The Irrawaddy - Burmese
✔
75.1K subscribers
38.7K photos
2.49K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
😁31
လားရှိုး ရာအိမ်မှူးအိမ်က မူးယစ်ဆေးဝါးမိသော်လည်း အရေးယူခြင်း မရှိ


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


အဏာသိမ်းအစိုးရထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ အမှတ် (၉) မြန်မာခါးရိုးရပ်ကွက်၊ နယ်မြေ (၄)ရှိ ရာအိမ်မှူး ဦးမိုးဒီ နေအိမ်၌ အောက်တိုဘာ ၂၀ ရက်နေ့လယ် ၁ နာရီခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူ ၂ ဦး နာရီပိုင်းအတွင်း ပြန်လွတ်လာသည်ဟု ဒေသခံများထံမှ သိရသည်။


ရာအိမ်မှူး ဦးမိုးဒီ၏ နေအိမ်ကို နယ်မြေရဲစခန်းမှ ရဲအုပ် အောင်စိုးသူ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေရာ ဦးမိုးဒီ၏ တူဖြစ်သူ သီဟနှင့် ၎င်း၏ဇနီးတို့ထံမှ စိတ်ကြွမူးယစ်ဆေးပြား ၆ ထုပ်၊ အလုံးရေ ၁,၂၀၀ နှင့် ငွေကျပ် ၁၀ သိန်း တွေ့ရှိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးသွားသည်။


သို့သော် ဖမ်းဆီးခံရသူ သီဟ၏ အစ်မဖြစ်သူ လဲ့လဲ့နိုင်မှာ ရဲအရာရှိတဦးဖြစ်ရာ ရဲအုပ် အောင်စိုးသူထံ ဖုန်းဆက်သွယ်၍ စခန်းမှူးထံတင်ပြကာ ပြန်လွှတ်ပေးရန် ပြောဆိုခြင်းကြောင့် သီဟနှင့် ၎င်း၏ဇနီးမှာ ယင်းနေ့ ညနေ ၅ နာရီတွင် ပြန်လွတ်လာသည်ဟု သိရသည်။


ဒေသခံတဦးက"သူတို့ပြန်လွတ်လာတော့ သီဟက ရပ်ကွက်မှာ ငါတို့က ရဲအမျိုးတွေ၊ ဘာလုပ်လုပ် ရတယ်၊ ဘာမှ မဖြစ်ဘူး။ ဘယ်ကောင်မှလည်း ဂရုစိုက်စရာမလိုဘူးဆိုပြီး ရပ်ကွက်ထဲ လိုက်ပြောနေတာ"ဟု ဧရာဝတီကို ပြောသည်။


သီဟ၏ အစ်မဖြစ်သူ လဲ့လဲ့နိုင်မှာ နေပြည်တော်မှ ရဲအရာရှိဖြစ်သည်ဟု ပြောဆိုသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိပေ။


သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎32😁9❤6😱3
စပါးတင်းတရာ ကျပ် ၁၃သိန်းခွဲသတ်မှတ် ပေါက်ဈေးထက်နိမ့် တောင်သူတွက်ခြေမကိုက်


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


စိုက်ပျိုးစရိတ်ကြီးနေချိန် အခြေခံဈေး စပါးတင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ခြင်းက ပြင်ပပေါက်ဈေးနှင့် များစွာကွာဟနေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် မကာမိဟု လယ်သမားများက ဆိုသည်။


အာဏာသိမ်းအစိုးရ ကျောထောက်နောက်ခံပြု “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့”က ယခုနှစ်ပေါ်မည့် မိုးစပါးနှင့် လာမည်နှစ်ပေါ်မည့် နွေစပါးကို သတ်မှတ်အရည်အသွေး အစိုဓာတ် ၁၄ ရာခိုင်နှုန်း စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တတင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲဖြင့် အောက်တိုဘာ ၂၁ ရက်က အခြေခံဈေးသတ်ပေးလိုက် ခြင်းဖြစ်သည်။


လက်ရှိပြင်ပပေါက်ဈေးက စပါးတင်း ၁၀၀ ကျပ် ၁၉ သိန်းမှ သိန်း ၂၀ ကျော်အထိရှိနေပြီး တချို့ဒေသများတွင် ကျပ်သိန်း ၃၀ ဝန်းကျင်ရှိကာ ပေါ်ဆန်းစပါးဈေးမှာလည်း ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၆၀ ကျော်အထိ ရှိကြောင်း လယ်သမားများ ထံက သိရသည်။


