The Irrawaddy - Burmese
✔
75K subscribers
38.7K photos
2.5K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
CI မလို ပန်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်ရဖို့ ထိုင်းရောက်မြန်မာတို့ ကြိုးပမ်း


ဧရာဝတီ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆


အာဏာသိမ်းအစိုးရက မိသားစုလွှဲငွေနှင့် တနှစ်စာအခွန်ဆောင်ပြီးမှ မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ် ပေးမည်ဟု ဆိုနေချိန် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြီး ထိုင်းအစိုးရထံ (CI) မလိုဘဲ တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး တောင်းဆိုလိုက်သည်။


ထိုင်းအစိုးရထံ တောင်းဆိုသည့် အချက်များမှာ CI စာအုပ်မလုပ်ရရေး၊ CI နှင့် ပတ်စ်ပို့မလိုဘဲ ပန်းရောင်ကတ်နှင့် Work Permit တွဲ၍ တရားဝင်အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိဘဲ Work Permit သက်တမ်းတိုးခွင့်ရရေး၊ Work Permit နှင့် တွဲပြီး ပန်းရောင်ကတ်ဖြင့် ဗီဇာထုတ်ပေးရေးဆိုသည့် ၄ ချက်တို့ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ အွန်လိုင်းပေါ်တွင်လည်း ဓာတ်ပုံကမ်ပိန်း ပြုလုပ်လျက်ရှိသည်။


NUG အစိုးရ အလုပ်သမားရေးရာဦးစီးဌာန လူသားချင်းစာနာဝန်ကြီးဌာနကလည်း ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သား များ ပန်းရောင်ဘတ်ကတ်၊ Work Permit တို့ဖြင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိရေး ကမ်ပိန်းစတင်နေကြောင်း ကြေညာထားသည်။


“ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ခွင့်ရနေတဲ့အတွက် အလုပ်သမားတွေရဲ့ အခွန်အခဟာလည်း ထိုင်းနိုင်ငံအတွက်ပဲ ဖြစ်သင့် ပါတယ်။ ပတ်စပို့တောင်မှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ပေးနိုင်တဲ့သူကို အခွန်မပေးဆောင်ချင်တာ အလုပ်သမား တိုင်းရဲ့ ဆန္ဒပါ”ဟု ချွန်ဘူရီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတဦးက ပြောသည်။


အဆိုပါ လှုပ်ရှားမှုကို အောက်တိုဘာ ၁၄ ရက်တွင် စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့၌ CI စခန်းများ စတင်ဖွင့်လှစ်ပြီးနောက် အောက်တိုဘာ ၁၈ ရက်မှစ၍ ကမ်ပိန်းပြုလုပ်နေခြင်း ဖြစ်သည်။


ယခုနှစ် CI စာအုပ်လုပ်ရာတွင် အလုပ်သမားများ၏ လုပ်ခ ၂ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လွှဲထားကြောင်း အထောက်အထား တင်ပြခိုင်းခြင်းမှာ အဓိက အခက်အခဲနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ယခုလှုပ်ရှားမှု၌ ပါဝင်လာ ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။


ဦးခိုင်ကြီးက “လက်ရှိ ပန်းရောင်ကတ်နဲ့ နေလို့ရအောင် ကမ်ပိန်း လုပ်တယ်။ သက်တမ်းတိုးတဲ့ကိစ္စတွေကို ဖိအားပေးပြီး တော့ အခွန်ကောက်နေတာတွေ၊ အိမ်ပြန်ပို့ရမယ့် ၂၅ ရာခိုင်နှုန်း ပြခိုင်းတာတွေက အာဏာရှင်ကို သွားတားလို့ မရဘူး။ တားလို့ရတာဟာ အလုပ်သမားပဲ။ တောင်းတဲ့သူက တောင်းတယ်။ ပေးတဲ့သူက ပေးနေသ၍ ဘယ်တော့မှ မပြတ်တော့ ဘူး။ သံသရာလည်နေမှာ။ ဒါဟာ ဘယ်သူ့ကိုမှ ကန့်လန့်တိုက်တာ မဟုတ်ဘူး။ ဆန္ဒပြတာလည်း မဟုတ်ဘူး။ ထိုင်းအစိုးရ ကိုလည်း ဖိအားပေးပြီး ဒါကို မလုပ်ဘူး ပြောတာလည်းမဟုတ်ဘူး။ ဒါလေးကိုပဲ တောင်းဆိုတာ။ ဘာဥပဒေနဲ့မှလည်း မငြိဘူး။ ဒါလေးနဲ့ လုပ်ခွင့်ရမလားဆိုပြီး တောင်းဆိုကြတာပါ”ဟု ပြောသည်။


ထိုသို့ ငွေလွှဲရာတွင် ငွေလဲနှုန်းကွာဟမှု၊ စာရွက်စာတမ်းလိုအပ်ချက်နှင့် တရားဝင်ငွေလွှဲစနစ် အသုံးပြုရာ၌ ကြုံရသည့် နည်းပညာ အခက်အခဲများကြောင့် တရားဝင်ဘဏ်လမ်းကြောင်းတွေထက် ဟွန်ဒီကဲ့သို့ အလွတ်သဘော ငွေလွှဲစနစ် များကို အသုံးပြုနေရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။


