The Irrawaddy - Burmese
✔
75K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၂၄၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးဖြစ်ပြီး ပြင်ပလက်ကားဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကာ ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၇၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၃,၈၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၃,၈၈၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၁၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၀၄၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅,၂၈၀ ကျပ်ဝန်းကျင်တွင်ရှိနေ (ဈေးတက်နေ)
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၆၅၆
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၆,၉၅၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍23👎2😁1🤔1
👍28😁2
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းမှ လာအိုနိုင်ငံ တရားဝင်လွတ်မြောက်

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

လာအိုနိုင်ငံသည် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) စာရင်းတွင် ၅၅ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်တွင် အဆိုပါစာရင်းမှ တရားဝင်လွတ်မြောက်သွားပြီ ဖြစ်သည်။ ၁၉၇၁ ခုနှစ်ကတည်းက ယင်းစာရင်းတွင် ပါဝင်ခဲ့သော လာအိုနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင် စာရင်းမှ လွတ်မြောက်ရန် အမျိုးသားရေးရည်မှန်းချက် ချမှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံမှန်ပြင်ဆင်ချိန် ၃ နှစ်အစား ၅ နှစ် အထူးခွင့်ပြုချက် ရရှိခဲ့သည်။

ကုလသမဂ္ဂ၏ ၂၀၂၄ ခုနှစ် သုံးသပ်ချက်အရ လာအိုနိုင်ငံသည် လူတဦးချင်း အမျိုးသားဝင်ငွေ အမေရိကန်ဒေါ်လာ ၂,၅၀၃၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လူသားအရင်းအမြစ် အညွှန်းကိန်း ၇၄.၈ နှင့် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လွယ်မှု အညွှန်းကိန်း ၂၉.၈ စသည့် သတ်မှတ်စံနှုန်း ၃ ခုစလုံးကို ပြည့်မီခဲ့သည်။

သို့သော်လည်း စီးပွားရေးအရ လုံးဝစိတ်ချရသည့် အခြေအနေ မဟုတ်သေးကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။ ကြွေးမြီဝန်ထုပ်ဝန်ပိုး (ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်းခန့် ကြွေးမြီပြန်ဆပ်နေရမှု) နှင့် ပြင်ပလောင်စာဆီဈေးနှုန်း ရိုက်ခတ်မှုများကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများတွင် အသုံးစရိတ် လျော့နည်းလာနိုင်ခြေ ရှိနေသည်။

LDC စာရင်းမှ လွတ်မြောက်ခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာမည် ဖြစ်သည်။ ဖွံ့ဖြိုးရေးအကူအညီ အများစုကို ဆက်လက်ရရှိနေဦးမည် ဖြစ်သော်လည်း LDC နိုင်ငံများအတွက် သီးသန့်ပေးအပ်ထားသည့် အထူးအခွင့်အရေးများ၊ ကုန်သွယ်မှုဆိုင်ရာ ဦးစားပေးမှုများနှင့် အတိုးနှုန်းသက်သာသော ချေးငွေအခွင့်အလမ်းအချို့မှာမူ တဖြည်းဖြည်း လျော့နည်းသွားမည် ဖြစ်သည်။ သို့သော် ကုန်းတွင်းပိတ် ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ရာ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာအကူအညီများကို ဆက်လက်ရရှိနေမည် ဖြစ်သည်။

လာအိုအစိုးရသည် ရရှိပြီးသား အောင်မြင်မှုများ ရေရှည်တည်တံ့စေရန် ၂၀၂၆-၂၀၃၀ အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အသွင်ကူးပြောင်းရေး မဟာဗျူဟာကို ထည့်သွင်းရေးဆွဲထားသည်။ ယင်းမဟာဗျူဟာတွင် ဘဏ္ဍာရေးတည်ငြိမ်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှု စီမံခန့်ခွဲရေးတို့ ပါဝင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။

ကိုးကား။ ။ Khaosod သတင်း LAOS LEAVES UN’S LEAST DEVELOPED COUNTRY LIST AFTER 55 YEARS
👍39❤12😁3
👍16👎7😁4
ICJ စီရင်ချက်အပြီး ဒုက္ခသည်ပြန်ပို့ရေး မြန်မာနှင့် ဆက်ပူးပေါင်းမည်ဟု မလေးရှားဝန်ကြီးချုပ် ပြော


ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆


ရိုဟင်ဂျာများအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ် နှိမ်နင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) စီရင်ချက်ချပြီးနောက် မလေးရှားရောက် ဒုက္ခသည်များပြန်ပို့ရေးအတွက် အာဏာသိမ်းအစိုးရနှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယနေ့ လွှတ်တော်အစည်းအဝေး၌ ပြောသည်။


မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုများသည် မလေးရှားနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်သလို ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများ “ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အာမခံရန်” ဟူသည့် ICJ ၏ စီရင်ချက်နှင့်လည်း ကိုက်ညီမှုရှိကြောင်း အန်ဝါက ဆိုသည်။


မလေးရှားအနေဖြင့် မြန်မာပြည်သူများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် မူဝါဒများကို စွန့်လွှတ်ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နှင့် အာဆီယံကြား ညှိနှိုင်းထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက် ထောက်ခံနေဆဲဖြစ်ကြောင်း ထပ်လောင်း ပြောသည်။


လာမည့် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် မြန်မာစစ်သင်္ဘော ၃ စီးဖြင့် အထောက်အထားမဲ့ ၁,၅၀၀ နှင့် ၅,၃၀၃ ကို လေကြောင်းဖြင့်ပြန်ပို့ရန် ခွင့်ပြုထားကြောင်းလည်း အန်ဝါ က ပြောဆိုသည်။


သို့သော် နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့သည့် ICJ စီရင်ချက်သည် နေရပ် စွန့်ခွာ ရိုဟင်ဂျာများ မိမိသဘောဆန္ဒအလျောက် ဘေးကင်း လုံခြုံပြီး ဂုဏ်သိက္ခာ ရှိစွာ နေရပ် ပြန်နိုင်ရေးကိုသာ အဓိက ညွှန်ကြားထားခြင်းဖြစ်ပြီး အခြားနိုင်ငံများရှိ ထိန်းသိမ်းရေးစခန်းများမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။
❤18😁9👍5👎2
Media is too big
VIEW IN TELEGRAM
ဒုတိယတကြိမ်မှာတော့ ကျနော်ပိုကောင်းတဲ့ CEO ယောက်ဖြစ်လာစေရပါမယ်လို့ ပြောခဲ့တဲ့ Jensen Huang

နိုဝင်ဘာ ၂၄၊ ၂၀၂၆

Nvidia ရဲ့ စီအီးအိုဖြစ်သူ Jensen Huang ဟာ မကြာသေးခင်ကပဲ တရုတ်သူလျှိုလို့ သံသယရှိသူတဦးနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းတွေကြောင့် ရာထူးကနေနှုတ်ထွက်ခဲ့ရတာပါ။

#မြန်မာ #ဧရာဝတီ #NVIDIA #CEO #JensenHuang
👍25😁7❤5😭3
ရိုဟင်ဂျာ ရာဇဝတ်မှု ဘယ်သူအမိန့်ပေးခဲ့သလဲ

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် လူအများ အဓိက သိချင်လာကြတဲ့ မေးခွန်းကတော့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ ဒီရာဇဝတ်မှုတွေကို ဘယ်သူတွေက အမိန့်ပေး ကွပ်ကဲခဲ့သလဲ ဆိုတာပါပဲ။

ICJ ရဲ့ တွေ့ရှိချက်အရ "နယ်မြေရှင်းလင်းရေး" လို့ ခေါင်းစဉ်တပ်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၁၀၀၀၀ ဝန်းကျင်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

https://youtu.be/X0a9ymtDA8c
👍33❤14👎1😁1😭1
ရိုးရာအနှစ်သာရ ပျောက်ဆုံးမှာ စိုးရိမ်နေကြတဲ့ တောင်ကြီးတန်ဆောင်တိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲဟာ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးယုံကြည်မှုကို အခြေခံတဲ့ ပွဲတော်တခုဖြစ်ပေမဲ့ ဒီနှစ်မှာတော့ အရက်ဘီယာဆိုင်တွေနဲ့ စီးပွားရေး ဆိုင်ခန်းတွေ ပိုမိုများပြားလာလို့ ရိုးရာအနှစ်သာရတောင် ပျောက်မှာ စိုးရိမ်တယ်လို့ ဒေသခံတိုင်းရင်းသားတွေက ပြောပါတယ်။

