The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍27❤2
ဖားကန့် ဆယ်ဇင်းရှိ ရှမ်းနီတပ်စခန်း ၂ ခု KIA သိမ်း

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု စစ်ရေး သတင်းရင်းမြစ် ထံမှ သိရသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းနှင့် ဟုမ္မလင်းနယ်အစပ်ရှိ ရွှေတွင်းလမ်းဆုံ၊ ရာလားတီးဒေသတွင် အခြေစိုက်ထားသည့် စစ်တပ်၊ SNA တပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး လက်နက် ခဲယမ်းတချို့ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

စစ်ရေးသတင်းရင်းမြစ်က”တိုက်ပွဲတွေက ခဏနားသွားလိုက် ပြန်ဖြစ်လိုက်ပဲ။ နယ်မြေလည်း ပြန်ဆုတ်ရ ပြန်ရနဲ့ ပဲ။ မနေ့ကတော့ SNA စခန်းနှစ်ခု ရတယ်။ လေကြောင်းကတော့ အမြဲနားစွင့်နေရတာ။ အခုတော့ လေကြောင်း မကြားသေးဘူး”ဟု ဧရာဝတီကို ပြောသည်။

လက်နက်ခဲယမ်းရရှိမှုနှင့် ထိခိုက်သေဆုံးမှုအခြေအနေများကို စစ်ရေးအခြေအနေအရ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အဆိုပါဒေသတွင် စစ်တပ်၊ SNA တပ်များနှင့် KIA၊ KPDF၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ နာဂခရိုင် အမှတ်(၁)တပ်ရင်း၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်နေသည်မှာ ၃ လ ဝန်းကျင်ရှိပြီဟု သိရသည်။

ဖားကန့်မြို့နယ်၊ ဥရုမြစ်ကမ်းဘေးတွင် တည်ရှိသော ဆယ်ဇင်းဒေသသည် KIA တပ်မဟာ (၉) နယ်မြေဖြစ်ပြီး စစ်တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲများ မကြာခဏ ပြင်းထန်ခဲ့သည့် ဒေသတခု ဖြစ်သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း ဖားကန်မြို့နယ် ဆယ်ဇင်းရွာအနီး တာဝါတိုင်တောင်ကုန်းတွင် တပ်စွဲထားသော စစ်တပ်စခန်းနှင့် ရှမ်းနီဂိတ်စခန်းတို့ကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့သေးသည်။

သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤45👍20👎1
မြန်မာစစ်တပ်ကို လက်ရှိ တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ငြင်းပယ်နေခြင်းအပေါ် စစ်အုပ်စု၏ ငြိမ်းချမ်းရေးအကြံပေး ဦးအောင်မင်းက ဝေဖန်လိုက်ပြီး NCA သည် တဖက်သတ် ပယ်ဖျက်၍ မရနိုင်သော ဥပဒေကြောင်းအရ ခိုင်မာသည့် သဘောတူညီချက်တခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"ဒါကို [NCA ကို] ဘယ်သူမှ ဖျက်ပစ်ပိုင်ခွင့် မရှိပါဘူး" ဟု ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက စစ်အုပ်စုက ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ် မြို့တော် ဘားအံတွင် စနေနေ့က ပြုလုပ်ခဲ့သော ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၌ ပြောကြားခဲ့သည်။

"အချို့အဖွဲ့တွေက NCA ကို ဖျက်ချင်ကြတယ်လို့ ပြောကြတယ်။ ကျနော် ပြောချင်တာကတော့ ကျနော်တို့ NCA ဆွေးနွေးတုန်းက ဘာသဘောတူညီချက်မှ အစိုးရဆီက လာတာ မဟုတ်ပါဘူး။ တိုင်းရင်းသားအဖွဲ့တွေ တင်ပြတဲ့ အဆိုပြုချက်တွေကိုပဲ ကျနော်တို့က အတည်ပြုပေးခဲ့တာပါ။ အခုကျတော့ အချို့က ဖျက်ချင်တယ်လို့ ပြောနေကြတယ်။ ဒါဆိုရင် သူတို့ [စတင်စဉ်က] ဘာလို့ လက်ခံခဲ့ကြတာလဲ" ဟု ၎င်းက ဖိုရမ်တွင် ပြောဆိုခဲ့သည်။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/09/30/416686.html
😁54👎11❤10🤔1
👍34😁3😱2
NUG အထူးတိုင်းစစ်ဌာန တပ်ပြေးများကြောင့် ဗုံးကြဲခံရဟု ထုတ်ပြန်

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် ၎င်းတို့ထံမှ တပ်ပြေး/နုတ်ထွက်သွားသော ရဲဘော်များ၏သတင်းပေးမှုကြောင့်ဖြစ်သည်ဟု အထူးတိုင်းစစ်ဌာနက ယနေ့တွင် ထုတ်ပြန်သည်။

အထူးတိုင်းစစ်ဌာနမှ တပ်ပြေး/နုတ်ထွက် ရဲဘော်များကို စစ်တပ်က ပြန်လည်ဖမ်းဆီးရမိကာ ၎င်းတို့ စစ်ဆေးထွက်ဆိုချက်များ၊ အထူးတိုင်းစစ်ဌာနထံမှ စစ်တပ်သို့ ဘက်ပြောင်းခိုလှုံသွားသူများ၏ သတင်းပေးမှုများကြောင့် စက်တင်ဘာ၂၄ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဖော်ပြထားသည်။

