The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ်ကို ဒိန်းမတ်မှာ တရားစွဲ

အာဏာသိမ်းစစ်တပ်ကို စစ်ရာဇဝတ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုကနေ လွတ်မြောက်လာတဲ့ ချင်းတိုင်းရင်းသူတဦးက ဒိန်းမတ်နိုင်ငံတရားရုံးမှာ အောက်တိုဘာ ၂၆ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

ချင်းပြည်နယ်က ကျေးရွာတခုမှာ အာဏာသိမ်းစစ်တပ်ရဲ့ မြေမြှုပ်မိုင်းတွေကြောင့် မိသားစုတွေသေဆုံးခဲ့ရပြီး ကျေးရွာက နေအိမ်တွေလည်း ပျက်ဆီးခဲ့တဲ့အတွက် ကျူးလွန်တဲ့ အာဏာသိမ်းစစ်တပ် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တရားစွဲဆိုလိုက်တာပါ။

ချင်းတိုင်းရင်းသူဟာ အာဏာသိမ်းစစ်ရဲ့ ကျူးလွန်မှုတွေကြောင့် အိန္ဒိယနယ်စပ်ကနေ တဆင့် ထွက်ပြေးကာ ဒိန်းမတ် နိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးဘက်က အမှုကို ဘယ်ချိန် စတင်လက်ခံစစ်ဆေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူးလို့ အမေရိကန်အခြေစိုက် The Diplomat သတင်းဌာန က ရေးသားဖော်ပြပါတယ်။

#မြန်မာ #ဧရာဝတီ #ဒိန်းမတ် #ချင်းတိုင်းရင်းသူ #အာဏာသိမ်းစစ်တပ် #ချင်းပြည်နယ် #တရားစွဲ #စစ်ရာဇဝတ်မှု #WhatsHappeningInMyanmar
❤38👍26😁15🤔3👎1
😁22
မလေးရှားပြန် ၃၀၀ ထိန်းသိမ်းထားသည့်သတင်း စုံစမ်းစစ်ဆေးမည် ဟုဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

မလေးရှားမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာ ၃၀၀ ခန့်အား စစ်အုပ်စုမှ ထိန်းသိမ်းထားသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ရှင်းလင်းရန် တောင်းဆိုမည်ဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး ယာယီ တာဝန်ခံကိုလည်း အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးပြီး ထိန်းသိမ်းခံထားရသူများ၏ အခြေအနေသတင်းပို့ရန် ညွှန်ကြားသွားမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုသည်။

အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် မလေးရှား ပါလီမန် အစည်းအဝေးအတွင်း အတိုက်အခံ လွှတ်တော်အမတ် အာမက် တာမီဇီ ဆူလိုင်မန် (Ahmad Tarmizi Sulaiman) က မလေးရှားမှ ပြန်လည် ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ရန်ကုန်မြို့ရှိ စစ်ဘက်ဆိုင်ရာ စခန်း တခုတွင် ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့အနက် ရိုဟင်ဂျာနှင့် ရခိုင် တိုင်းရင်းသားများ ပါဝင်ကြောင်း နိုင်ငံတကာ မီဒီယာ သတင်းများကို ကိုးကား၍ ထောက်ပြထားပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ယင်းအခြေအနေကို သိရှိခြင်း ရှိ၊ မရှိနှင့် ပြန်လည် ရောက်ရှိလာသူများ ခွဲခြား ဆက်ဆံမှု မခံရစေရေး မြန်မာဘက်က ပေးထားသည့် ယခင် အာမခံချက်များနှင့် ပတ်သက်၍ ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းအပေါ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ သဘောဆန္ဒ အလျောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပါဝင်သူများက မိမိ သဘောဆန္ဒအတိုင်း ပြန်လည် လိုက်ပါကြောင်း စာရွက်စာတမ်းများတွင် လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ပြန်လည် ဆွေးနွေးခဲ့သလို မြန်မာဘက်က ပေးထားသည့် အာမခံချက်များကို လေးစား လိုက်နာရန် မလေးရှားအစိုးရက တောင်းဆိုသွားမည်ဟုလည်း ဆိုသည်။

မလေးရှားနိုင်ငံ အပေါ် ရိုက်ခတ်မှုများ ရှိနေသည့် ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာ စစ်ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရန် လိုကြောင်း၊ ယခုကဲ့သို့ ထိတွေ့ ဆက်ဆံခြင်းသည် လက်ရှိ မြန်မာ အစိုးရကို အသိအမှတ်ပြုခြင်း မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများ ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