ထိုင်းနိုင်ငံရှိ "Bright Future" မြန်မာအလုပ်သမားကွန်ရက်က ဆူရတ်ဂျ်ဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနှင့် လုပ်သားများအပေါ် အမြတ်ထုတ်နေသည့် ပွဲစားများ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ အောက်တိုဘာလ ၇ ရက်က သွားရောက်တောင်းဆိုထားသည်။


မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များတွင် CI ထုတ်ပေးသည့်စင်တာများ၏ လုပ်ထုံးလုပ်နည်းများမှာ အချို့ကဏ္ဍများမှာ အလွန်ရှုပ်ထွေးနေပြီး ကုန်ကျစရိတ် မြင့်မားခြင်း၊ တရားဝင်စနစ်ပြင်ပမှ အခကြေးငွေ တောင်းခံမှုများ ရှိနေခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ငွေကြေးပိုမိုကုန်ကျနေရပြီး ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောထားသည်။


အလုပ်သမားများအနေဖြင့် CI လုပ်ရန်အတွက် ပိုမိုကုန်ကျနေသလို ပွဲစားများကလည်း အခကြေးငွေများကို ပိုမို ကောက်ခံခြင်းတို့ ရှိနေရာ ပန်းရောင်ကတ် တခုတည်းကိုသာ အထောက်အထားအဖြစ် ထိုင်းအစိုးရမှ လက်ခံပေးရန် တောင်းဆိုထားကြောင်း သိရသည်။


မြန်မာအလုပ်သမားအများစုသည် ထိုင်းဘာသာစကားနှင့် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများ မကျွမ်းကျင်မှုကြောင့် ပွဲစားများကို မှီခိုနေရပြီး တရားဝင်ကုန်ကျစရိတ်ထက် ပိုမိုတောင်းခံခြင်း၊ အလုပ်ပြောင်းခအမည်ခံ ငွေကောက်ခံခြင်း၊ စာရွက်စာတမ်းလုပ်ပေးမည်ဆိုပြီး ငွေယူကာ အလိမ်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။


မြန်မာအလုပ်သမားများထံမှ CI စင်တာများ ဖျက်သိမ်းရေးတောင်းဆိုမှုစာကို ထိုင်းအလုပ်သမားရေးရာကော်မတီ၏ ကော်မတီဝင်နှင့် အကြံပေးပုဂ္ဂိုလ်ဖြစ်သူက ယခုပြဿနာသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝအပေါ် များစွာသက်ရောက်မှုရှိနေကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါကိစ္စရပ်ကို အလေးအနက်ထား စဉ်းစားသွားမည်ဖြစ်ပြီး အမြန်ဆုံး
❤38👍17😁1
အဖြေရှာနိုင်ရန်အတွက် ကော်မတီအစည်းအဝေးသို့ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း The Reporters သတင်း၌ ပြောသည်။


ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးတွင် မြန်မာအာဏာသိမ်းအစိုးရအား ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေပြီး ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေကြောင်း ထိုင်းနိုင်ငံ ရွှေ့ပြောင်းသွားလာမှု ပြုပြင်ပြောင်းလဲရေးအဖွဲ့ (Thailand Migration Reform - TMR) အဖွဲ့က သတိပေးထားသည်။


ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးလုံခြုံမှုနှင့် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် CI စခန်းများ စိစစ်ဆောင်ရွက်နေမှုကို ပြန်လည်သုံးသပ်ရန်နှင့် ပန်းရောင်ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုရန် တိုက်တွန်းထားသည်။


ယခင်က ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် ပန်းရောင်ဘတ်ကတ် တမျိုးထဲဖြင့်သာ ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး CI (Certificate of Identity)စနစ်ကို ၂၀၀၉ ခုနှစ်၌ မြန်မာနှင့် ထိုင်းနိုင်ငံတို့ နားလည်မှု စာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။


ထိုင်းတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်ခဲ့သူတဦးက “လွန်ခဲ့တဲ့ ၂၀၀၈ မတိုင်ခင်တုန်းက ထိုင်းရောက် မြန်မာလုပ်သားတွေ ပန်းရောင်ကတ်နဲ့ နေခဲ့ကြတာပဲ။ အဲ့ဒီတုန်းကတောင် နေလို့ရရင် အခုရော အဲဒီစနစ်ကို ပိုကောင်းအောင် မွမ်းမံပြီး ပြန်သုံးလို့မရနိုင်ဘူးလား။ အခုအလုပ်သမားတွေ တောင်းဆိုနေတာလည်း ထိုင်းအစိုးရကို ထိခိုက်စေမှာမဟုတ်ပါဘူး”ဟု ပြောသည်။


ထိုင်းနိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးရုံး၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိစာရင်းအရ ထိုင်းတွင် Work Permit ရရှိထားသော တရားဝင်မြန်မာလုပ်သား စုစုပေါင်းဦးရေ ၃ သန်းခွဲနီးပါးရှိပြီး ထိုထဲမှ မြန်မာလုပ်သား ၄ သိန်း ၃ သောင်းနီးပါးကို မြန်မာ အလုပ်သမားဝန်ကြီးဌာနမှ CI စာအုပ် ထုတ်ပေးထားကြောင်း သိရသည်။


လက်ရှိထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေအတွက် ၄ ဒသမ ၁ သန်း ရှိကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/20/417158.html
👍48❤17😁9
ပြည်ထောင်စုမရှိရင် ဆုံမှတ်မရှိဘူး ဖြစ်သွားမယ်