ထိုသို့ သတင်းများရရှိပြီးနောက် နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ ထွက်ခွာလာသော MIG-29 အမျိုးအစား ဂျက်ဖိုက်တာ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းကို ဗုံးသီး၂ လုံး ထိမှန်ခဲ့ပြီး CDM တပ်ကြပ်ကြီး နေဝင်းအောင်နှင့် တိုင်းစစ်ဌာန လုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး၊ ဆက်သွယ်ရေးရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုထားသည်။

အဆိုပါ ဗုံးကြဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ဘက်ကလည်း ဘက်ပြောင်းလာသော PDF တပ်ဖွဲ့ဝင်က သတင်းများကို နီးစပ်ရာတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံပေးပို့ခဲ့သဖြင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ရှိ NUG အထူးတိုင်းစစ်ဌာနချုပ်နေရာများအား ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အထူးတိုင်းစစ်ဌာန

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎37👍11❤7😁3😭3
👍21
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၀,၀၀၀ ကျပ်မှ ၁၈၅,၀၀၀ ကျပ်

ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၄,၄၅၀ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၆၀၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၇၉၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၇၉၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၈၅
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍34❤5👎2
Media is too big
VIEW IN TELEGRAM
ထရမ့်ရှေ့မှာ Super Intelligence ကို AI လို့မှားခေါ်မိတဲ့ အီလွန်မက်စ်

စက်တင်ဘာ ၃၀၊ ၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ Artificial Intelligence (AI) ကို Super Intelligence (SI) လို့အမည်ပြောင်းလဲဖို့ အမိန့်တရပ်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ပြီး မကြာခင်မှာပဲ Space X စီးအီးအို အီလွန်မက်စ်ကိုယ်တိုင် ဒီဝေါဟာရကိုသုံးဖို့ အခက်အခဲရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #Trump #ArtificialIntelligence #Superintelligence #elonmusk
👍30😁23❤1🤔1
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းထားသည့်တိုင် စစ်သားစုဆောင်းရေး ကိစ္စများမှာ ခက်ခဲနေဆဲဖြစ်သလို မသမာမှုများလည်း ရှိနေဆဲဖြစ်သည်။ ထို့ပြင် စစ်တပ်အတွင်း အခြားအဆင့် စစ်သည်အဖြစ် ဝင်ရောက်ပြီးကြသူများအတွက်မှာလည်း အခွင့်အလမ်း မသေချာမရေရာ။ ပိုဆိုးသည်မှာ စစ်အာဏာသိမ်းမှုအလွန်တွင် အထက်အောက် ဆက်ဆံရေး၊ ရဲဘော်ရဲဘက် စိတ်ဓာတ်နှင့် တပ်တွင်း စည်းလုံးညီညွတ်ရေး ပိုမိုပျက်ပြားသွားခဲ့ခြင်းပင်။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/30/416692.html
👎22👍11😁2❤1
ဗုံးကြဲတော့ စစ်တပ်ကို မုန်းတီးမှုပိုပြင်းလာတယ်

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာဒေသတွေကပြည်သူတွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာက အမုန်းတရားတွေပဲ ပိုပြီးတော့တိုးလာစေတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာဦးအောင်မင်းဦးကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့မှာရှိတဲ့ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅၀ ဦးသေဆုံးခဲ့ရပြီး ၆၀ ထက်မနည်းဒဏ်ရာရှိထားတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေအများအပြားသေဆုံထားရတယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့ဗုံးကြဲတိုက််ခိုက်မှုဖြစ်စဉ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းကဗုံးကြဲတိုက်ခိုက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာဦးအောင်မင်းဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/aVUKSUSNN88
#မြန်မာ #ဧရာဝတီ #ရခိုင် #ဗုံးကြဲ #AA #WhatsHappensInMyanmar
❤34👍28😁7
ချင်းတောင်ပိုင်းကို ထပ်မံထိုးဖောက်ဖို့ ကျင်ဒွေးကို စစ်ကြောင်းထိုး

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

မကွေးတိုင်း လောင်းရှည်မြို့မှ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် ချင်းတောင်ပိုင်း တော်လှန်ရေးတပ်များ သိမ်း ထားသည့် ကန်ပက်လက်မြို့နယ်အပိုင် ကျင်ဒွေးမြို့သို့ စစ်ဆင်လာရာ လမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ပထဝီအနေအထားအရ ကျင်ဒွေးသည် အာရက္ခတပ်တော်(AA) သိမ်းထားသည့် မင်းပြား၊ ပလက်၀မြို့နယ်များနှင့် ထိစပ်နေ သည်။

စစ်တပ်သည် ရခိုင်ပြည်နယ်တွင်း ပြန်ဝင်ရန် ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူဘက်မှလည်း ကောင်း၊ မကွေးတိုင်း မင်းတုန်း မင်းဘူးဘက်မှလည်းကောင်း၊ ပန်းတောင်း တောင်ကုတ်ဘက်မှလည်းကောင်း၊ ရေကြည် ငါးသိုင်းချောင်းဘက်မှ လည်း ကောင်း၊ ဂွဘက်မှလည်းကောင်း လှည့်ကာ နည်းမျိုးစုံနှင့် ကြိုးစားနေရာ ယခုအခါ ချင်းတောင်ပိုင်းမှ ဝင်ရန် ဒုတိယအကြိမ် ထိုးစစ်ဆင်ကြိုးစားလာခြင်းဖြစ်သည်။

