The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍30😁3
❤27👍14😁4
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု နိုဝင်ဘာ ၁၉ ရက် ICJ အမိန့်ချမည်

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
စစ်တပ်၏ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှုအား နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ Peace Palace ၌ နိုဝင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ကြေညာသည်။
တရားရုံးအမိန့်စီရင်ချက်အား ICJ ဥက္ကဌ တရားသူကြီး Iwasawa Yuji က အများပြည်သူရှေ့မှောက် ဖတ်ကြားမည်ဖြစ်သည်။
ထိုအမှုမှာ မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးတွင် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးတက်ရောက်ချေပခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက်ပိုင်း သမ္မတရုံးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင် ချေပခဲ့သည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုတွင် မြန်မာနိုင်ငံသည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်များကို ချိုးဖောက်ခဲ့သဖြင့် ချိုးဖောက်မှုများ ရပ်တန့်ရန်၊ နစ်နာသူများအား ပြန်လည်ကုစားပေးရန်နှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ပေးရန် တရားရုံးထံ တောင်းဆိုထားသည်။


လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်၏ ပုဒ်မ ၆၃ အရ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မော်လ်ဒိုက်၊ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနှင့် အိုင်ယာလန်တို့က ICJ ထံ ကြားဝင်ဆောင်ရွက်ခွင့် လျှောက်ထားခဲ့သည်။ နိုင်ငံများ၏ ကြားဝင်လျှောက်ထားမှုများကို ICJ က လက်ခံခဲ့ပြီး ၂၀၂၄ ဇူလိုင် ၃ ရက်နှင့် ၂၀၂၅ ဇူလိုင် ၂၅ ရက်တို့တွင် သက်ဆိုင်ရာအမိန့်များ ချမှတ်ခဲ့သည်။


၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်စစ်ဆင်ရေးတွင် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဖော်ပြထားကြပြီး ကိုးနှစ်ခန့်အကြာ ယနေ့အချိန်အထိ ရိုဟင်ဂျာများပြန်လည်လက်ခံရေး အကောင်အထည်မဖော်နိုင်သေးဘဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား အချက်အလက်စစ်ဆေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်သည်။
အာဏာသိမ်းအစိုးရ အောက်တိုဘာ ၂၆ ရက်ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာသည့် လူဦးရေ ၈၂၈,၈၂၄ ဦးအနက် လူလေးသိန်းခွဲနီးပါးအား စစ်ဆေးပြီးစီးရာ ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးသူ ၃၂၆,၃၇၆ ဦးနှင့် အကြမ်းဖက်လုပ်ငန်းတွင်ပါဝင်ခဲ့သူ ၄၂၅၄ ဦးရှိပြီး စိစစ်အတည်ပြုနိုင်ခြင်းမရှိသူ ၁၁၈,၅၆၃ ဦးရှိကြောင်း သိရသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍53❤10😁4
😁32👍6
👍17😁10❤1
မြန်မာစစ်တပ်တိုက်ခိုက်မှုများ ထိုင်းကို မထိခိုက်စေဖို့ နိုင်ငံခြားရေးဝန်ကြီး သတိပေး


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆


ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က မြန်မာစစ်တပ်၏ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်နေမှုများ ထိုင်းနိုင်ငံကို မထိခိုက်စေဖို့ နယ်စပ်နှင့် ဝေးရာမှာသာ ဗုံးကြဲတိုက်ခိုက်ဖို့ အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေထံ ယမန်နေ့က ဖုန်းဆက်ပြောသည်။


တရုတ်နိုင်ငံ ပေကျင်းတွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ((MLC) အစည်းအဝေးတက်ရန် ရောက်နေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နယ်စပ်တွင် မြန်မာစစ်တပ်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသားအချို့ဒဏ်ရာရပြီး နေအိမ်များပျက်စီးခဲ့ရခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုများအား ၁၀မိနစ်ခန့် ဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။


အာဆီယံအဖွဲ့တွင်း မြန်မာ ပြန်လည်ပါဝင်နိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြန်မာအနေဖြင့် အာဆီယံအဖွဲ့၏ စိုးရိမ်ပူပန်မှုများအား တုံ့ပြန်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အထူးသဖြင့် အကြမ်းဖက်မှုများလျော့ချရန် လိုအပ်ကြောင်းလည်း ဆီဟာဆတ်က ပြောခဲ့သည်။


