝင်များက တက်ရောက် ရယူခဲ့ကြောင်း သိရသည်။

Forum 2000 Foundation ကို ၁၉၉၆ ခုနှစ်တွင် ချက် သမ္မတဟောင်း ဗားကလပ် ဟာဗဲလ်၊ ဂျပန် ပရဟိတသမား ယိုဟဲအိ စာဆာကာဝါ နှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် အီလီ ဝီဆဲလ်တို့က ပူးတွဲ တည်ထောင်ခဲ့ကြခြင်းဖြစ်ပြီး ညီလာခံများကို ချက်သမ္မတနိုင်ငံတွင် တနှစ်တကြိမ် ကျင်းပလေ့ရှိကာ ကမ္ဘာ့အရပ်ရပ်မှ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် ထင်ပေါ်ကျော်ကြားသူများ တက်ရောက်ကြသည်။

ယခု မြန်မာနိုင်ငံမှ ဆုရရှိသူများအနက် ဒေါက်တာ တေဇာဆန်းမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင် ဆန္ဒပြခဲ့သူဖြစ်ပြီး ကိုနန်းလင်းမှာ ရန်ကုန်မြို့အခြေစိုက် လူထုသပိတ်လှုပ်ရှားမှုများတွင် ဦးဆောင်သူဖြစ်သည်။ ရတနာပုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းဖြစ်သည့် ကိုထက်မြက်အောင်မှာ စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်မှုကြောင့် မတရား ဖမ်းဆီးအကျဉ်းကျခံနေရဆဲ ဖြစ်သည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှာ နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ စစ်အာဏာရှင်စနစ်ကို အကြမ်းဖက်မပါသော လူထုလှုပ်ရှားမှု (Non-violent Movement) နှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) နည်းလမ်းများဖြင့် အဓိက ဆန့်ကျင်တွန်းလှန်နေသည့် အင်အားစုဖြစ်သည်။

ဓာတ်ပုံ-GSCB

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤58👍11😁4
နေပြည်တော် ဝန်ထမ်းလောကတွင် နာမည်ကြီး ဇကွဲစီးရီးတခု ရှိခဲ့သည်။ သူတို့ ၃ ဦးစလုံး၏ နာမည်များအား 'ဇ' ကွဲနှင့် စသူများဖြစ်သည့်အတွက် ဇကွဲစီးရီးဟု နာမည်ပေးထားခြင်းဖြစ်သည်။ အဆိုပါ ဇကွဲစီးရီးမှာ NLD အစိုးရလက်ထက်မှ စ၍ နာမည်ကြီးလာသည်။

ဦးဇော်ဌေးသည် အစိုးရပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။ နှစ်ယောက်လုံး ပြောရေးဆိုခွင့်ရသူများအဖြစ် နာမည်ကြီးကြသည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးဇော်ဇော်စိုးမှာမူ အလွန်လာဘ်စားသူအဖြစ် နာမည်ကြီးလာသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/12/416982.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤19👍17👎5😁3🤔2
👎31😭5😁1
ဝက်လက်အနောက်ခြမ်း ၄ ရွာ ဗုံးကြဲခံရ၊ အရပ်သား ၄ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ မဲကုန်း၊ ဥယျာဉ်မ၊ ရေထွက်၊ ကျီးကန် (မြောက်) ရွာများကို ယနေ့ နံနက် ၃ နာရီခန့်က တံတားဦးလေတပ်မှ တက်လာသည့် Y-12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဝက်လက်အခြေစိုက်သတင်းများ ဖော်ပြပေးနေသော Wetlet Informational Network (WIN) ထံမှ သိရသည်။

ဗုံးကြဲမှုကြောင့် မဲကုန်းရွာမှ ပြည်သူ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သလို ရေထွက်ရွာမှ ၄ ဦးနှင့် ဥယျာဉ်မရွာနှင့် ကျီးကန် (မြောက်) ရွာတို့မှ ပြည်သူ တဦးစီဒဏ်ရာများရရှိခဲ့သည့်အပြင် နေအိမ်များလည်း ထိမှန်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

WIN မှ ကိုနဂါးလေးက “အခု ရွာတွေဘက်မှာက တိုက်ပွဲလည်း မရှိဘူး၊ စစ်ကြောင်းထိုးတာလည်း မရှိဘူး၊ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေမို့ ပြည်သူတွေနေတဲ့ ရွာမှန်းသိသိကြီးနဲ့ ဗုံးကြဲသွားတာဗျ။ လက်ရှိတော့ ကူညီကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ လုပ်နေကြတယ်” ဟု ပြောသည်။