ထို့အတွက်လည်း ပွင့်လင်းရာသီတွင် စစ်တပ်က ထိုးစစ်ကြီး လုပ်လာနိုင်သဖြင့် AA စစ်မျက်နှာ ၇ ခုတွင် တိုက်ပွဲများ ပို၍ ပြင်းထန်လာနိုင်သည်ဟု ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြောထားသည်။

ယခု ချင်းတောင်ပိုင်းကို ဝင်ရန်ကြိုးစားသည့် တပ်များကို တပ်မ ၇၇ မှ ဗျူဟာမှူး ဦးဆောင်ပြီး ကျန်တပ်များမှ ထုတ်နုတ် အင်အားများဖြင့် စက်တင်ဘာ ၂၆ရက်က လေကြောင်းပစ်ကူဖြင့် ၃၁ မိုင်ကျော်ရှည်သည့် လောင်းရှည်- ကျင်ဒွေးလမ်း တလျှောက်ဝင်လာခြင်းဖြစ်ပြီး ယခုအခါ ကန်ပက်လက်မြို့နယ်အစ မဆာတွီရွာသို့ ရောက်ရှိကာ အင်ဘူးနှင့် ဆွဲလွဲကျင်း တို့၌ စစ်ကြောင်းဖြန့်ခွဲပြီး နေရာယူထားကြောင်း သိရသည်။

“လောင်းရှည် ကပစကို ၂၃ ရက်က စစ်ယာဉ်တန်းရောက်တယ်၊ ၂၆ ရက်နေ့မှာ လောင်းရှည်-ကျင်ဒွေးလမ်းအတိုင်း စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှု‌တွေလည်း ရှိနေတယ်၊ စစ်ကြောင်းစထွက်လာကတည်းက လေကြောင်းကနေ ဆက်တိုက် ပစ်တာ ဒီနေ့မနက်ပိုင်းအထိပဲ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

လေကြောင်းပစ်ကူနှင့် စစ်ကြောင်းဝင်ရောက်နေသော်လည်း တိုက်ပွဲများဆက်ဖြစ်နေကာ နှစ်ဖက်ထိခိုက်မှုများ ရှိသလို စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများကို လောင်းရှည်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်မှစပြီး နေ့စဉ် ဗုံးကြဲနေသဖြင့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းပေါ်ရှိ အင်ဘူး၊ ရင်းကဲ၊ ဆွဲလွဲကျင်း၊ မဆာတွီကျေးရွာများအပါ ၈ ရွာထက် မနည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ကျင်ဒွေးမြို့သည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အတွက် အရေးပါသလို မကွေးတိုင်း၊ ဆောမြို့နယ်နှင့်သာမက ရခိုင်မြောက်ပိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် စစ်ရေးအရ ဗျူဟာမြောက် အချက်အချာကျသော မြို့လည်း ဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက အင်အားထောင်ချီသော စစ်ကြောင်းများဖြင့် မကွေးတိုင်း ယောဒေသ ဆောမြို့နယ်ကို ဖြတ်၍ ချင်းတောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်မြို့များကို လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းပြည်သူ့ တပ်မတော် (CPA)၊ ယောတော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်း ဟန့်တားတိုက်ခိုက်ခြင်း ကြောင့် ရာနှင့်ချီသေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သလို စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ပြီး စစ်ကြောင်း ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့သည်ဟု CPA က ဇူလိုင်အစပိုင်း၌ ထုတ်ပြန်ထားသည်။

“တပ်လန်သွားလို့ ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် လေကြောင်းကတော့ နေတိုင်းနီးပါး ရှိနေခဲ့တယ်၊ အခု လမ်းကြောင်း အသစ်နဲ့ ထိုးစစ်ပြန်စတာဆိုတော့ အခြေအနေကတော့ စောင့်ကြည့်ရမှာ” ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ချင်းတောင်ပိုင်းသို့ ဝင်နိုင်သည့် အဓိကလမ်းကြီးများရှိရာ ဆောမြို့နယ်တခုလုံးနှင့် ကန်ပက်လက်၊ မင်းတပ်မြို့များ ထိန်းချုပ် နိုင်ရေး စစ်တပ်က အင်အားများ ဆက်တိုက်ဖြည့်တင်းလျက်ရှိရာ မေလမှ စက်တင်ဘာလ အထိ အင်အား ၅၀၀၀ ခန့်ထိ ပို့ဆောင်ပြီး ဖြစ်သလို စစ်မှုထမ်းသင်တန်းဆင်း အများဆုံးပါဝင်နေကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၏ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မြောက်ဘက်တွင် မင်းတပ်မြို့ နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်း ဆောမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်း စေတုတ္တရာမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်နေ ပြီး လက်ရှိအချိန်၌ နယ်မြေတခုလုံးနီးပါးကို ချင်းတော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/30/416702.html
👍36❤7👎6🤔2
နိုင်ငံတကာ မီဒီယာများကပါ အာရုံစိုက်ဖော်ပြလာသည့် ကျောက်တော် လူသတ်ပွဲ

လင်းသစ်၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်းမှနယ်မြေများ ပြန်ရရှိရေးအတွက် ဆက်တိုက် ဗုံးကြဲနေရာ ကျောက်တော်မြို့၏ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသောနေရာကို ဗုံးကြဲ၍ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်ရပ်ကို မြန်မာပြည်သူများပါမက နိုင်ငံတကာ မီဒီယာများတွင်လည်း အာရုံစိုက် ဖော်ပြလာကြသည်။