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆

အောက်ခြေက စတဲ့ ဖက်ဒရယ်ပြည်ထောင်စု (Bottom-Up Federalism) ကို တည်ဆောက်နေတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဖြစ်လာတဲ့ မူအန်းဂျလာရဲ့ တာဝန်တွေ၊ နိုင်ငံရေးဖြတ်သန်းမှု၊ နိုင်ငံရေးအမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ အမှုဆောင်အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်း ထားပါတယ်။

https://youtu.be/aCA9tTSVHMg
#မြန်မာ #ဧရာဝတီ #ကရင်နီပြည်အတိုင်ပင်ခံကောင်စီ #မူအန်းဂျလာ #ဖက်ဒရယ်ပြည်ထောင်စု #ကရင်နီပြည် #နိုင်ငံရေး #KSCC #WhatsHappeningInMyanmar
👍38❤6😁4
Media is too big
VIEW IN TELEGRAM
ဒဏ်ရာရစစ်သည်ကို ရှေ့တန်းကနေ လေကြောင်းဒရုန်းဖြင့် ပထမဆုံးအကြိမ် သယ်ယူကယ်ဆယ်ခဲ့တဲ့ ယူကရိန်း

အောက်တိုဘာ ၂၁၊ ၂၀၂၆

ယူကရိန်းစစ်တပ်ရဲ့ အမှတ် ၉၂ သီးခြားတိုက်ခိုက်ရေးတပ်မဟာက ရှေ့တန်းစစ်မြေပြင်ကနေ ဒဏ်ရာရစစ်သည်တဦးကို လေကြောင်းဒရုန်းအသုံးပြုပြီး အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် လေကြောင်းဒရုန်းနဲ့ လူနာတင်ပို့ကယ်ဆယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


#မြန်မာ #ဧရာဝတီ #ယူကရိန်း #ဒရုန်း
❤54👍27
👍23👎1😁1
ရွေးကောက်ပွဲအလွန် ထရမ့်၏ အိမ်ဖြူတော်တွင် ဝန်ထမ်းအပြောင်းအလဲကြီး ဖြစ်လာမလား

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆

ကြားဖြတ်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နိုင်ခြေကြောင့် အိမ်ဖြူတော်အတွင်း အာဏာလုပွဲများနှင့် သတင်းပေါက်ကြားမှုများ ပိုမိုပြင်းထန်လာနေသည်။ ဝန်ထမ်းအပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ထရမ့်က မပြောသေးသော်လည်း လက်ထောက်များနှင့် မဟာမိတ်များကမူ ရွေးကောက်ပွဲအပြီး ပစ်မှတ်ထားခံရမည် သို့မဟုတ် နှုတ်ထွက်ရမည်ကို စိုးရိမ်လျက်ရှိကြသည်။

တချိန်က စည်းလုံးခဲ့သည့် အိမ်ဖြူတော်သည် ယခုအခါ ဂိုဏ်းဂဏတိုက်ပွဲများနှင့် သတင်းပေါက်ကြားမှုများ ပြန်လည်ဆန်းသစ်လာရာ ဗဟိုချက်ဖြစ်လာကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မဟာမိတ်အချို့က ပြောသည်။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ အရေးကြီးသည့် နောက်ဆုံးရက်များ၌ အာဏာလုပွဲများနှင့် ကြိုတင်အပြစ်ပုံချမှုများ ပေါင်းစပ်နေသည့် အဆိပ်အတောက်ဖြစ်ဖွယ် အခြေအနေ ဖြစ်ပေါ်နေသည်။

ထရမ့်သည် ဂရိနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကင်ဘာလီ ဂေးလ်ဖွိုင်လ် (Kimberly Guilfoyle) ကို ခရက်ဒစ်ကတ်ကြွေး ဒေါ်လာ ၁၀၀,၀၀၀ ဆက်ပေးရန် ရီပတ်ဘလစ်ကန် အလှူရှင်ထံ တောင်းဆိုခဲ့သည့် သတင်းပေါက်ကြားမှုအပါအဝင် သတင်းဆိုးများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ကနေဒီစင်တာအတွက် ရည်ရွယ်သည့် ဒေါ်လာသန်းပေါင်းများစွာ လွဲမှားစွာ သုံးစွဲခဲ့မှု စွပ်စွဲချက်နှင့် ပတ်သက်၍ အလီနာ ဟာဘာ မေးဒွန် (Alina Habba Mildon) နှင့် ရစ်ခ် ဂရဲန်နယ် (Ric Grenell) တို့ကြား အငြင်းပွားမှုကို စုံစမ်းစစ်ဆေးရန်လည်း အိမ်ဖြူတော် ဥပဒေအကြံပေးအား ထရမ့်က အမိန့်ပေးခဲ့သည်။

ထို့အပြင် ပြန်ကြားရေးအတွင်းဝန်သစ် ကေတီ ဇာခါရီယာ (Katie Zacharia) ကိုလည်း လုပ်ဆောင်ချက် မှားယွင်းမှုများကြောင့် ငါးရက်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။

အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် စူဇီ ဝိုင်းလ်စ် (Susie Wiles) ၊ ပြင်ပအကြံပေးများဖြစ်ကြသည့် ဂျိမ်းစ် ဘလဲယား (James Blair) နှင့် ခရစ် လာစီဗီတာ (Chris LaCivita) တို့သည်လည်း ၎င်းတို့၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည့် သတင်းရေးသားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်မကောင်းပါက မည်သူ အပြစ်ခံရမည်နည်း၊ မည်သူ အထုတ်ခံရမည်နည်းဆိုသည်တို့နှင့် ပတ်သက်၍ ခန့်မှန်းချက်များ ရှိနေသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်းဂဲလ် (Davis Ingle) က အဆိုပါ သတင်းများကို "အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များ" ဟု ပယ်ချခဲ့သည်။