အဆိုပါ ကျေးရွာများကို နံနက် ၃ နာရီကျော်မှ စတင်၍ ၄ နာရီ ၃၉ မိနစ်အထိ လေကြောင်း တိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ကာ ဗုံးသီး ၃၅ လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ဂျက်ဖိုက်တာ၊ Y-12၊ Mi-35၊ ဂျိုင်ရိုကော့ပတာ၊ စက်တပ်လေထီး (ပါရာမော်တာ)၊ ဆူဆိုက်ဒရုန်း (Suicide Drone) စသည်တို့ဖြင့် မျိုးစုံအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ လေကြောင်းသတိဖြင့် နေထိုင်ကြရန်လည်း အသိပေးထားသည်။

ဓာတ်ပုံ-Wetlet Informational Network

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎35👍4❤3😭3😱2
👎41😁8❤1
မိသားစုလွှဲငွေနှင့် အခွန် ၁ နှစ်စာဆောင်ရမည်ကို အလှူငွေလို့ သဘောထားဖို့ ဦးမောင်မြင့် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် အထောက်အထား မပြည့်စုံသည့် မြန်မာ အလုပ်သမားများကို ပြုလုပ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ကို မိသားစုထံ လွှဲငွေ ဘတ် ၆,၀၀၀ လွှဲပို့ထားသော စလစ်နှင့် အခွန် ၁ နှစ်စာ ဘတ် ၁,၈၀၀ ပေးဆောင်ထားမှသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးဆွေးနွေးပွဲတွင် ပြောသည်။

“CI လာလုပ်မယ့်သူတွေအနေနဲ့ 7-Eleven မှာ သတ်မှတ်ထားတဲ့ ငွေကြေးသွင်းရပါမယ်။ တနှစ်စာ အခွန် ၂ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၁,၈၀၀ ကို သွင်းရမယ်။ ဒီအခွန်ကတော့ နိုင်ငံတော်ကို ဝင်သွားမှာပေါ့။ CI ကတ်ကြေးနဲ့ OWIC ကတ်ကြေးတွေကိုလည်း ပေးသွင်းရပါမယ်။ Remittance ကိုတော့ ကနဦးအနေနဲ့ ၃ လစာ တလ ဘတ် ၂,၀၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် ၆,၀၀၀ လွှဲထားကြောင်း စလစ်စာရွက် ပြရပါမယ်။ အဲဒါပြနိုင်ပြီဆိုရင် နိုင်ငံသားမှန်ပြီဆိုရင် CI ထုတ်ပေးမယ်။ ဒီလိုလုပ်တဲ့သူတွေက ပေးရတဲ့ပိုက်ဆံတွေကို အလှူငွေပေးရတယ်လို့ သဘောထားလိုက်ပါ။ ငွေကြေးကွာဟမှုနည်းနည်းတော့ ရှိပါလိမ့်မယ်။ မတော်လောဘ မရှိဖို့တော့ ပြောချင်တယ်” ဟု ဦးမောင်မြင့်က ပြောသည်။

အဆိုပါ အချက်အလက်နှင့် အထောက်အထားများပြသနိုင်ပါက လဝက (လူဝင်မှုကြီးကြပ်ရေး) ဘက်က UID နံပါတ် စိစစ်ပေးမည်ဖြစ်ပြီး နိုင်ငံသားမှန်ကန်ပါက OWIC ကတ် ရိုက်ပေးကာ CI ကတ်ကိုပါ တထိုင်တည်း One Stop Service စနစ်ဖြင့် ချက်ချင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

CI ထုတ်ပေးမည့် စခန်း ၅ ခုကို ထိုင်းနိုင်ငံအတွင်း စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဋ္ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ယခု အောက်တိုဘာလအတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

ယခု တကြိမ် ဖွင့်လှစ်မည့် CI စခန်းများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ကတ်ပြားရထားပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့် မြန်မာ အလုပ်သမားများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎49😁14❤11😱1😭1
😱24👍4👎2
ပုဂံ-ညောင်ဦးဒေသ မိုးကြီးရေလျှံ