စက်တင်ဘာ၂၈ ရက် မွန်းလွဲပိုင်းက ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးနှင့် မြို့အဝင် ကစ္ဆပနဒီတံတားတို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပေါင် ၅၀၀ ဗုံး၏ ပေါက်ကွဲမှု၊ ပြင်းအားမှာ မီတာ၂၀ (၆၅ ပေ) အတွင်းရှိ အဆောက်အအုံ၊ စက်ပစ္စည်း၊ လူ/သတ္တဝါကိုမဆို ပြင်းထန်စွာ ထိခိုက်မှုဖြစ်နိုင် သို့မဟုတ် သေကြေနိုင်ကြောင်း လေ့လာသူများက ဆိုကြသည်။

ထိုဗုံး ဈေးဆိုင်ခန်းများပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိုင်ခန်းများ ကြေမွပျက်စီးခြင်း၊ မီးကျွမ်းနေသည့် ဈေးရောင်းဈေးဝယ်များ၏ ရုပ်အလောင်းများ၊ မည်သူမည်ဝါ ခွဲခြားမရတော့သည့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသည်လည်း မြေပြင်တွင် ပြန့်ကျဲလျက်ရှိသည်ကို ဒေသခံများနှင့် အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသော ဓာတ်ပုံ မှတ်တမ်းအချို့တွင် တွေ့ရသည်။

လက်ရှိအချိန်ထိ စာရင်းကောက်ယူချက်များအရ သေဆုံးသူ ၅၀ ဦးခန့် ရှိလာသလို ဒဏ်ရာရသူ ၆၀ နီးပါးအထိ ရှိလာပြီး ယင်းအထဲ၌ ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် ဒေသခံ ရိုဟင်ဂျာ အများအပြားပါဝင်ကြောင်း မြေပြင်တွင် ကူညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။

သေဆုံးခဲ့ရသူများထဲတွင် စစ်ဘေးရှောင် ဈေးသည်များ၊ ကုန်တင်ကုန်ချ အခြေခံ လက်လုပ်လက်စားများ၊ ဈေးလာဝယ်သူများ၊ ဘေးတွဲနှင့် တုတ်တုတ် စသည့် ကယ်ရီမောင်းသူများ ပါဝင်သည်။ ထို့ပြင် လသားအရွယ် ကလေးငယ် အပါအဝင် ကလေးငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဆယ်ကျော်သက်များလည်း ပါဝင်သည်။

မြေပြင်တွင် ကူညီပေးနေသည့် ကျောက်တော်ဒေသခံ လူငယ်တဦးက “အလောင်း ရတာ၊ ဆေးရုံမှာ သေတာပါဆိုရင် ၅၀ ပြည့်ပြီ။ ဒဏ်ရာရတာ ၆၀ နီးပါး၊ နောက်ထပ်လည်း အလောင်း ရှာမတွေ့သေးတာတွေ အများကြီး။ ပျောက်နေတဲ့သူတွေ ရှိတယ်။ မိသားစုတွေက အလောင်း လိုက်ရှာပေမယ့် ရှာမတွေ့၊ လူကိုလည်း မတွေ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၉ လ ကိုယ်ဝန်ဆောင်ထားသည့် မငယ် ဟု ခေါ်ကြသော အမျိုးသမီးတဦးသည် မီးလောင်ကျွမ်းနေစဉ်ပင် မီးဖွားခဲ့ရပြီး ကလေးနှင့် မိခင်ပါ မီးလောင်ကျွမ်းလျက်သားတွေ့ရှိခဲ့ရသည့် မြင်ကွင်းသည်လည်း ပြည်သူများအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့သည်။

ကျောက်တော်ဒေသခံ လူငယ်တဦးက “မွေးခါနီး အမျိုးသမီးတယောက်အပြင် နောက်လည်း အများကြီးပဲ။ မိန်းကလေးတွေ၊ အမျိုးသမီးတွေ ပိုများပါတယ်။ ဈေးလာဝယ်တဲ့ မွတ်စလင်တွေလည်း သေတဲ့အထဲမှာ ပါသွားတယ်” ဟု ပြောပြ သည်။

လက်ရှိ ကောက်ယူရရှိသည့် သေဆုံးသူ ၅၀ အပြင် နောက်ထပ် သေဆုံးသူများလည်း ရှိနိုင်သေးပြီး အလောင်း ရှာမတွေ့ သေးသူများ၊ ပျောက်ဆုံးနေသူများစွာ ကျန်ရှိနေသေးသဖြင့် မိသားစုဝင်များလက်မလျှော့ဘဲ ယခုအချိန်ထိ ရှာဖွေနေကြဆဲ ဖြစ်သည်။

စစ်တွေဒေသခံ အမျိုးသမီးတဦးက “ကျမ ဦးလေးဆိုရင် အခုထိ ဘာမှ ရှာမတွေ့သေးဘူး။ သူမောင်းခဲ့တဲ့ တုတ်တုတ်ကို ဈေးနားမှာ တွေ့တယ်။ တခြားသူတွေထဲမှာလည်း ကျမတို့လို ရှာမတွေ့တာတွေ ရှိတယ်” ဟု ပြောသည်။