ဆိုင်ခန်းတွေကြောင့် မီးပုံးပျံကြည့်ရှုနိုင်တဲ့နေရာတွေ လျော့နည်းလာပြီး လူသွားလမ်းနဲ့ ပွဲတော်ရဲ့ အနှစ်သာရကိုပါ ထိခိုက်လာတယ်လို့ ဆိုကြပါတယ်။ ဒါဟာ ပွဲတော်ရဲ့ ရိုးရာအနှစ်သာရကို ထိန်းသိမ်းဖို့ထက် စီးပွားရေးအကျိုးအမြတ်ကို ပိုဦးစားပေးလာတဲ့ ပွဲတော်စီမံခန့်ခွဲမှုပုံစံလားဆိုတဲ့ မေးခွန်းကိုလည်း ထွက်ပေါ်လာပါတယ်။

တချိန်က အိုးစည်ဗုံမောင်းသံတွေနဲ့ ကျယ်ဝန်းတဲ့ မီးပုံးပျံကွင်းကြီးကို ထင်းကနဲ မြင်တွေ့အားပေးခွင့်ရခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ဟာ အခုချိန်မှာတော့ ဈေးဆိုင်ခန်းတွေ၊ ဘီယာဘားတွေနဲ့ လူပြည့်ကျပ်မှုကြား မွန်းကျပ်နေတဲ့ အခြေအနေကို ရောက်လာပါတယ်။

ဒီလို စီးပွားရေးဆန်ဆန် အသွင်ပြောင်းလဲမှုတွေက ဘာသာရေးယုံကြည်မှုနဲ့ ရိုးရာအစဉ်အလာကို အခြေခံတဲ့ ပွဲတော်ရဲ့ မူလအနှစ်သာရ မှေးမှိန်ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် နောင်လာမယ့် ပွဲတော်တွေမှာ စီးပွားရေးအကျိုးအမြတ်တခုတည်းထက် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဌာနေတိုင်းရင်းသားတွေ ဘေးကင်းအဆင်ပြေစွာ ပါဝင်ဆင်နွှဲနိုင်ရေးကို ပြန်လည်ဦးစားပေးလာဖို့က တောင်ကြီးဒေသခံတွေရဲ့ အဓိက လိုလားချက် ဖြစ်နေပါတယ်။


https://youtu.be/Zqyg8CkWtxI
#ဧရာဝတီ #မြန်မာ #တောင်ကြီး #တန်ဆောင်တိုင် #မီးပုံးပျံ #ရိုးရာ
👍37❤7😁3🤔1
• ICJ နောက်ဆက်တွဲ မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးကို ဗြိတိန်အရေးယူ
• ICJ စီရင်ချက်အပေါ် မနက်ဖြန်မှာ ကုလတံခါးပိတ်ဆွေးနွေးမယ်
• ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ပြော

• ကျားဖြန့်လုပ်နေတဲ့ တရုတ် ၃၀၀ ကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းမိ

• ပန်းရောင်းတဲ့ မြန်မာသားအမိ ပြန်ပေးဆွဲခံရမှု ထိုင်းရဲ ၅ ဦး စစ်ဆေးခံနေရ

• NVIDIA CEO အဖြစ် ဂျင်ဆင်ဟွမ် ပြန်လည်ခန့်အပ်ခံရ

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

https://youtu.be/A-MDAWktbcA
👍45❤8😁3
သာမန် အရှုပ်တော်ပုံ မဟုတ်ဘူး

ဧရာဝတီ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၆

ကမ္ဘာ့ထိပ်တန်း နည်းပညာ သူဌေး ဂျန်ဆန်ဟွမ်း အရှုပ်တော်ပုံတွေကြား နုတ်ထွက်အပြီး တပတ်ကျော်အကြာ စီအီးအိုနေရာပြန်အလာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီမြို့မှာ နေထိုင်နေသူ မြန်မာသတင်းစာဆရာ ငြိမ်းချမ်းအေးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်က ဆက်သွယ် မေးမြန်းဆွေးနွေးထားပါတယ်။


https://youtu.be/bAeR0mLjpfA
👍25❤3😁3
👍8😁3🤔1
ဂျန်ဆင်ဟွမ်း ပြန်လည်ခန့်အပ်မှုမှ သမ္မတ ထရမ့် ဒေါ်လာ ၁၅ သန်းအထိ အမြတ်ရနိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။

ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Nvidia က ဂျန်ဆင်ဟွမ်းကို အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် တနင်္လာနေ့တွင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့ရာ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ဒေါ်လာ ၁၅ သန်းအထိ အမြတ်ရရှိနိုင်ဖွယ်ရှိကြောင်း Financial Times (FT) သတင်းဌာနက ဖော်ပြသည်။