ထို့ပြင် ဆီဟာဆတ်သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ဖိလစ်ပိုင်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၂ ရက်နေ့၌ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နယ်စပ်ဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာကာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိစေရေးအတွက် တားဆီးကာကွယ်မည့် နည်းလမ်းများ ဆွေးနွေးသွားရန်ရှိကြောင်းလည်းသိရသည်။


ထိုင်းအစိုးရ၏ မြန်မာအာဏာသိမ်းအစိုးရအပေါ် သံတမန်ရေးဆက်ဆံမှုအား ဝေဖန်ထားပြီး လိုက်လျောလွန်းသည့် သံတမန်ရေးချဉ်းကပ်မှုကြောင့် နိုင်ငံ့ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား ထိခိုက်စေခဲ့ကြောင်းနှင့် မြန်မာဘက်ကတိုက်ပွဲများ ရပ်တန့်ရန်ဖိအားပေးသင့်ကြောင်း ထိုင်းအတိုက်အခံ ပြည်သူ့ပါတီမှ ဝါရင်သံတမန် ဖိဆန် မန်ဝတ် ဖတ်ထရာက ပြောထားသည်။


အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားသည့် နယ်စပ်တိုက်ပွဲကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်နှင့် ဖုတ်ဖရမြို့နယ်တို့ဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျကာ လူထိခိုက်ဒဏ်ရာရမှုနှင့်နေအိမ်များပျက်စီးသည့်ဖြစ်စဉ်မှာ မင်းအောင်လှိုင်အစိုးရအပေါ် လိုက်လျောလွန်းသည့် သံတမန်ရေးမူဝါဒကျရှုံးမှုကို ထင်ဟပ်နေပြီး ထိုင်းအစိုးရအပေါ် စစ်တပ်က ဂရုမစိုက်သည်ကို ပိုမိုခိုင်မာစေခဲ့ကြောင်းလည်း ၎င်းက ထောက်ပြသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍28😁17❤5
တော်လှန်ရေးမှာ ဟိန္ဒူတွေ ဘာကြောင့်ပါခဲ့ကြသလဲ

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆

မြန်မာ့နွေဦးတော်လှန်ရေးမှာ လူနည်းစု ဟိန္ဒူဘာသာဝင်တွေအနေနဲ့ အခြားသော တိုင်းရင်းသားပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်နေကြတာဟာ စစ်အာဏာရှင်စနစ်အောက်က လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ပြီး တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့အတွက် ဖြစ်တယ်လို့ Myanmar Hindu Union ဥက္ကဋ္ဌ ကိုမင်းဟိန်းနဲ့ အတွင်းရေးမှူး ကိုကျော်ကျော်တို့က ပြောပါတယ်။

လူမျိုး၊ ဘာသာ မတူကွဲပြားပေမဲ့လည်း လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို တန်းတူခံစားခွင့် ရရှိရေးဆိုတဲ့ မူဝါဒအပေါ် အခိုင်အမာ ရပ်တည်ပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးအတွက် တိုင်းရင်းသားပြည်သူ တရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

https://youtu.be/BMPcfwGK9FA
#မြန်မာ #ဧရာဝတီ #ဟိန္ဒူ #တော်လှန်ရေး #MyanmarHinduUnion #WhatsHappensInMyanmar
❤44👍10😁4👎1
👍28😁16❤1
😁23👍15
ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ထရမ့်ပြော


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆


အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲရလဒ် လတ်တလောအရ ရီပတ်ဘလစ်ကန်တို့ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သော ပြည်နယ် ၃ ခုအပါအဝင် စုစုပေါင်း ဆီးနိတ် (အထက်လွှတ်တော်) နေရာ ၇ နေရာကို ဒီမိုကရက်များက လုယူနိုင်ခဲ့သည့်အပြင် သတ်မှတ်အရေအတွက်ထက်ကျော်လွန်ပြီး အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ရာ သမ္မတ ထရမ့်က ၎င်းအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဖြစ်ကြောင်း The New York Times သို့ ပြောသည်။