ကျောက်တော်မြို့ ကုလားတန်မြစ်ကမ်းဘေး၊ ကစ္ဆပနဒီတံတားအောက်တွင် တည်ရှိသော အိန္ဒိယဈေးကြီးသည် ရခိုင်ပြည်သို့ အိန္ဒိယဘက်မှ ဝင်ရောက်သည့် ကုန်စည်များကို ရောင်းဝယ်ဖောက်ကားကြသော အဓိက ဈေးကြီးဖြစ်သလို ပြည်နယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ကုန်သည်များက ထိုဈေး၌ လက်လီလက်ကား လာရောက် ဝယ်ယူကြခြင်း ဖြစ်သည်။

ဈေးအတွင်းနှင့် ဈေးဝန်းကျင်တလျောက် ဒေသခံနှင့် စစ်ဘေးရှောင် ကုန်သည်များက ဆိုင်ခန်းဖွင့် ရောင်းချကြပြီး ဈေးရောင်းဈေးဝယ်များ၊ အလုပ်သမားများ၊ ကယ်ရီသမားများနှင့် အမြဲတမ်း စည်ကားနေသည့် ဈေးလည်း ဖြစ်သည်။

“ဒီဈေးက တနင်္လာနေ့ဆိုရင် ခါတိုင်းနေ့တွေထက် လူပိုစည်တယ်။ ဈေးဖွင့်ရက် ဖြစ်တော့လေ။ အဲဒီလို လူစည်တဲ့ ရက်မှာပဲ ဗုံးကြဲတာ။ ဆိုင်ခန်းတွေကလည်း အကုန် ကပ်နေတော့လေ။ တလုံးတည်းမို့လို့၊ နှစ်လုံးဆိုရင် ဈေးတခုလုံး ဘာမှ မကျန်ဘူး” ဟု ကျောက်တော်မြို့ခံ ဆိုင်ရှင်တဦးက ပြောသည်။

စစ်တပ်ထောက်ခံသူ လော်ဘီများကမူ ထိုဈေးသည် AA စခန်း ဟုပင် ဆိုကာ ဝါဒဖြန့်ချိလျက် ရှိသည်။

ယင်းအပေါ် ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအသင်း ဒါရိုက်တာ ဦးမြတ်ထွန်းက “ကလေးသူငယ်တွေ၊ မွေးကင်းစတွေ၊ မွတ်စလင် အမျိုးသမီးတွေလည်း ပါပါတယ်။ ဒါဟာ စစ်လော်ဘီတွေ ပြောသလို စစ်စခန်းဆိုတာ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား စဉ်းစားကြည့်လို့ ရပါတယ်” ဟု ပြောကြားသည်။

စစ်တပ်၏ ဗုံးကြဲမှုသည် စစ်ရာဇဝတ်မှုနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း ၎င်းက ဆိုသည်။

“စစ်တပ်က ကျောက်တော်မြို့ အိန္ဒိယဈေးကို တိုက်ခိုက်တာဟာ ပြည်သူတွေကို ထိခိုက်အောင် တမင်ပြုလုပ်တာ လို့ ပြောလို့ရပါတယ်။ ဒါဟာ အာဏာရူး မင်းအောင်လှိုင်အနေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ၊ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်ပါတယ်။ တိုက်ပွဲအတွင်းမှာ
👍50❤7😁4👎2😭2
ပြည်သူတွေကို ထိခိုက်သေကြေ ပျက်စီးအောင် တမင်တကာ လုပ် တာလို့ ပြောလိုပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

AA ကလည်း ထိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ် တိုက်ခိုက် သူများနှင့် ပါဝင်ပတ်သက်သူ အားလုံး၊ ပါဝင်ဆက်နွယ်သည့် အဖွဲ့အစည်းများ အားလုံးကို အထူးမှတ်တမ်းတင်ထားပြီး ထိုက်တန်သည့် တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်တွင် လက်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ဒီဖြစ်စဉ်မှာ အသက်ပေးသွားခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့၊ ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပါဝင်ပတ်သက်သူ တယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံ့ပြန် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် ကျောက်တော် ဗုံးကြဲမှုသတင်းကို ပြည်တွင်းမီဒီယာများနှင့် နိုင်ငံတကာ သတင်းဌာနကြီးများဖြစ်သော The Washington Post၊ The New York Times၊ AFP၊ AP၊ Reuters၊ Al Jazeera၊ The Independent၊ Bangkok Post၊ FRANCE 24၊ The Straits Times၊ The Nation စသည့် မီဒီယာကြီး များကပါ ဖော်ပြခဲ့ကြသည်။

စစ်တပ်ထောက်ခံသော မီဒီယာများဖြစ်သည့် Eleven Media၊ Popular၊ One News Myanmar စသော မီဒီယာများ တွင် ကျောက်တော် ဗုံးကြဲမှုအကြောင်းနှင့်ပတ်သက်၍ ယခုအချိန်ထိ ဖော်ပြခြင်း မရှိပေ။ စစ်တပ်လော်ဘီ မီဒီယာတခု ဖြစ်သည့် NP News တည်ထောင်သူ ကျော်မျိုးမင်းက စစ်တပ်သည် AA စခန်းရှိသည်ဟု ယူဆရသောနေရာ၊ AA ထောက်ခံသူများရှိသည့် နေရာကို ပစ်မှတ်ထား၍ တိတိကျကျ ကြဲသွားခြင်းဖြစ်ကြောင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုကို ဖုံးကွယ်ရန်ပြောဆိုခဲ့ သည်။