နိုဝင်ဘာ ၅ ရက်နေ့က အစိုးရကျင့်ဝတ်ဆိုင်ရာရုံး (Office of Government Ethics) သို့ တင်သွင်းခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၃၀ ရက်နေ့အထိ သမ္မတထရမ့်တွင် Nvidia ရှယ်ယာပေါင်း ၃၇၀,၀၀၀ အထိ ပိုင်ဆိုင်ထားကြောင်း FT သတင်းက ဆိုသည်။ သို့သော် အဆိုပါ ကိန်းဂဏန်းသည် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အရောင်းအဝယ်ပြုလုပ်မှုများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသလို ခန့်မှန်းခြေ ပမာဏအပေါ်သာ အခြေခံထားခြင်း ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်အင်ဂဲလ် ကမူ သမ္မတထရမ့်၏ စတော့နှင့် ငွေချေးစာချုပ်များကို ပြင်ပဘဏ္ဍာရေးအဖွဲ့အစည်းများက သီးခြားလွတ်လပ်စွာ စီမံခန့်ခွဲနေခြင်းဖြစ်ပြီး သမ္မတနှင့် မိသားစုဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များတွင် မည်သို့မျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း The Independent သတင်းဌာနသို့ တုံ့ပြန်ပြောကြားခဲ့သည်။

ဟွမ်း သည် အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းများကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ရသူဖြစ်ပြီး ၎င်းနှင့် ပတ်သက်ခဲ့သူ တဦးမှာ တရုတ်သူလျှိုအဖြစ် အမေရိကန် ထောက်လှမ်းရေးက သံသယရှိသူ ဖြစ်နေသော်လည်း သမ္မတထရမ့်က ဟွမ်း ကို ပြန်လည်ခန့်အပ်ရန် တပတ်ကျော်ကြာ တိုက်တွန်းခဲ့သည်။ ထို့အပြင် Nvidia ဒါရိုက်တာအဖွဲ့ကို ကိုယ်တိုင်စကားပြောဆို နားချခဲ့ကြောင်း သမ္မတထရမ့်က CNBC သတင်းဌာနသို့ ပြောကြားခဲ့ပြီး ဟွမ်းကို ဆုံးရှုံးရခြင်းကသာ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း ကာကွယ်ပြောဆိုခဲ့သည်။ Nvidia ဘက်ကလည်း အမေရိကန် အစိုးရအကြီးတန်းအဆင့်၏ အကြံပြုချက်အရ ဟွမ်းကို ပြန်ခန့်အပ်ခြင်းသည် အမျိုးသားလုံခြုံရေးကို ထိခိုက်မှုမရှိဟု ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ဒီမိုကရက် အထက်လွှတ်တော်အမတ် ရူဘင်ဂယ်လီဂို က ကြေညာချက်မတိုင်မီ ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သလို၊ MAGA လှုပ်ရှားမှုမှ လော်ရာလူးမား နှင့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် တွမ်ကော်တန်၊ ဂျွန်ကာတစ် နှင့် ပိ ရစ်ကတ်စ် (Pete Ricketts) တို့ကလည်း ဟွမ်း ပြန်လည်ရောက်ရှိလာမှုအပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဟွမ်း သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အောက်လွှတ်တော် ကော်မတီသုံးခုရှေ့မှောက်၌ တံခါးပိတ် စစ်ဆေးမေးမြန်းမှု ခံယူရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီ၌ အများပြည်သူရှေ့မှောက် ထွက်ဆိုချက် ပေးရမည်ဖြစ်သည်။

ကိုးကား။ ။ The Independent သတင်း Trump made up to $15m after ousted Nvidia boss Jensen Huang reinstated: report
❤12👍8😁4🤔1
❤15😁3
ကုန်သွယ်မှု လျှို့ဝှက်ချက်များ ခိုးယူရန် ပူးပေါင်းကြံစည်မှုဖြင့် Huawei အပြစ်ရှိကြောင်း အမေရိကန် ဂျူရီ ဆုံးဖြတ်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei Technologies သည် ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်များ ခိုးယူရန် ပူးပေါင်းကြံစည်မှုနှင့် ဘဏ်များကို လိမ်လည်မှုတို့ဖြင့် အပြစ်ရှိကြောင်း အမေရိကန် ဂျူရီလူကြီးအဖွဲ့က အင်္ဂါနေ့တွင် ဆုံးဖြတ်လိုက်သည်။