သို့သော်လည်း ဇာခါရီယာအား ရာထူးကမ်းလှမ်းစဉ်က ဝိုင်းလ်စ် မရှိနေခဲ့သဖြင့် သူမ၏ အာဏာလျော့နည်းလာသည်ဟူသော ယူဆချက်ဖြင့် စိစစ်မှုများ မြင့်တက်လာခဲ့သည်။ လပေါင်းများစွာ ကင်ဆာရောဂါ ခံစားခဲ့ရခြင်းနှင့် နှစ်နှစ်ပြည့်ကာလ နီးကပ်လာခြင်းတို့ကြောင့် ဝိုင်းလ်စ် နှုတ်ထွက်နိုင်သည်ဟု သတင်းထွက်ခဲ့သော်လည်း၊ သူမဘက်မှ အရိပ်အမြွက်မပြခဲ့ဘဲ ထရမ့်ကလည်း သူမအား အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်များ၏ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်ရနိုင်သည့် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ကို ထရမ့်က အကြိမ်ကြိမ် ကာကွယ်ပြောဆိုခဲ့သည်။ အီရန်နှင့် စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်မှုကို ကိုင်တွယ်နေရသည့် စွမ်းအင်ဝန်ကြီး ခရစ် ရိုက်တ် (Chris Wright) မှာလည်း ထွက်ခွာရန် စဉ်းစားနိုင်သည်ဟု ခန့်မှန်းကြသော်လည်း သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများက အဆိုပါ သတင်းများကို ငြင်းဆိုထားသည်။

အမျိုးသားကျန်းမာရေးဌာန (NIH) အကြီးအကဲ ဂျေး ဘတ်တာချာရီယာ (Jay Bhattacharya) သည် အိမ်ဖြူတော် ဘတ်ဂျက်အကြီးအကဲ ရပ်စ် ဗို့သ် (Russ Vought) နှင့် လူသိရှင်ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေသည်။

ပုံမှန်အားဖြင့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် ဝန်ထမ်းအပြောင်းအလဲများ ရှိလေ့ရှိသော်လည်း အာဏာကို ထရမ့်နှင့် နီးစပ်မှုအပေါ်၌သာ အဓိက တိုင်းတာသည့် ယခု အစိုးရအဖွဲ့အတွင်း၌မူ လစ်လပ်နေရာများသည် အာဏာချိန်ခွင်လျှာနှင့် မူဝါဒများကို သိသိသာသာ ပြောင်းလဲသွားစေနိုင်သည်။

ထရမ့်က ဝန်ထမ်းအပြောင်းအလဲလုပ်ရန် အရိပ်အမြွက် မပြသေးဘဲ မဲဆွယ်ခရီးစဉ်များအပေါ် အပြုသဘောဆောင် မျှော်လင့်နေသည်။ သို့သော် အကြံပေးများကမူ အောက်လွှတ်တော် အများစုနေရာ ဆုံးရှုံးနိုင်ခြေမြင့်မားပြီး အထက်လွှတ်တော်ကို ထိန်းသိမ်းရန်လည်း ခက်ခဲနေကြောင်း စိုးရိမ်နေကြသည်။ ထရမ့်ကိုယ်တိုင်လည်း သီးသန့်စကားပြောဆိုမှုများတွင် နိုင်ငံရေးအခြေအနေ ဆိုးရွားနေမှုအပေါ် မကျေမနပ် မေးခွန်းထုတ်ခဲ့သည်။

နိုဝင်ဘာ ၃ ရက်တွင် ရီပတ်ဘလစ်ကန်များ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါက ထရမ့်သည် သူမှလွဲ၍ တဦးဦးအား အပြစ်ပုံချမည်မှာ သေချာနေသည်။

ကိုးကား။ ။ CNN သတင်း Fears of a post-midterms Trump rampage spur ‘brutal’ internal jockeying

ပုံစာ - အိမ်ဖြူတော် ခရစ်ယာန်များအသင်းက ထရမ့်အတွက် ဝိုင်းဆုတောင်းပေးကြစဉ်
😁32❤11👍11
❤33👍8
မျိုးသုဉ်းသွားပြီဟု စိုးရိမ်ခဲ့ကြသည့် မျောက်လေမောင်း အင်ဒိုနီးရှားတွင် ပြန်တွေ့

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆။

ဘန်းကာ မျောက်လေမောင်းသည် ကမ္ဘာပေါ်တွင် အဆန်းပြားဆုံး ပရိုင်းမိတ် (primate) သတ္တဝါများထဲမှ တမျိုးဖြစ်ပြီး နှေးကွေးစွာ လှုပ်ရှားသွားလာတတ်သော သစ်ပင်နေ သတ္တဝါတမျိုးဖြစ်သည်။ ၎င်းအား မျိုးသုဉ်းပျောက်ကွယ်သွားပြီဟုလည်း ယူဆခဲ့ကြပြီး ၁၉၃၀ ပြည့်လွန်နှစ်များက နောက်ဆုံးအကြိမ် အချက်အလက် မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် ယခုအခါ အင်ဒိုနီးရှားနိုင်ငံ၏ အပူပိုင်းကျွန်းတခုဖြစ်သော ဘန်းကာကျွန်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်သည်။