ကျောက်တော် ဗုံးကြဲမှုဖြစ်စဉ်အပေါ် ဗြိတိန်အစိုးရ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk တို့က ရှုတ်ချကြောင်း ထုတ်ပြန်ထားကြသလို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် တော်လှန်ရေး အင်အားစု များကလည်း ရှုတ်ချခြင်း၊ ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားကြသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို လက်လွှတ်ထားရပြီး စစ်တွေနှင့် ကျောက်ဖြူ အပါအဝင် ရခိုင်အစပ် ရှေ့တန်း စစ်မျက်နှာများတွင် အထိနာနေသော စစ်တပ်သည် အရပ်သားနေရာများကိုပါမချန် လေကြောင်းပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာသဖြင့် သေဆုံးရသည့် အရပ်သားအရေအတွက်မှာလည်း ရာချီ ရှိလာပြီဖြစ်သည်။

စက်တင်ဘာ ၄ ရက်မှစ၍ စစ်တပ်သည် ၄၉၂၆ စစ်ဆင်ရေးဟု အမည်တပ်ကာ ရခိုင်ပြည်နယ်အတွင်းနှင့် ရခိုင်အစပ် နေရာများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး နေ့စဉ်နီးပါး ဗုံးကြဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

၄၉၂၆ စစ်ဆင်ရေးစတင်ချိန်မှယနေ့အထိ ၃ ပတ်ကျော်အတွင်း စစ်တပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၆၀ ဝန်းကျင်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ဝန်းကျင် ရှိပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ဗုံးကြဲမှုများအနက် ၁၁၆ ဦး သေဆုံးခဲ့သည့် အမ်းမြို့နယ် ဒလက်ချောင်းအကျဉ်းထောင် ဗုံးကြဲခြင်းဖြစ်စဉ်ပြီးလျှင် ယခု ကျောက်တော်မြို့ ဗုံးကြဲမှုသည် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/30/416706.html
😭55👍16❤12👎2🤔2
• ပြည်ထဲရေးဝန်ကြီးကို မင်းအောင်လှိုင် တိုက်ရိုက်ခန့်ပြီးမှ လွှတ်တော်ကိုတင်ပြ

• ကျောက်တော်ကို ဗုံးကြဲခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာက ရှုတ်ချ

• တရုတ် နယ်စပ်ကုန်သွယ်ရေး အဆင့်မြှင့် စီမံကိန်း TNLA စတင်

• ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးသယ်ယူသူတွေကို ပစ်ခတ်ဖမ်းဆီး ၉ ဦးသေဆုံး

• အမေရိကန်စစ်သင်္ဘောတွေ ဖူးခက်ကမ်းခြေကို ကမ်းကပ်မယ်

နေ့စဥ်သတင်း၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

https://youtu.be/X3cRpYPDqV8
#မြန်မာ #ဧရာဝတီ #ပြည်ထဲရေးဝန်ကြီး #လွှတ်တော် #ကျောက်တော် #အရပ်သား #နိုင်ငံတကာ #ကန့်ကွက် #တရုတ် #TNLA #ဖူးခက် #မူးယစ်ဆေး #နေ့စဥ်သတင်း #DailyNews #WhatsHappeningInMyanmar
👍36❤16👎1😁1
အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အား နေပြည်တော်နှင့် အနီးဆုံး လွိုင်ကော်သို့ ရွှေ့

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

အာဏာသိမ်းပြီးနောက်ပိုင်း တပ်တွင်းထိပ်ပိုင်းရာထူး အပြောင်းအလဲများသည့် စစ်တပ်သည် လူအပြောင်းအရွေ့ သာမက ၂၀၁၁ ခုနှစ်ကဖွင့်ခဲ့သည့် အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်ကိုပင် နေပြည်တော်နှင့် အနီးဆုံး ကယားပြည်နယ် (ကရင်နီ)၏ မြို့တော်လွိုင်ကော်သို့ လျှို့ဝှက် ပြောင်းရွှေ့ဖွင်လှစ်လိုက်သည်။

ထိုသို့လုပ်ရခြင်းက ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော် (PDF)၊ ဒေသတွင်းတော်လှန်ရေးတပ်များနှင့် ရင်ဆိုင်ထားရသည့် ကယားပြည်နယ်၌ တိုင်းစစ်ဌာနချုပ် အဆင့်တိုးကာ ဆက်စပ်ဒေသများဖြစ်သည့် ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံ၊မိုးဗြဲနှင့် အင်းလေးဒေသတို့ကို ဖိဖိစီးစီးကိုင်တွယ် လာမည့်အခြေအနေဟု သုံးသပ်ကြသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အရှေ့ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေး အတွက် လွိုင်ကော်၌ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဖွင့်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကရင်နီတော်လှန်ရေးတပ်များ၏ ၁၁၁၁ စစ်ဆင်ရေးက လွိုင်ကော်ကို ၈၀ရာခိုင်နှုန်း သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်မှာ ထောင်တွင်းမှ ပိတ်၍ ခုခံခဲ့သည့်အထိ ဖြစ်ခဲ့ပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် အနေအထား ရောက်ခဲ့သည်။