၎င်း၏ အစိုးရအဖွဲ့အနေဖြင့် အတိုက်အခံပါတီ (ဒီမိုကရက်များ) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။


“သိကြတဲ့အတိုင်းပါပဲ၊ ကျနော်တို့အနေနဲ့ သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ တခုခုတော့ အဖြေရှာ ညှိနှိုင်းဆောင်ရွက်နိုင်မှာပါ” ဟု ၎င်းက ပြောသည်။


ဤသက်တမ်းဝက် ရွေးကောက်ပွဲသည် မဲဆန္ဒရှင်များက သမ္မတ ထရမ့်ကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး ဝါရှင်တန်ရှိ အာဏာချိန်ခွင်လျှာကို ပြန်လည်ပြင်ဆင်ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။


အဆိုပါ တခဲနက်အနိုင်ရမှုမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်ခဲ့ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ ရီပတ်ဘလစ်ကန်တို့ လက်ထဲ ကျရောက်ခဲ့သော နေရာများကို ဒီမိုကရက်များက ပြန်လည်လုယူနိုင်ခဲ့သည့်အပြင် ယခင်က အနိုင်ရရန် မဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့ရသော နိုင်ငံတဝန်းရှိ မဲဆန္ဒနယ်မြေများကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
❤42😁21👍16
👎28😭5❤3
အင်းတော် ကျောင်းကုန်းရွာကို စစ်တပ် စီးနင်း၊ အရပ်သား ၃ ဦး သတ်ဖြတ်ခံရ


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျောင်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ပြီးနောက် အရပ်သား ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။


နိုဝင်ဘာ၂ ရက် နံနက် ၁၁ နာရီခန့်က ကျောင်းကုန်းရွာအတွင်းသို့ ဝင်ရောက်၍ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အိမ်များအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းနှင့် အိမ်များ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၇ လုံး မီးလောင်ခဲ့သည်ဟု သိရသည်။


ဒေသခံတဦးက "အိမ်ကတော့ ၆ အိမ်လောက် ပါသွားတယ်။ စရှို့တာကတော့ ရွာမြောက်ဘက် အစွန်ဆုံးကစရှို့တာ။ လက်ရှိ စစ်ကြောင်းကတော့ မနေ့ကတည်းက ဒိုးပင်တောင်ပေါ်မှာ ရှိနေတယ်။ ကောလင်းနဲ့ အင်းတော်ကို ပိုင်းခြားထားတဲ့ အဲဒီ တောင်ပေါ် တက်သွားတယ်။ ဒိုးပင်တောင်မှာ လက်ရှိ တိုက်ပွဲ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။


ရွာကို မီးရှို့ခဲ့သည့် စစ်တပ်မှာ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များဖြစ်ပြီး လက်ရှိ ရောက်ရှိနေသော ဒိုးပင်တောင်တွင် အရပ်သား ၃ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရှိထားသော်လည်း မည်သူမည်ဝါ ဖြစ်သည်ကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။


အင်းတော်မြို့နယ်အတွင်း အောက်တိုဘာ ၄ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အင်အား ၃၀၀ ခန့်ပြုန်းတီးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန် ပြောဆိုထားသည်။


သေဆုံးသွားသည့် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းများကိုလည်း အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်ချက်အရ အောက်တိုဘာ ၄ ရက်တွင် အင်းတော်မြို့နယ်တောင်ဘက်ရှိ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ စစ်တပ်က စစ်ကြောင်း၂ ကြောင်း ခွဲကာ ထိုးစစ်ဆင်လာရာမှ အောက်တိုဘာ ၇ ရက်တွင် သံဘိုနှင့် နောင်မိုးကျေးရွာကြား၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။


အဆိုပါ တိုက်ပွဲတွင် စစ်ကြောင်းအထိနာခဲ့ပြီး ဗျူဟာမှူး ကျော်ဆန်းဝင်း အပါအဝင် တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ဖော်ပြထားသည်။


သတင်း- မောင်လူအေး


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎32👍8❤6😭2😁1
👍13👎3😁1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၄၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၅,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၄၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၉၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၁၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၈၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၉၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၆ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၀၂၇
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၀၅,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍23❤2👎2😁1