ဆူမားတြားကျွန်း၏ အရှေ့တောင်ဘက် ကမ်းလွန်တွင် တည်ရှိသော ဘန်းကာကျွန်း၌ တိရစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့အစည်းတခုသည် လွန်ခဲ့သည့် နှစ်များအတွင်း ဘန်းကာ မျောက်လေမောင်း ကောင်ရေ ၉၀ ကျော်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရကြောင်း သိပ္ပံပညာရှင်များက သုတေသနစာတမ်းသစ်တခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့အနက် အများစုကို တောတွင်းသဘာဝပတ်ဝန်းကျင်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။

Spixiana ဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသနစာတမ်း၏ ပူးတွဲရေးသားသူတဦးဖြစ်ပြီး ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Haus des Meeres Aqua Terra Zoo မှ သဘာဝထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့လွန်ကျောင်းသား တိမွန် ဂလော (Timon Glaw) က "ဘန်းကာ မျောက်လေမောင်းတွေ ရှင်သန်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ကယ်ဆယ်ရရှိခဲ့သည့် သတ္တဝါများသည် ဘန်းကာကျွန်း၏ မတူညီသော နေရာအသီးသီးမှ ရရှိခဲ့ခြင်းဖြစ်ရာ၊ ၎င်းမျိုးစိတ်သည် ဘာသာရပ်ဆိုင်ရာ သုတေသနများတွင် ဆယ်စုနှစ်ပေါင်းများစွာ လစ်ဟင်းခဲ့မှုနှင့် နေထိုင်ရာပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးမှုများရှိခဲ့သော်လည်း ဒေသအများအပြားတွင် ဆက်လက်ရှင်သန်နေကြောင်း ပြသနေသည်ဟု ဂလော က ပြောသည်။ ခဲမဖြူတူးဖော်ခြင်းနှင့် ဆီအုန်းစိုက်ပျိုးရန် မြေနေရာရှင်းလင်းခြင်းတို့ကြောင့် ၎င်းတို့၏ နေထိုင်ရာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခဲ့ရကြောင်း ဂလော က ပြောကြားခဲ့သည်။

"ကျွန်တော် အထူးသဖြင့် အံ့ဩမိတာကတော့ ဒီလို ထူးခြားဆွဲဆောင်မှုရှိပြီး ထင်ရှားတဲ့ ပရိုင်းမိတ်သတ္တဝါတစ်မျိုးဟာ နှစ်ပေါင်းရာစုနှစ်တစ်ခုနီးပါး သုတေသနပြုမှု အလွန်နည်းပါးခဲ့တာပါပဲ။ အခုလို ပြန်လည်တွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေ ဆယ်စုနှစ်ပေါင်းများစွာ သွားရောက်ရှာဖွေခြင်းမရှိခဲ့တဲ့ နေရာတွေမှာ မျိုးသုဉ်းသွားပြီလို့ စိုးရိမ်နေကြတဲ့ အခြားမျိုးစိတ်တွေလည်း ဆက်လက်ရှင်သန်နေနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးစွမ်းလိုက်တာပါ။ ဒါ့အပြင် ဘန်းကာကျွန်းဟာ ကမ္ဘာ့အကြီးဆုံး မြို့ကြီးတွေထဲက တခုဖြစ်တဲ့ ဂျကာတာမြို့ကနေ လေယာဉ်နဲ့ တနာရီလောက်ပဲ သွားရတဲ့နေရာပါ" ဟု ဂလော က ပြောသည်။

သိပ္ပံအမည် Nycticebus bancanus ဟုခေါ်သော ဘန်းကာ မျောက်လေမောင်းသည် နီညိုရောင်အမွှေးအမျှင်၊ ထူးခြားသည့် မျက်နှာအမှတ်အသားများနှင့် မျက်လုံးကြီးများ ပါရှိသည့် သေးငယ်သော ညဉ့်ကျက်စားသည့် ပရိုင်းမိတ်သတ္တဝါဖြစ်သည်။ သစ်ခက်များအကြား လျှင်မြန်စွာ လှုပ်ရှားနိုင်သည့် လူဝံ၊ မျောက်နှင့် လီမာ (lemur) ကဲ့သို့သော အခြား သစ်ပင်နေ ပရိုင်းမိတ်များနှင့် မတူဘဲ သစ်ပင်ပေါ်တွင် ဖြည်းဖြည်းနှင့် ဂရုတစိုက် လှုပ်ရှားသွားလာတတ်သည်။

၂၀၂၀ ပြည့်နှစ်တွင် သတ္တဝါမျိုးစိတ်များ၏ အခြေအနေကို စောင့်ကြည့်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း (IUCN) က ဘန်းကာ မျောက်လေမောင်းအား စိုးရိမ်ရလောက်အောင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့်အပြင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ယူဆရသော သတ္တဝါအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် စိန့်လူးဝစ်အခြေစိုက် Re:wild သဘာဝထိန်းသိမ်းရေးအဖွဲ့ကလည်း ၎င်းအား "ပျောက်ဆုံးနေသော ပရိုင်းမိတ်များ" ထဲမှ တခုအဖြစ် စာရင်းသွင်းခဲ့သည်။