ထို့အတွက် စစ်ရေးအရ အရေးကြီးသည့် လွိုင်ကော်ကို တိုင်းစစ်ဌာနချုပ် တိုးမြှင့်ကာ ရှမ်းပြည်တောင်ပိုင်း နမ့်စန် မြို့နယ် ခိုလမ်တွင်ဖွင့်ထားသည့် အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်ကို ဒေသကွပ်ကဲမှုဌာနချုပ် အဆင့်သို့ စစ်ရေးကွပ်ကဲမှု လျှော့ချလိုက်ခြင်း ဖြစ်သည်။

စစ်တပ် CDM ဗိုလ်ကြီးဇင်ယော်က “ ဒီရက်ပိုင်းမှာပဲ ထိပ်တန်းလျှို့ဝှက်အဆင့်နဲ့ ရွှေ့လာတာ၊ လွိုင်ကော်ကိုရွှေ့လာတယ်၊ နာမည်ကလည်း ရလခ နာမည်နဲ့ပဲလို့ သိရတယ်၊ ကယားမှာအရင်က အမြင့်ဆုံး ဒကစပဲရှိတယ်၊ အခု တိုင်းစစ်ဌာနချုပ် အဆင့် လာဖွင့်ပြီး အဓိက ကရင်နီရယ်၊ ကရင်နီနဲ့ ဆက်စပ်တဲ့ ကရင်ဒေသတွေကိုပါ ပြင်းပြင်းထန်ထန် စစ်ဆင်လို့တဲ့ ရည်ရွယ်ချက် ရှိတယ်လို့ မှန်းဆပါတယ်။ နေပြည်တော်အထိ တိုင်းစစ်ဌာနချုပ်တခုနဲ့ ဆင်းပြီးတော့ ကာတဲ့ အနေအထား မျိုး လည်း သုံးသပ်ရပါတယ်”ဟု ပြောသည်။

ယခင် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်က ရွေးကောက်ပွဲကာလအထိ တာဝန်ယူခဲ့သော်လည်း တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ပြောင်းသွားသဖြင့် လစ်လပ်နေရာ လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ်ဝေလင်းအောင် က တာဝန်ယူမည်ဖြစ်ကြောင်းလည်း ယခုသတင်းများ ထွက်ပေါ်နေသည်။

အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်ကို ၂၀၁၁ ခုနှစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ခွဲထုတ်ကာ ရှမ်းအရှေ့၊ ရှမ်းတောင်နှင့် ရှမ်းမြောက် ချိတ်ဆက်ရာ အချက်အချာကျသည့် နမ့်စန်မြို့နယ် ခိုလမ်တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးက ပထမဆုံး တိုင်းမှူး တာဝန်ယူခဲ့သည်။

ယခုအခါ ရှမ်းပြည်တွင် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)တို့နှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပုံမှန်ဆွေးနွေးပွဲများကျင်းပခြင်းဖြင့် အပစ်အခတ် ရပ်ထားသည်။

လတ်တလော RCSS/SSA နှင့် SSPP/SSA တို့အနေဖြင့် စစ်တပ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးနေပြီး စစ်တိုက်ရန် အလားအလာ မရှိသကဲ့သို့ UWSA “ဝ” တပ်ဖွဲ့သည်လည်း တရုတ်ဖိအားကြားတွင် စစ်ပွဲဖြစ်ရန် မဖြစ်နိုင်သည့်အတွက် စစ်ရေးအရ ပိုအရေးကြီးသည့် လွိုင်ကော်သို့ တိုင်းစစ်ဌာနချုပ်အဆင့်တိုးမြှင့်ကာ လက်လွှတ်ထားရသည့်နေရာများ ပြန်ထိန်းချုပ်ရေး ပိုမိုဖိအားပေး ကိုင်တွယ်လာမည့်အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “ခိုလမ်အခြေစိုက်တာက အဓိက သံလွင်မြစ်အရှေ့ခြမ်းက “ဝ” တို့ ၊ ရှမ်းတောင်က RCSS တို့ SSPP တို့နဲ့ ရင်ဆိုင် ဖို့ပဲ၊ လက်တွေ့ မှာ သူတို့နဲ့တိုက်မယ့်အလားအလာ မရှိသလောက် နည်းတယ်ဆိုတော့ ဒီဌာနချုပ်ကို အရေးပါတဲ့ လွိုင်ကော်ကို ပြောင်းတာပေါ့၊ ကရင်နီအင်အားစုက မသေးဘူး၊ ဒီအတွက် ဖိဖိစီးစီး ထိုးစစ်ဆင်ဖို့ ပြောင်းလာတာဖြစ်မယ်” ဟု ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ဥက္ကဋ္ဌဖြစ်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ခွန်းဘီထူးကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းနေသော်လည်း ဆက်သွယ်၍ မရသေးပေ။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/30/416718.html
❤28👍26😁12👎8😭2
Media is too big
VIEW IN TELEGRAM
နီပေါမှာ လေးရက်တာကာလအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် ၂၇ ဦးသေဆုံး

စက်တင်ဘာ ၃၀၊ ၂၀၂၆

နီပေါနိုင်ငံမှာ စက်တင်ဘာ ၂၄ ရက်ကနေ ၂၇ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဘေးအန္တရာယ်ဖြစ်စဉ်ပေါင်း ၅၃၂ ခုဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ပြီး ၄ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ NDRRMA က ထုတ်ပြန်ထားပါတယ်။