သို့သော် အပြင်းထန်ဆုံး စွဲချက်ဖြစ်သည့် ရာဇဝတ်ဂိုဏ်းပုံစံ ပူးပေါင်းကြံစည်မှု (racketeering conspiracy) နှင့် တရားစီရင်ရေးကို နှောင့်ယှက်မှုတို့တွင်မူ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ စုစုပေါင်း စွဲချက် ၁၂ ခုအနက် ၁၀ ခုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် အမိန့်ချမှတ်သည့်အခါ ဒဏ်ငွေ ဒေါ်လာဘီလီယံနှင့်ချီ ပေးဆောင်ရဖွယ်ရှိသည်။

Huawei သည် အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော နိုင်ငံများတွင် စီးပွားရေးလုပ်ကိုင်ခဲ့ခြင်း၊ ယင်းလုပ်ရပ်များကို ဖုံးကွယ်ရန် အစိုးရနှင့် ဘဏ်များထံ လိမ်လည်ထွက်ဆိုခဲ့ခြင်းအပြင် Cisco၊ Motorola နှင့် T-Mobile ကဲ့သို့ ပြိုင်ဘက်ကုမ္ပဏီများထံမှ နည်းပညာနှင့် အချက်အလက်များ ခိုးယူခဲ့ခြင်းတို့ ရှိခဲ့ကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ ရှေ့နေချုပ် တော့ဒ်ဘလန်ချေး Todd Blanche ကလည်း "မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီမျှ ဥပဒေအထက်တွင် မရှိကြောင်း" ပြောကြားခဲ့သည်။

Huawei ၏ ရှေ့နေ ကမူ စုံစမ်းစစ်ဆေးသူများသည် ဝန်ထမ်း ၂ သိန်းကျော်ရှိသည့် ကုမ္ပဏီမှ ဝန်ထမ်းအနည်းငယ်၏ သီးခြားလုပ်ရပ်များကို ပုံကြီးချဲ့ကာ မဟုတ်မမှန် စွပ်စွဲခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး အဆိုပါ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်များကို အယူခံဝင်သွားမည်ဟု ဆိုသည်။ Huawei ကုမ္ပဏီဘက်ကလည်း ၎င်းတို့သည် စီးပွားရေးကျင့်ဝတ်နှင့် ဥပဒေများကို အမြဲလေးစားလိုက်နာကြောင်း ထုတ်ပြန်ခဲ့ပြီး တရုတ်အာဏာပိုင်များကမူ အမေရိကန်သည် အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ တရုတ်ကုမ္ပဏီများကို ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရှိနေသော်လည်း Huawei သည် ကမ္ဘာတဝန်းတွင် စမတ်ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဆက်လက်ရောင်းချနိုင်ဆဲဖြစ်ပြီး ဉာဏ်ရည်တု (AI) နည်းပညာ ခေတ်စားလာမှုနှင့်အတူ ချစ်ပ် (chip) ထုတ်လုပ်ရေးဘက်သို့ပါ တိုးချဲ့လုပ်ကိုင်လျက် ရှိသည်။

ကိုးကား။ ။ AP သတင်း Chinese tech giant Huawei is guilty of conspiracy to steal trade secrets, US jury finds
👍19❤7😁3🤔1
👍8😁5😱1😭1
တရုတ် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ရှန်ဟိုင်းပါတီအကြီးအကဲ စုံစမ်းစစ်ဆေးခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းဖြစ်သည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ ရှန်ဟိုင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲလည်းဖြစ်သူ ချန်ကျီးနင် (Chen Jining) ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။ ၎င်းသည် ၂၀၂၅ ခုနှစ်နောက်ပိုင်း စုံစမ်းစစ်ဆေးခံရသည့် စတုတ္ထမြောက် ထိပ်တန်းခေါင်းဆောင် ဖြစ်လာသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ချန်ကို (အဂတိလိုက်စားမှုကို ရည်ညွှန်းသည့် အသုံးအနှုန်း) “စည်းကမ်းနှင့် ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှု သံသယ” ဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းသို့ ကြေညာခံရခြင်းသည် ၎င်း၏ နိုင်ငံရေးကျဆုံးခန်းကို ညွှန်ပြနေသည်။ ယခင်က ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၃ ဦးဖြစ်သည့် ဟယ်ဝေ့တုန်း (He Weidong)၊ ကျန်းယိုရှာ (Zhang Youxia) နှင့် မာရှင်းရွေ့ (Ma Xingrui) တို့လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ဖြစ်သည်။