အဆိပ်ရှိသော ကိုက်ခဲမှု

ကမ္ဘာပေါ်ရှိ အခြားသော မျောက်လေမောင်း မျိုးစိတ်များကဲ့သို့ပင် ၎င်းတွင် အဆိပ်ရှိပြီး နို့တိုက်သတ္တဝါများတွင် ရာခိုင်နှုန်းအလွန်နည်းသော ထူးခြားသည့် လက္ခဏာဖြစ်သည်။ မျောက်လေမောင်းများသည် တောင်ပံဆစ် (တံတောင်ဆစ်) အနီးရှိ အထူးပြုပြွန်များမှ အရည်တစ်မျိုးကို ထုတ်လုပ်ပြီး၊ ခြိမ်းခြောက်ခံရသည့်အခါ လက်မောင်းများကို မြှောက်၍ ထိုအရည်ကို တံတွေးနှင့် ရောနှောကာ ကိုက်ခဲလိုက်သည့်အခါ အဆိပ်အဖြစ် သက်ရောက်စေသည်။

"ဒီအဆိပ်ဟာ လူတွေမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ အခြား မျောက်လေမောင်း မျိုးစိတ်တွေကို သုတေသနပြုချက်များအရ အဆိပ်ကို သားရဲတိရစ္ဆာန်တွေနဲ့ ပါရာဆိုက် (ကပ်ပါး) တွေကို ကာကွယ်ဖို့ သုံးနိုင်ပေမဲ့ အဓိကအားဖြင့်တော့ အခြား မျောက်လေမောင်းတွေနဲ့ ပဋိပက္ခဖြစ်ချိန်မှာ သုံးကြတာဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်" ဟု ဂလော က ပြောသည်။

၎င်းတို့၏ အစားအစာ စားသုံးမှုပုံစံကို တိတိကျကျ မသိရှိရသေးသော်လည်း အခြား မျောက်လေမောင်း မျိုးစိတ်များကဲ့သို့ပင် ပိုးမွှားများ၊ (သစ်စေး)၊ ဝတ်ရည်နှင့် အခြား သစ်ပင်အပိုင်းအစများကို စားသုံးဖွယ်ရှိကြောင်း ဂလော က ပြောသည်။

၎င်းတွင် အောက်မေးသွားများ အရှေ့သို့
👍32❤11
ငေါက်ထွက်နေသည့် သွားဘီး (toothcomb) ပါရှိပြီး၊ ယင်းကို အဓိကအားဖြင့် အမွှေးအတောင် သန့်ရှင်းရေးလုပ်ရန်၊ သစ်ခေါက်များကို တူးဆွ၍ သစ်စေးထုတ်ယူရန်နှင့် ကိုက်ခဲစဉ် အဆိပ်စီးဆင်းစေရန် အသုံးပြုသည်။ ထို့အပြင် အဆိုပါ သွားဘီးကို သန့်ရှင်းရေးလုပ်ရာတွင် ကူညီပေးသည့် အဓိကလျှာအောက်ရှိ အထူးပြု လျှာဒုတိယတစ်ခုလည်း ပါရှိသည်။

၂၀၁၅ နှင့် ၂၀၂၅ အကြားတွင် အင်ဒိုနီးရှား သဘာဝထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်သည့် Alobi Wildlife Rescue Center သည် ကျွန်းတခွင် မတူညီသော နေရာများမှ ဘန်းကာ မျောက်လေမောင်း ကောင်ရေ ၉၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဂလော က ပြောကြားခဲ့သည်။

အများစုကို နေအိမ်များ၊ ဥယျာဉ်များ၊ စိုက်ခင်းများ သို့မဟုတ် လမ်းများမှ ကယ်ဆယ်ခဲ့ရခြင်းဖြစ်ပြီး အချို့မှာမူ အထူးသဖြင့် လျှပ်စစ်ဓာတ်ကြိုးများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ကုသမှုပေးခဲ့သော်လည်း အနည်းငယ် သေဆုံးသွားခဲ့ကြောင်း ဂလော က ပြောသည်။ ပြန်လည်ကျန်းမာလာပြီးနောက် ၎င်းတို့အနက် ၈၆ ကောင်ကို သင့်တော်သည့် သဘာဝနေထိုင်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။

"အရေးကြီးဆုံး လုပ်ဆောင်ရမှာကတော့ ဘန်းကာကျွန်းပေါ်မှာ ကျန်ရှိနေသေးတဲ့ သဘာဝသစ်တောတွေကို ခဲမဖြူတူးဖော်တာနဲ့ ဆီအုန်းစိုက်ပျိုးမှု တိုးချဲ့တာတွေကြောင့် နောက်ထပ် ပျက်စီးယိုယွင်းမသွားအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမျိုးစိတ် ဘယ်နေရာတွေမှာ ဆက်လက်ရှင်သန်နေသေးလဲ၊ ကောင်ရေ ဘယ်လောက်အထိ ရှိနေသေးလဲဆိုတာကို သိရှိနိုင်ဖို့ စနစ်တကျ ကွင်းဆင်းစစ်ဆေးမှုတွေ လိုအပ်ပါတယ်" ဟု ဂလော က ပြောသည်။

ကိုးကား။ ။ Reuters သတင်း Feared extinct, Bangka slow loris primate rediscovered in Indonesia
👍32❤3
Media is too big
VIEW IN TELEGRAM
တရုတ်သင်္ဘော ၁၆ စီးကို ထိုင်၀မ်မောင်းထုတ်