စပါးအမျိုးအစားအလိုက် ဈေးကွာခြားသည့်အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်နေခြင်းကြောင့် တင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲဆိုသည့် အခြေခံရည်ညွှန်းဈေး သတ်မှတ်ချက်အပေါ် လယ်သမားများ စိုးရိမ်ကြသည်။


နေပြည်တော်ရှိ လယ်သမားတဦးက “ဒီဘက်မှာတော့ စပါးဈေးက တင်း ၁၀၀ ကို ၁၉ သိန်း၊ ၂၀ သိန်းရှိတယ်။ ဒီဈေးနဲ့ တောင် လုပ်အားခတွေ ဘာတွေ နုတ်လိုက်ရင် ဘယ်လောက်မှ မကျန်တော့ဘူး။ စိုက်စရိတ်တွေကလည်း များတယ်။ စပါးဈေးကိုကျတော့ ဒီလောက်ပဲ အခြေခံသတ်မှတ်တာကတော့ မဖြစ်သင့်ဘူး” ဟု ပြောသည်။


ထို့ကြောင့် စပါးအခြေခံ ရည်ညွှန်းဈေး သတ်မှတ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ မြေဩဇာနှင့် အခြားသွင်းအားစု ဈေးနှုန်းများ၊ လုပ်အားခနှင့် ချေးငွေ အတိုးစရိတ်တို့ကို ထည့်သွင်း စဉ်းစားပေးရန် လယ်သမားများက လိုလားကြောင်း ဆိုကြသည်။


ယခုနှစ် မိုးစပါးအထွက်နှုန်းမှာ လျော့ကျနေပြီး တဧက ပျမ်းမျှ စပါး ၆၈ တင်းမှ ၇၅ တင်းခန့်သာထွက်ပြီး စိုက်ပျိုး ထုတ် လုပ်မှုကုန်ကျစရိတ်မှာ တဧက ကျပ် ၁၂ သိန်းဝန်းကျင်ရှိပြီး ချေးငွေအတိုးတို့ကို ထည့်တွက်ထားခြင်း မရှိကြောင်း၊ ပျမ်းမျှ တဧက ၆၈ တင်းထွက်လျှင် စပါးတတင်း၏ ကုန်ကျစရိတ်က ကျပ် ၁၇,၆၄၇ ခန့်ရှိပြီး ၇၅ တင်းထွက်လှင် ကျပ် ၁၆,၀၀၀ ခန့်ရှိမည် ဖြစ်သည်။


လက်ရှိ ထွန်စက်မောင်းခ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မြေဩဇာ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစု များကို အာဏာသိမ်းအစိုးရပြောဆိုနေသည့် သတ်မှတ်ဈေးနှုန်းဖြင့် အမှန်တကယ် ဝယ်ယူမရသဖြင့် ပြင်ပပေါက်ဈေး ဖြင့်သာ ဝယ်ယူရကြောင်း လယ်သမားများကဆိုသည်။


ထို့အတွက် အခြေခံရည်ညွှန်းဈေး စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲသတ်မှတ်လျှင် တတင်း ကျပ် ၁၃,၅၀၀ သာ ရမည်ဖြစ်သဖြင့် တဧက ကုန်ကျစရိတ် ကျပ် ၁၂ သိန်းကိုပင် ပြန်လည်ကာမိရန် အခက်အခဲ ရှိနေသည်။


လက်ရှိ ပုလဲဓာတ်မြေဩဇာ တအိတ်လျှင် ကျပ် ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၄ သောင်းဝန်းကျင်၊ ၁၅ ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာတအိတ်လျှင် ကျပ် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်းဝန်းကျင်အထိရှိနေကြောင်း လယ်သမားများထံ က သိရသည်။