#မြန်မာ #ဧရာဝတီ #nepal #ရေကြီး #မြေပြို #သဘာဝဘေး
👍33😭18😱10❤2
မင်းအောင်လှိုင်ကို ချောတယ်လို့ နော်ကပေါ်ထူးပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ဟာ ရုပ်ရည်ချောမောပြီး စိတ်သဘောထားကြီးတဲ့သူဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခွဲထွက်အဖွဲ့ဖြစ်တဲ့ KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူး က ပြောပါတယ်။

ပြီးခဲ့ စက်တင်ဘာ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာကျင်းပတဲ့ ကရင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ပထမရက်မှာ အဲ့ဒီလိုပြောခဲ့တာပါ။ TIME မဂ္ဂဇင်းမှာ ဦးမင်းအောင်လှိုင် ဖော်ပြခံခဲ့ရတဲ့ ဓါတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေချိန်မှာပဲ ခုလို ပြောလိုက်တာဖြစ်ပါတယ်။

နော်ကပေါ်ထူးဟာ ၂၀၀၇ ခုနှစ်တုန်းက KNU ကနေ ခွဲထွက်ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ KNU/KNLA(PC) အဖွဲ့ကိုတည်ထောင်သူ ဗိုလ်ချုပ်စောထိန်မောင်ရဲ့ သမီးဖြစ်ပါတယ်။

https://youtu.be/5GUQCXQ5RxE

#မြန်မာ #ဧရာဝတီ #နော်ကပေါ်ထူး #KNLA/PC #KNU #ဗိုလ်ချုပ်စောထိန်မောင် #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁117👎10❤6😱3😭1
ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ “မြန်မာ့နည်း မြန်မာ့ဟန်” ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ကနေ အခု မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီအထိ ဗိုလ်ချုပ်တွေ သုံးခဲ့တဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ “ဘိတ်ချေး ဒီမိုကရေစီ” အဆင့်ကို ဘယ်လိုရောက်သွားလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။

https://youtu.be/dQNIOsDdZCM

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍51❤7😁3
Media is too big
VIEW IN TELEGRAM
ပြင်သစ်မှာ ကျောင်းတွင်းအခြေအနေတွေအပေါ် မကျေနပ်မှုကြောင့် ကျောင်းသားတွေ ကျောင်းတွေကိုပိတ်ဆို့ ဆန္ဒပြ

အောက်တိုဘာ ၁၊ ၂၀၂၆

ပြင်သစ်နိုင်ငံတဝှမ်းမှာ အထက်တန်းကျောင်းသားတွေဟာ ကျောင်းတွင်းအခြေအနေတွေ‌အပေါ်မကျေနပ်‌မှုကြောင့် ကျောင်းတွေရှေ့မှာ ပိတ်ဆို့ပြီး ဆန္ဒပြနေကြပါတယ်။ ကျောင်းသားတွေဟာ ဆရာ၊ ဆရာမတွေ ပိုမိုခန့်အပ်ပေးဖို့ အတန်းတွင်း ကျောင်းသားဦးရေ လျှော့ချပေးဖို့နဲ့ ကျောင်းသုံးပစ္စည်း ကိရိယာတွေ ပိုမိုပံ့ပိုးပေးဖို့ တောင်းဆိုနေကြတာပါ။

#မြန်မာ #ဧရာဝတီ #ပြင်သစ် #ကျောင်း #ဆန္ဒပြ
👍48❤8🤔2😱1
မြန်မာ့လေတပ်ဟာ သူတို့ကိုယ်သူတို့ စစ်တပ်ထဲမှာ ပညာတတ်တွေ၊ နည်းပညာပိုင်း တတ်ကျွမ်းတဲ့ အဆင့်မြင့် လေ့ကျင့်ထားသူ စစ်သားတွေအဖြစ် ပုံဖော်လေ့ရှိတယ်။ တကယ်တမ်းမှာတော့ သူတို့ဆီမှာ သိက္ခာဆိုတာ တပြားသာမှ မရှိတော့တာ ကြာလှပါပြီ။ တော်လှန်ရေးအင်အားစုတွေမှာ လေတပ်အင်အားမရှိတဲ့အတွက် စစ်တပ်ရဲ့ လေယာဉ်မှူးတွေဟာ သူတို့ရဲ့ ရန်သူ့တိုက်လေယာဉ်အုပ်စုတွေနဲ့ ရင်ဆိုင်ရတာမျိုး မရှိပါဘူး။ သူတို့ရဲ့ အဆမတန် သာလွန်နေတဲ့ နည်းပညာအသာစီးရမှုကို အသုံးချပြီး မြေပြင်က အင်အားစုတွေနဲ့ အထူးသဖြင့် အရပ်သားတွေ နေထိုင်တဲ့ လူနေ မြို့၊ ရပ်ကွက်၊ ကျေးရွာတွေပေါ် မှာ ဗုံးတွေကြဲချနေကြတာပါ။

စစ်တပ်ရဲ့ မြေပြင်တပ်က ခြေလျင်တပ်သားတွေဆိုတာကမှ သူတို့ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဘယ်လောက်ပဲရှိရှိ အနည်းဆုံးတော့ တဖက်က ပြန်ပစ်နိုင်တဲ့ စစ်မြေပြင်မှာ သူတင်ကိုယ်တင် စစ်တိုက်ကြရတယ် ဆိုနိုင်ပါသေးတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/01/416730.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍54❤8👎4😁4