အောက်တိုဘာ ၂၁၊ ၂၀၂၆

ထိုင်၀မ်ကျွန်းမကြီးနဲ့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပရတ်တပစ် (ခေါ် ) ဒေါင်ရှာကျွန်းစု အနီးတဝိုက်မှာ ရေကြောင်းနှောင့်ယှက်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘေ ၁၆ စီးကို ထိုင်၀မ်ဘက်က ကြားဖြတ်ဟန့်တားပြီး မောင်းထုတ်နိုင်ခဲ့တယ်လို့ ထိုင်၀မ် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #ထိုင်ဝမ်
👍58❤19😁1
"အဓိကကတော့ သူတို့ [မီဒီယာတွေမှာ မေးမြန်းချက်တွေ] ဟာ ဗုံးကြဲမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ကြည့်မယ်ဆိုရင်တော့ လက်ရှိ စစ်ဆင်ရေးတွေဟာ အမှန်တကယ်တော့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လှမ်းနေတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်" ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲ နိဂုံးချုပ် အမှာစကားပြောကြားစဉ် ပြောဆိုခဲ့သည်။


Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/10/21/417165.html
👎39😁10❤7👍2
👍29❤4
ဂျပန်၏ ပထမဆုံး နိုင်ငံခြားသား ဘတ်စ်ကား ယာဉ်မောင်း ကိုပြည့်စုံ ဖြစ်လာ


ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆


ဂျပန်နိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘတ်စ်ကားလိုင်းတွင် ပထမဆုံး နိုင်ငံခြားသားယာဉ်မောင်းအဖြစ် မြန်မာနိုင်ငံသား ကိုပြည့်စုံကို ခန့်အပ်လိုက်ကြောင်း Japan Daily သတင်းတွင် ယမန်နေ့က ဖော်ပြသည်။


ရှီဇူအိုကာ စီရင်စုအတွင်း ခရီးသည်တင် ဘတ်စ်ကား မောင်းနှင်နေသည့် ကိုပြည့်စုံ၏ ဓာတ်ပုံများကို ဖော်ပြကာ Fuji Kyuko Shizuoka Bus ကုမ္ပဏီက အောက်တိုဘာ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ဂျပန် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံခြားသား အလုပ်သမားများအတွက် မှတ်တိုင်သစ် တခု ဖြစ်လာခဲ့သည်။


ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုပ်သား ရှားပါးမှု ပြဿနာ ရှိနေချိန် ကိုပြည့်စုံကဲ့သို့ နိုင်ငံခြားသား ယာဉ်မောင်းများ ပါဝင်လုပ်ကိုင်လာမှုအပေါ် လူအများ စိတ်ဝင်စားမှုရှိခဲ့ပြီး ကုမ္ပဏီများ အနေဖြင့် ဝန်ထမ်းသစ်များကို မည်သို့ ခေါ်ယူ ဖြည့်ဆည်းနေရသည်ကို မီးမောင်းထိုးပြနေကြောင်းလည်း သတင်း၌ဖော်ပြထားသည်။


အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်များ ဘေးကင်း လုံခြုံရေးအတွက် ဘတ်စ်ကား မောင်းနှင်ရန် အထူးလိုင်စင် ရယူထားရန်၊ ဘာသာစကားနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်ရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤49👍16
👍28
သက်တမ်း သန်း ၁၂၀ ရှိ ဒိုင်နိုဆောခြေရာ ခြောက်ခု ထိုင်း အတည်ပြု


ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆။


ထိုင်းနိုင်ငံ သတ္တုသယံဇာတဌာန (DMR) က အူဒွန်ဌာနီခရိုင်တွင် တွေ့ရှိခဲ့သော ခြေရာ ခြောက်ခုမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ သန်းခန့်က အသားစားဒိုင်နိုဆောတကောင် သွားလာခဲ့စဉ်က ချန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက် က အတည်ပြုခဲ့သည်။


DMR ၏ ထုတ်ပြန်ချက်အရ ၎င်းခြေရာခြောက်ခုမှာ အစောပိုင်း ခရီတေးရှပ် (Early Cretaceous) ခေတ်က ဖူဖန် (Phu Phan) ကျောက်စွယ်အတွင်း ထုဆစ်ထားသကဲ့သို့ တည်ရှိနေသည့် တခုတည်းသော ခြေရာလမ်းကြောင်း ဖြစ်လာသည်။ တာဝန်ရှိသူများက ၎င်းတို့သည် နောက်ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်ခဲ့သော သာရိုပေါ့ဒ် (theropod) ဒိုင်နိုဆောတကောင်၏ ခြေရာများဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။


ပီချိုင်း (Pichai) ဟု အမည်ဖော်ပြထားသော အမျိုးသားတဦးက အူဒွန်ဌာနီခရိုင်၊ ဗန်ဖူမြို့နယ်၊ မောင်းဖန်ခရိုင်ခွဲရှိ တောစောင့်စခန်း အမှတ် (၃) (ဖူဖရာဗတ်) အနီးတွင် ၎င်းခြေရာများကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတွေ့ရှိမှုသည် ထိုင်းဖေ့စ်ဘွတ်ခ်အုပ်စုတခုတွင် စိတ်ဝင်စားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး DMR အနေဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရန် တွန်းအားဖြစ်စေခဲ့သည်။