ဧရာဝတီတိုင်းမှ လယ်သမားတဦးကလည်း “မြေဩဇာကလည်း သတ်မှတ်ဈေးနဲ့ ဝယ်လို့မရဘူး။ ကိုယ်နဲ့နီးစပ်ရာ ဆိုင်တွေ မှာ ဝယ်ရတာ၊ တအိတ်ကို အနိမ့်ဆုံး ၈ သောင်း၊ ၉ သောင်းကနေ ၁ သိန်းခွဲလောက်အထိ ရှိတယ်။ သီးနှံပေါ်ပေးနဲ့ ဝယ်ရ တော့ တလအတိုးနှုန်းကလည်း ၃ ကျပ်တိုး၊ ၅ ကျပ်တိုးဆိုတာတွေ ရှိတယ်။ အခုလို စိုက်စရိတ်တွေ များနေတဲ့အချိန်မှာ စပါးဈေး ၁၃ သိန်းခွဲ ဆိုတာ စိုက်စရိတ်တောင် မကာမိနိုင်ဘူး” ဟု ပြောသည်။


ထို့ပြင် ထုတ်ပြန်ချက်၌ ဈေးကွက်ပေါက်ဈေးက သတ်မှတ်ဈေးထက်မြင့်လျှင် ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ပေါက်ဈေးက သတ်မှတ်ဈေးအောက် ရောက်ရှိပါက အခြေခံ ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဟု ဖော်ပြထားသည်။


အခြေခံရည်ညွှန်းဈေးနှင့် လက်ရှိ ပြင်ပပေါက်ဈေးတို့ကြား ကွာဟချက်ကြောင့် ဈေးကွက်အတွင်း စပါးဝယ်ယူရောင်းချမှု အပေါ် သက်ရောက်မှုရှိလာနိုင်သည့်အပြင် ယင်းကွာဟချက် အကြောင်းပြု၍ ဈေးနှိမ်ဝယ်ယူမှုများ ဖြစ်ပေါ်လာနိုင်မည် ကိုလည်း စိုးရိမ်နေကြောင်း လယ်သမားများက ပြောသည်။


“သတ်မှတ်ဈေးတောင် ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ထားတော့ အပြင်ဈေးကအခုမြင့်နေတော့ ဒီဈေးကမဖြစ်သင့်ဘူး ဘာညာ နဲ့ ပွဲစားတွေက ဈေးနှိမ်ဝယ်မှာကို ကြောက်တာ။ လယ်သမားကတော့ ပေါ်ရင် အကြွေးဆပ်ရမှာလည်းရှိတော့ ရောင်းကြတာ ပဲလေ။ သူတို့ သတ်မှတ်ဈေးကကွာနေတော့ စိုးရိမ်ရတယ်။ ဝယ်ယူမှုပေါ်တော့ တချက်စောင့်ကြည့်ရမှာပေါ့” ဟု အထက်ပါ လယ်သမားက ရှင်းပြသည်။


အထွက်နှုန်း လျော့ကျပြီး စိုက်ပျိုးစရိတ်မြင့်တက်နေသည့် တောင်သူများအတွက် သတ်မှတ်ဈေးနှုန်းဖြင့် တွက်ချက်၍ ဝယ်သူများက ဈေးလျှော့ဝယ်ယူလာပါက အရှုံးပေါ်နိုင်သည့်အပြင် ချေးငွေအတိုးစရိတ်နှင့် အခြားမပါဝင်သေးသည့် ကုန်ကျစရိတ်များကိုပါ ထည့်တွက်ပါက ဆုံးရှုံးမှု ပိုမိုများပြားနိုင်ကြောင်း လယ်သမားများထံက သိရသည်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/23/417203.html
👎30❤14😁5😭3👍2
❤52😁4😭4👍3
ဒေါ်အောင်ဆန်းစုကြည်၏ လက်အရွတ်ရောင်ရောဂါ မိသားစုဆရာဝန်ဖြင့် ကုခွင့်ရဖို့ သားဖြစ်သူ မျှော်လင့်


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းကျန်းမာမာနှင့် စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်သော်လည်း အသက် ၈၁ နှစ်အရွယ် ရှိနေပြီဖြစ်သလို အရွတ်ရောင်ရမ်းသည့်ရောဂါရှိပြီး တခါတရံလက်တဖက်မှာ အသုံးပြု၍ မရနိုင်သည်အထိ ဖြစ်တတ်၍ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း၊ စစ်ဆေးဆရာဝန်များထက် မိသားစု ဆရာဝန်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရလိုကြောင်းလည်း ကင်မ်အဲရစ်က RFA နှင့် အင်တာဗျူးတွင် ပြောသည်။