အသက် ၆၂ နှစ်အရွယ် ချန်သည် လန်ဒန် Imperial College မှ ပါရဂူဘွဲ့ရခဲ့သူဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပေကျင်းမြို့တော်ဝန် စသည့် ရာထူးများမှတဆင့် ၂၀၂၂ ခုနှစ်တွင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ရှန်ဟိုင်းပါတီအကြီးအကဲ ဖြစ်လာခဲ့သူဖြစ်သည်။ လာမည့်နှစ် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွင် ထိပ်ဆုံးအဆင့် အမြဲတမ်းကော်မတီဝင် ဖြစ်လာနိုင်ခြေရှိသူဟု ခန့်မှန်းခံထားရချိန်တွင် ယခုကဲ့သို့ စစ်ဆေးခံရခြင်းမှာ လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်၏ "အဂတိလိုက်စားမှု တိုက်ဖျက်ရေး" လှုပ်ရှားမှုသည် ပါတီတွင်း သန့်စင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး မည်သူမျှ ဘေးကင်းလုံခြုံမှုမရှိကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ချန် စစ်ဆေးခံရပြီးနောက် ရှန်ဟိုင်းပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းကလည်း ဗဟိုအစိုးရအပေါ် သစ္စာစောင့်သိကြောင်းနှင့် အဆုံးစွန်ထိ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကတိပြုခဲ့သည်။

ကိုးကား။ ။ The Guardian သတင်း China investigates politburo star in Xi Jinping’s latest purge

ပုံစာ - တရုတ်နိုင်ငံ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ ရှန်ဟိုင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲလည်းဖြစ်သူ ချန်ကျီးနင်
👍15😁5❤3🤔1😭1
👍16❤2😁2
👍15❤3😁3
ICJ ဆုံးဖြတ်ချက် လိုက်နာရန် အရေးကြီးဟု စင်ကာပူ ပြော


ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆


လာမည့်၂၀၂၇ ခုနှစ် ဇန်နဝါရီလမှစ၍ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံက ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို လေးစားလိုက်နာရန် အရေးကြီးကြောင်း အလေးအနက် တိုက်တွန်းထားသည့် ထုတ်ပြန်ချက်တစောင် ကို ယမန်နေ့တွင် ထုတ်ပြန်သည်။


လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အရ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် အမှုတွင်၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် နှိမ်နင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့သော ICJ စီရင်ချက်ကို လေးစားကြောင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး မူဝါဒအပေါ် ခိုင်မာစွာ ရပ်တည်ကာ စီရင်ချက်၏ သက်ရောက်မှုများအား လေ့လာသုံးသပ်နေကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) ထုတ်ပြန်ချက်၌ ဖော်ပြသည်။


ထို့ပြင် ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် နေရပ် စွန့်ခွာဒုက္ခသည်များ၏ အခက်အခဲများအပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် အထူး စိုးရိမ်ပူပန်နေဆဲ ဖြစ်ကြောင်းလည်း အလေးပေးဖော်ပြထားသည်။


ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ မိမိတို့၏ ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန် ကာလရှည်ကြာ တောင်းဆိုထားသည့် ရပ်တည်ချက်ကို စင်ကာပူက ထပ်လောင်းအတည်ပြုခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက ယင်းအခြေအနေများ ဖန်တီးပေးရန်လည်း တိုက်တွန်းထားသည်။


အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး ဗဟိုဌာန (AHA) မှ တဆင့် နေရပ် စွန့်ခွာသူများ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ဆက်လက် ပံ့ပိုးပေးရန် အာဆီယံနှင့် အခြား နိုင်ငံတကာ မိတ်ဖက်များနှင့် အတူ စင်ကာပူ အသင့်ရှိနေကြောင်း ဆိုသည်။


အာဆီယံအဖွဲ့ဝင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ICJ စီရင်ချက်ရှိသော်လည်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ဆက်လက် ထိတွေ့ ဆက်ဆံမည်ဖြစ်ကြောင်း ယမန်နေ့ လွှတ်တော်တွင် ပြောဆိုခဲ့ပြီးနောက် လာမည့်နှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် စင်ကာပူက ယခုကဲ့သို့ ထုတ်ပြန်တိုက်တွန်းလာခြင်း ဖြစ်သည်။


ဓာတ်ပုံ- The Straits Times, AFP
#WhatsHappeningInMyanmar
#RejectMilitaryCoup
👍35❤5😁5