အူဒွန်ဌာနီမှ ခြေရာများကို ခွဲခြမ်းစိတ်ဖြာချက်အရ အဆိုပါဒိုင်နိုဆောသည် တင်ပါးဆုံအမြင့် ၁.၄၂ မီတာခန့်နှင့် အရှည် ၆.၃၀ မီတာခန့် ရှိမည်ဖြစ်ကြောင်း DMR က ပြောကြားခဲ့သည်။ ခြေရာများတွင် ချွန်ထက်သော လက်ချောင်းသုံးချောင်း ပါရှိပြီး အလျား ၂၉ စင်တီမီတာနှင့် အနံ ၂၆ စင်တီမီတာ ရှိသည်။


DMR သည် ခန့်မှန်းခြေအရွယ်အစားကို ထိုကာလအတွင်းကပင် ထိုင်းနိုင်ငံတွင် ယခင်က တွေ့ရှိခဲ့ဖူးသော သာရိုပေါ့ဒ် (theropod) ဒိုင်နိုဆောတမျိုးဖြစ်သည့် ဆိုင်ယိုတိုင်ရာနပ်စ် အီဆာနန်ဆစ် (Siamotyrannus isanensis) ၏ အရွယ်အစားနှင့် နှိုင်းယှဉ်ခဲ့သည်။ ဤနှိုင်းယှဉ်မှုသည် အဆိုပါမျိုးစိတ်က ခြေရာများကို ဖန်တီးခဲ့ကြောင်း အတည်ပြုခြင်းထက် ဒိုင်နိုဆော၏ အရွယ်အစားကို ဖော်ပြရန်အတွက်သာ ဖြစ်သည်။


DMR သည် လာရောက်လည်ပတ်သူများ၏ အနှောင့်အယှက်ကြောင့် ခြေရာများ ပျက်စီးဆုံးရှုံးခြင်း မရှိစေရန် အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်ထိန်းသိမ်းရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


DMR ၏ အဆိုအရ အဆိုပါဌာနများသည် ထိုင်းနိုင်ငံ၏ ရုပ်ကြွင်းကာကွယ်ရေးဥပဒေ (Fossil Protection Act 2008) အရ အသစ်တွေ့ရှိကြောင်း သတင်းပို့ထားသော ရုပ်ကြွင်းများကို ကာကွယ်ရန် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်လျက် ရှိသည်။


အူဒွန်ဌာနီ ဒေသအတွက် ရေတိုက်စားမှုကို ကာကွယ်ရေး အစီအမံများကိုလည်း ထည့်သွင်းစဉ်းစားထားသည်။ ရုပ်ကြွင်းဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ခရီးသွားလာရေးတို့အတွက် အရေးပါသော အမျိုးသားအဆင့် နေရာတခု ဖြစ်လာစေရန် အလားအလာများကို အဆိုပါဌာနများက သုံးသပ်လျက်ရှိကြောင်း DMR က ပြောကြားခဲ့သည်။


ကိုးကား။ ။ The Nation သတင်း Thailand confirms six 120-million-year-old dinosaur footprints on October 20


ဓာတ်ပုံ - Khaosod၊ Bangkok Post၊ The Nation နှင့် ThaiPBS မှ ဓာတ်ပုံများ
👍31❤4😁3
👎32😱3❤1
နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဆာဆာကာဝါ နေပြည်တော်သို့ ဒုတိယအကြိမ် ရောက်လာပြန်

ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် အာဏာသိမ်းအစိုးရတာဝန်ရှိသူတို့ ဒုတိယအကြိမ် တွေ့ဆုံအပြီး မြန်မာစစ်တပ်နှင့် နီးစပ်သည့် ငြိမ်းချမ်းရေး အကျိုးဆောင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဆာဆာကာဝါသည် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ယမန်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဆာဆာကာဝါအနေဖြင့် သုံးလအတွင်း ဒုတိယအကြိမ်မြောက် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် ကြားဝင်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်နေသည့် ဆာဆာကာဝါသည် စစ်တပ်နှင့်ရော တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ ထိတွေ့ဆက်ဆံနေသူဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာရေးအတွက် တိတ်တဆိတ် သံတမန်ရေး ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောထားသည်။


မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသော ဂျပန်နိုင်ငံသည် ယခုနှစ်အစောပိုင်းမှစ၍ မြန်မာစစ်အုပ်စုနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်နေသလို အမေရိကန်နှင့် စစ်အုပ်စု၏ လျှို့ဝှက်ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးလျက်ရှိသည်။
ဆာဆာကာဝါအား စစ်တပ်နှင့်အာရက္ခတပ်တော်(AA)ကြား စေ့စပ်ညှိနှိုင်းသူ အဖြစ် လူသိများကာ ယခင်ကလည်း ၎င်း၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်တပ်နှင့် AA တို့ကြား ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့တွင် ယာယီ အပစ်ရပ်ကာ သုံ့ပန်းစစ်သားနှင့် ရဲများကို AA ဘက်က လွှတ်ပေးခဲ့ဖူးသည်။
ထို့ပြင် ဆာဆာကာဝါသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ(SCEF)အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။


အလားတူ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာညွှန်ကြားရေးမှူးချုပ် Mr. Peng Xiubin ဦးဆောင်သော အဖွဲ့သည် အောက်တိုဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ လာရောက်ကာ ရန်ကုန်မြို့ Lotte Hotel တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


ဓာတ်ပုံ-MOI


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎41❤16😁6😱1