ယမန်နေ့က အာဏာသိမ်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ်တို့ကို မိနစ် ၂၀ခန့် ဖုန်းဖြင့် စကားပြောခွင့် ပေးခဲ့ပြီးနောက် ဖုန်းပြောခွင့်ရသည့်အခြေအနေများနှင့် ပတ်သက်၍ RFA က ကင်မ်အဲရစ်ထံသို့ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။


မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် တဖက်နှင့် တဖက် စကားပြောဆို ဆွေးနွေးရေးအတွက် ကြားဝင်လုပ်ဆောင်ပေးနိုင်သူ လူနည်းစုထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်သည့်အတွက် မကြာမီ ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။


“မြန်မာနိုင်ငံဟာ ဒီနေရာမှာ ရပ်မနေပဲ အခြားနိုင်ငံတွေနည်းတူ ရှေ့ဆက်ချီတက်သွားဖို့ လိုအပ်နေပါတယ်။ ကျနော့်မေမေဟာ လည်း အဲဒီလုပ် ငန်းစဉ်ရဲ့အစိတ်အပိုင်းတခုအဖြစ် ဆက်ပြီးတော့ ရှိနေဆဲပါ၊ လူတွေဟာ တဦးနဲ့ တဦး စကားပြောဆွေးနွေးဖို့ လိုပါတယ်၊ အဲဒီလိုတဖက်နဲ့တဖက် စကားပြောဆွေးနွေးလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လူနည်းစုထဲမှာ ကျနော့်မေမေ လည်း တဦးအပါအဝင်ဖြစ်ပါတယ်”ဟု ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြင်ပမှ သတင်းများ သိခွင့်ရမည်ဟု မထင်ကြောင်း၊ ဖုန်းပြောခွင့်ရချိန်၌ မိသားစု အရေးများသာ အဓိက ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။


“ကျနော်သိထားသလောက်တော့ မေမေ့မှာ ရေဒီယိုလည်း မရှိဘူး၊ ရုပ်မြင်သံကြားလည်း မရှိဘူး၊ သတင်းစာတွေလည်း မရပါဘူး၊ ကျနော်တို့ ဖုန်းပြောဆိုတာကို စောင့်ကြည့်ပြီး အသံဖမ်းထားမယ်ဆိုတာကို သိလို့ တချို့အကဲဆက်တဲ့ အကြောင်းအရာတွေကို ပြောလို့မရခဲ့ပါဘူး၊ မိသားစုကိစ္စတွေကိုပဲ ပြောဖြစ်ခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။


မြန်မာနိုင်ငံ၏အခြေအနေသည် တိုးတက်မှု တစုံတရာမရသေးဘဲ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ခေါ်ကြိုဆိုခြင်းများ ပြုလုပ်ပြီး တရားဝင်မှု အသိအမှတ်ပြုပေးသည့် တဖက်သတ်လုပ်ရပ်မျိုး မလုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။


“အပေးအယူကိစ္စတွေအတွက် လူတွေ ညှိနှိုင်းဆွေးနွေးဖို့လိုအပ်တယ်ဆိုတာ ရှင်းပါတယ်၊ ဒါပေမဲ့ တချိန်တည်းမှာပဲ သူ့တို့ ဘက်က လိုက်နာဆောင်ရွက်တာ ဘာမှမရှိဘဲ စစ်တပ်အာဏာပိုင်တွေနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတွေ့ဆုံ ဆက်ဆံတာတွေ၊ တကယ့်တိုးတက်မှု တစုံတရာမရသေးဘဲ ဦးမင်းအောင်လှိုင်ကို တရားဝင်ဖိတ်ခေါ်ကြိုဆိုတာတွေ လုပ်ပြီးတော့ တရားဝင်မှု အသိအမှတ်ပြုပေးတဲ့တဖက်သတ်လုပ်ရပ်မျိုးကိုတော့ မလုပ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်”ဟု ကင်အဲရစ်က ပြောသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤55👍9😁4🤔2
👎23😁4😭2
MNDAA လုပ်ရပ်က ဒေသခံတို့ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှု ဆိုးရွားစွာ ထိခိုက်စေ၍ ကန့်ကွက်