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံမြို့သစ်၊ ဖွားစောကျေးရွာ အုပ်စု၊ ညောင်ဦး- ပုဂံမြို့သစ်လမ်းတို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်၊ ကျော်စွာရပ်တွင်လည်း ရေဝင်ရောက်ပြီး နေအိမ်အုတ်တံတိုင်း ပေ ၅၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်းက မိုးသည်းတာ။ အနိမ့်ပိုင်း မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေကတော့ မိုးများရင် ရေဝင်နေကျအတိုင်း ဝင်တာမျိုးပေါ့။ မိုးတိတ်သွားတာနဲ့ ရေကတန်းကျပါပြီ။ အခုတော့ မိုးတိတ်သွားပြီး ပြန်လင်းနေပါပြီဗျ” ဟု ညောင်ဦးမြို့ခံတဦးက ပြောသည်။

ညောင်ဦး-ပုဂံမြို့သစ်လမ်း ရေကျော်မှုကြောင့် ခရီးသွားများ ဘေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့က ကူညီ ဆောင်ရွက်ပေးခဲ့သလို အုတ်တံတိုင်း ပြိုကျသည့်နေရာမှ ရေများကို ရေစုပ်စက် ၃ လုံးဖြင့် စုပ်ထုတ်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထည့်သွင်း ဖော်ပြထားသည်။

ဓာတ်ပုံ- Ko Gyi Kyaw, Myanmar fire services

#WhatsHappeningInMyanmar
#RejectMilitaryCoup
😱28❤9👍8👎2
👎26😁3❤2🤔1😭1
ဒုဗိုလ်ချုပ်ကြီး သန်းထိုက် ညှိနှိုင်းကွပ်ကဲရေးမှူး အသစ် ဖြစ်လာ

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားသည့် စစ်တပ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦး၏နေရာကို ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ဖြင့် အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။

ညှိကွပ် ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး သန်းထိုက်သည် ယခင်က တပ်မတော် (ကြည်း) စစ်ဦးစီးအရာရှိချုပ်ဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၃၈) ဆင်း ဖြစ်သည်။

ယခင် ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်၂၀၂၂ ခုနှစပိုင်းတွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။

၎င်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် တာဝန်ယူစဉ်ကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အရပ်သားကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရွာမီးရှို့ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျာတို့ကို ဦးဆောင်ခဲ့သူအဖြစ် သိကြသည်။

အလားတူ စစ်ဘက်လုံခြုံရေးအရာရှိချုပ် (စရဖချုပ်) ဒု ဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ခန့်အပ်သလို လေ့ကျင့်ရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးပြည့်စုံလင်းမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎36😁10❤5😭1
👎30😁10❤1
ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို အမည်တင်သွင်း

ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆

အမျိုးသား စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့သည်။

လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုး ခန့်အပ်မှုအပေါ် ကန့်ကွက်လိုသူ ရှိပါက မနက်ဖြန် နောက်ဆုံးထား၍ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အထောက်အထားနှင့်တကွ အမည်စာရင်းပေးနိုင်ကြောင်းလည်း ကြေညာခဲ့သည်။

အာဏာသိမ်းသမ္မတ အနေဖြင့် မကြာသေးမီကလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ နေရာတွင် ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အစားထိုး ခန့်အပ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးကိုပါ အပြောင်းအလဲလုပ်ရန်ဆောင်ရွက်လာခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်လည်း ဒေါက်တာ ကိုကိုလွင်ကို ယနေ့ အမည်စာရင်း တင်သွင်းခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကိုလည်း ကျန်းမာရေးဝန်ကြီးသစ်အဖြစ် ဒေါက်တာ သက်ခိုင်ဝင်း၏ နေရာတွင် အစားထိုး ခန့်အပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁37❤8👎6👍2
Media is too big
VIEW IN TELEGRAM
နီပေါနိုင်ငံမှာ ရုတ်တရက်ရေကြီးမှုကြောင့် နေအိမ်တွေမျောပါသွားပြီး အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေ

နီပေါနိုင်ငံအလယ်ပိုင်း ဂေါ်ခါခရိုင်မှာ တနင်္ဂနွေနေ့က ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့မှုကြောင့် ခန့်မှန်းခြေ နေအိမ် ၃၅ လုံးကနေ ၄၀ အထိ ရေစီးထဲမျောပါသွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးပျောက်ဆုံးနေပါတယ်။

#နီပေါ #ရေကြီး #ဂေါ်ခါခရိုင်
😱26😭19❤2😁1