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက် လွှမ်းမိုးမှုများ ပြုလုပ်နေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ယနေ့ ထုတ်ပြန်သည်။


လက်ရှိအချိန်၌ ဒေသခံအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာစကားကို ရုံးသုံးဘာသာ စကားအပြင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအား ပေးစေခိုင်းခြင်း၊ ဘိုးဘွား စဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံများ၏ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု၏ သဘောဆန္ဒ မပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


MNDAA သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီအားဖြင့် အစားထိုးလည်ပတ်ခြင်းကို နားလည်လက်ခံပေးနိုင်သော်လည်း ဘာသာစကား၊ မြေယာပိုင်ဆိုင်မှု၊ နိုင်ငံခြားသားများ ဝင်ရောက် လွှမ်းမိုးမှု၊ သမိုင်းနှင့်ယဉ်ကျေးမှုလက္ခဏာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ချိုးဖောက်နေသည်ဟု ဆိုသည်။


MNDAA က ပြဋ္ဌာန်းလိုက်သော မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်သည် နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက်လာနိုင်စေခြင်းနှင့် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့် ရရှိစေမည့် တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများ ပေါ်ပေါက်နေစေသလို သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် မြို့ရွာအမည်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများ၏ ယဉ်ကျေးမှုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသော အမည်နာမ၊ ဘာသာစကားများဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲခြင်းများလည်း ပြုလုပ်နေကြောင်း ပြောသည်။


အဆိုပါလုပ်ရပ်များကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကိုသာမက ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံမူများကိုပါ တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေကြောင်း၊ ဆိုသည်။


ဒေသခံလူထု၏ ဆန္ဒနှင့်ဆန့်ကျင်သော အတင်းအကျပ်ပြောင်းလဲမှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက လိုအပ်သော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။


ပုံစာ- ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးရွာဝင်ဆိုင်းဘုတ်ကို MNDAA ဖျက်ဆီးပြီး အသစ် ပြန်မလုပ်ခင် တွေ့ရပုံ/CJ


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍41❤6😁6😭4👎2
👍27❤8😁3🤔1
NLD မန္တလေးတိုင်းအစိုးရဝန်ကြီး ဦးဇာနည်အောင် ပြန်လွတ် မိသားစုနှင့် မတွေ့ရသေး


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ(NLD) အစိုးရ၏ မန္တလေးတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်သည် လွတ်ရက်စေ့ဖြင့် ယနေ့ အိုးဘိုးထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း နေ့လယ်ပိုင်းထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးဟု မိသားစုနှင့် နီးစပ်သူများထံက သိရသည်။


ဦးဇာနည်အောင်ကို ယနေ့နံနက်ပိုင်း ၉ နာရီကျော်က အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ ခေါ်ထုတ်သွားပြီဖြစ်ကြောင်း ထောင်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။


“ဒီမနက် မန္တလေးတိုင်းလျှပ်စစ်ဝန်ကြီးကိုဇာနည်အောင် ပြန်လွတ်တဲ့သတင်းကြားတယ်၊ ကျနော်သိရသလောက် နေ့လယ် ပိုင်းအထိ အိမ်ပြန်မရောက်သေးဘူး၊ သူ့ကို တနေရာခေါ်သွားတယ် ထပ်စစ်မေးနေဆိုလားပဲ၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ တော့ တိတိကျကျ မသိရသေးဘူး”ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။


လက်ရှိအချိန်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးသည့် ဦးဇာနည်အောင်သည် နောက်ထပ်အမှုတခု ဖွင့်ခံထားရသဖြင့် အမှတ် ၉ နယ်မြေစခန်းသို့ ရောက်ရှိနေသည်ဟုလည်း သတင်း ထွက်ပေါ်နေသည်။


ဦးဇာနည်အောင်သည် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နှင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး/စီမံ အက်ဥပဒေ ပုဒ်မ ၂၅/၃၀(က)၊ အဂတိ ပုဒ်မ ၅၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် အမိန်ချမှတ်ခံခဲ့ရသည်။


ဖမ်းခံရသူများအနက် မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဝန်ကြီး ဒေါက်တာစိုးသန်း၊ ဝန်ကြီး ဦးမျိုးသစ်တို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့မှာ အကျဥ်းထောင်အတွင်း လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍43❤13👎4😱4😁3
👍27😁11❤3
တရုတ် သတိပေးမှုကြောင့် အပိတ်ခံရသည့် "ဝ" ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဖွင့်


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


လွဲမှားသောအယူဝါဒ "ယေရှုတရုတ်မ" အဖွဲ့များ ဝင်ရောက်နေကြောင်း တရုတ်၏သတိပေးလာမှုကြောင့် "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေရှိ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်၊ တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ ယာယီပိတ်သိမ်းထားသည့် ခရစ်ယာန်ဘုရားကျောင်းများကို ၂ လ ကြာအပြီး အောက်တိုဘာဒုတိယတွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း WA News Land တွင် ဖော်ပြသည်။


ပန်ဆန်းမြို့တခုမှာပင် အသင်းတော် ၅၂ ပါးရှိပြီး အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက အသင်းတော်ကော်မတီဝင်များနှင့် ဝ တပ်ဖွဲ့မှ ရဲဌာန၊ စစ်ဦးစီးဌာန၊ နိုင်ငံရေးအကြံပေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ကတိ ခံဝန်ချက်များကိုလည်း လက်မှတ်ရေးထိုးပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။


အဆိုပါ ဘုရားကျောင်းများ ဩဂုတ်လ ယာယီပိတ်သိမ်းခဲ့စဉ်က အစွန်းရောက် ဘာသာရေး ကင်းရှင်းမှု ရှိမှသာ ပြန်ဖွင့်ပေးမည်ဟု "ဝ" တပ်ပြောခွင့်ရ တာဝန်ခံဦးညီရန်းက လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားခဲ့သည်။


ဘုရားကျောင်းများ ပြန်ဖွင့်ပေးသော်လည်း အယူလွဲမှားသော ဒေသအခေါ် "ယေရှုတရုတ်မ" အဖွဲ့များအား ဆက်လက် ဖမ်းဆီးအရေးယူသွားမည်ဟု ဆိုထားသလို "ယေရှုတရုတ်မ" အဖွဲ့အား ကိုးကွယ်ယုံကြည်ကြသူများကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
😁30❤8👍5👎3🤔2
👍42❤13😁5
ဂျပန်ထိပ်တန်း အမျိုးသမီးလိဂ်ဘော်လီဘောပြိုင်ပွဲမှာ ကျောင်းသူ မရည်မွန်မြတ် အကောင်းဆုံးကစားသမား ဆုရ


ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


ဂျပန်နိုင်ငံ၏ ထိပ်တန်းဘောလီဘောပြိုင်ပွဲတခုဖြစ်သော Daido Life SV.LEAGUE WOMEN ပွဲစဉ်တွင် Denso Airybees အသင်း၌ ပါဝင်ကစားနေသည့် ရခိုင်လူမျိုး အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မရည်မွန်မြတ်သည် အကောင်းဆုံးကစားသမား (MVP) ဆု ရရှိခဲ့ကြောင်း သိရသည်။


အရပ်အမြင့် ၁၇၉ စင်တီမီတာရှိပြီး ကျောနံပါတ် ၁၇ ဝတ်ဆင်ကာ "MON" ဟု အင်္ကျီပေါ်တွင် ရေးထိုးထားသော မရည်မွန်မြတ်ကို ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ အကောင်းဆုံးဆုရရှိခဲ့ပြီးနောက် ပို၍ လူကြိုက်များ ရေပန်းစားလျက်ရှိသည်။


၎င်းသည် အောက်တိုဘာ ၁၇၊ ၁၈ ရက်များက ကစားခဲ့သည့် Saitama Ageo Medics အသင်းကို နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် အကောင်းဆုံးကစားသမားဆု (MVP) ရရှိခဲ့ခြင်းဖြစ်သည်။


ဖခင်ဖြစ်သူမှာလည်း မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်းဦးမြတ်သူဖြစ်သလို အစ်ကိုဖြစ်သူမှာလည်း J.League ဘောလုံးကလပ် Machida Zelvia အသင်း၏ ဂိုးသမား ဖြစ်သည်။


Denso Airybees အသင်းသည် လာမည့် အောက်တိုဘာ ၂၄၊ ၂၅ တွင် Saga Hisamitsu Springs အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ရာ မြန်မာပရိသတ်များက အဆိုပါပွဲကိုလည်း ဝိုင်းဝန်းအားပေးကြရန် တိုက်တွန်းထားသည်။
👍52❤17😁4👎1
• SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်

• စစ်တွေမြို့ပေါ် တိုက်ခိုက်ခံရမှု သေဆုံးထိခိုက်သူများပြား

• စစ်တွေ ဒကစ ထိုးစစ်ဆင်ခံနေရချိန် စစ်ခေါင်းဆောင်တွေ ပွဲတက်မပျက်

• ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ မိသားစုကိစ္စတွေပြောခဲ့တယ်လို့ ကင်မ်ပြော

• “ဝ” ဒေသမှာ ယာယီပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်ဖွင့်ပေး

• မီးခိုးမြူပြဿနာကြောင့် စင်္ကာပူမှာ ဟင်းသီးဟင်းရွက် ရှားပါးလာ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၃၊ ၂၀၂၆


https://youtu.be/IJPrjtSFRK0
👍45❤16🤔2👎1😁1
၂၀၂၅ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/06/18/402375.html
❤54👎1😁1
မြန်မာအပေါ် တရုတ်ရဲ့မူဝါဒနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ချားလ်စ်ဘုရင်ရဲ့ သံတမန်စကား

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆
https://youtu.be/TMgOwnemOcU

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #တရုတ် #ချားလ်စ်ဘုရင် #EditorialTalk #WhatsHappensInMyanmar
❤43👍7😁1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ ဒဿန စာရေးဆရာကြီး နန္ဒာသိန်းဇံ ရဲ့ အတွေးအခေါ် ဆိုင်ရာ ရသ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/24/417208.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
❤23👍7😁2
Media is too big
VIEW IN TELEGRAM
အရှေ့တောင်အာရှ မီးခိုးမြူပြဿနာ ဘာကြောင့် ဒီလောက်အထိ ဆိုးရွားနေရတာလဲ

အောက်တိုဘာ ၂၄၊ ၂၀၂၆

အင်ဒိုနီးရှားမှာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေတဲ့ တောမီးတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရုတ်တရက် မြင့်တက်လာပြီး အရှေ့တောင်အာရှ နိုင်ငံအတော်များများကို ဘေးအန္တရာယ်ရှိတဲ့ မီးခိုးမြူတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #အင်ဒိုနီးရှား #တောမီး #smog #SuperElNino #climatechange
👍30❤5😁2
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - မနိုင်ဝန် ထမ်းသူ
❤46😁6
ထရမ့် သွေးဆောင်နိုင်ခဲ့လျှင်ပင် မေးခွန်းမှာ မင်းအောင်လှိုင်သည် ထရမ့် လိုချင်တာကို ပေးနိုင်ပါ့မလား ဆိုသည်ပင်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုတွင်း အများစုမှာ တရုတ်နယ်စပ်အနီးတွင်ရှိပြီး အများစုကို စစ်တပ်က မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ "" မြေရှားသတ္တုတွင်းတွေနား အမေရိကန် အကပ်ခံဖို့ တရုတ်က ဘာမှမလုပ်ဘဲ ကြည့်နေမှာ မဟုတ်ပါဘူး"" ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ Council on Foreign Relations (CFR) မှ ဂျိုရှူအာ ကားလန့်ဇစ် က ပြောသည်။

ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများထဲမှ တခုအတွက် တာဝန်ရှိသည့် လူမျိုးတုန်းသတ်ဖြတ်သော စစ်တပ်နှင့် ဆွေးနွေးမှုများ စတင်ရန် ထရမ့်၏ ဆုံးဖြတ်ချက်သည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက် ကပ်ဘေးတခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့တော်လှန်ရေး ပုဂ္ဂိုလ်များစွာသည် အမေရိကန်၏ အကူအညီကို မျှော်လင့်ထားကြသည်။ ဗိုလိုဒီမီယာ ဇယ်လင်စကီး ကဲ့သို့သော အာဏာရှင်များကို တိုက်ခိုက်နေသည့် အခြားဒီမိုကရက်များကဲ့သို့ပင် ၎င်းတို့သည် စွန့်ပစ်ခြင်း ခံခဲ့ရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/24/417215.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😱22👍11❤10😁7