၎င်းက “မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားကို လာရောက်တဲ့ ခရီးစဉ်ဟာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ သူ့ အစိုးရကို တရားဝင်အဖြစ် အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ လက်ရှိ အစိုးရကို အသိအမှတ်ပြု မပြု ဆိုတာ သီးခြား ကိစ္စပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံကို သီးခြား ခွဲထုတ်ထားခြင်းဖြင့် အကျပ်အတည်းကို ပြေလည်စေမည် မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်သင်္ဘော ၃ စီးဖြင့် ပြီးခဲ့သည့်လက ပြန်လည် ပို့ဆောင်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤29👍18😁5👎1
👍21😁6❤4
ထိုင်းဘက်ခြမ်း ကျည်ကျမှု ဒေသခံတို့ ဆန္ဒထုတ်ဖော်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

ထိုင်း-မြန်မာ နယ်စပ်တလျောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်လာမှုအပေါ် ထိုင်းဒေသခံများက ယနေ့ ဆန္ဒထုတ်ဖော်ခဲ့သည်။

မြန်မာဘက်မှ ပစ်ခတ်သည့် ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်လာမှုကြောင့် ဒေသခံများ၏ အသက်အန္တရာယ်နှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများအပေါ် စိုးရိမ်နေကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ပြည်သူများ၏ လုံခြုံရေးအတွက် ထိရောက်သည့် အစီအမံများ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းသို့ ကျည်ကျရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန် ထိုင်းစစ်တပ်၊ နရဲစွမ်စစ်ကြောင်း (Naresuan Force) လက်အောက်ရှိ ရာဇမနူ စစ်ဆင်ရေးအဖွဲ့ (Rajamanu Task Force)က နယ်စပ်ဘေးအန္တရာယ် ကာကွယ်ရေး အစီအမံ လေးရပ်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ အစီအမံ လေးရပ်တွင် စစ်ရေးနှင့် နယ်စပ်ကာကွယ်ရေး၊ သံတမန်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် လျော်ကြေးပေးရေး၊ ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတို့ ပါဝင်သည်။

ထိုင်းတပ်ဖွဲ့အနေဖြင့် သတ်မှတ်ထားသော စစ်ရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆန်များ ထိုင်းပိုင်နက်အတွင်း ကျရောက်ပါက ကျည်စတင်ထွက်ရှိရာ သို့မဟုတ် သံသယရှိသော ပစ်ခတ်သည့်နေရာများသို့ သတိပေးမီးခိုးဗုံး ပစ်ခတ်သွားမည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက် ပျက်စီးကြောင်း ခိုင်လုံသော သက်သေတွေ့ရှိပါက ပစ်ခတ်သည့်ဘက်မှ ရပ်တန့်သွားစေရန် ထိုင်းစစ်တပ်အနေဖြင့် အချိုးကျ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

သောင်ရင်းမြစ်တလျောက် တပ်အင်အား တိုးမြှင့်ခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း ကင်းလှည့်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပြီး ဒရုန်းနှင့် လေယာဉ်များအသုံးပြု၍ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဖြစ်စဉ်များ ဖြစ်ပွားပြီးပါက မြို့နယ်နယ်စပ်ကော်မတီ (TBC) နှင့် ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (RBC) စသည့် နယ်စပ်ဆိုင်ရာ လုပ်ငန်းစဉ်များကို အသုံးပြု၍ မြန်မာစစ်တပ်ထံ ချက်ချင်း ဆက်သွယ်ကာ ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်မှုများ မပြုလုပ်ရန် သတိပေးခြင်း၊ တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့သည် သံတမန်ရေးရာ လမ်းကြောင်းများမှတဆင့် တရားဝင် ကန့်ကွက်လွှာများ ပေးပို့ကာ ထိခိုက်ပျက်စီးမှုများအတွက် မြန်မာအစိုးရဘက်မှ တာဝန်ယူရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာပါက နယ်စပ်အနီးနေထိုင်သည့် ဒေသခံများကို ဘေးကင်းသည့် ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးနိုင်ရန်အပါအဝင် နယ်စပ်ကျေးရွာများ၊ စာသင်ကျောင်းများနှင့် အိမ်များတွင် ဗုံးခိုကျင်းများ တည်ဆောက်ပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပစ်ခတ်မှုများကြောင့် ထိုင်းဒေသခံများ၏ အိမ်များ၊ ပိုင်ဆိုင်မှုများနှင့် စိုက်ပျိုးသီးနှံများ ထိခိုက် ပျက်စီးပါက အရေးပေါ် လျော်ကြေးငွေများ ပေးအပ်နိုင်မည့် စနစ်တခုကိုလည်း ထူထောင်သွားမည်ဖြစ်သည်။

မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် သီးသန့် ဘေးကင်းရာ နေရာများ စီစဉ်ပေးမည်ဖြစ်ပြီး သတ်မှတ်နေရာများတွင် စနစ်တကျ ထိန်းသိမ်းကာ တရားမဝင် ပစ္စည်းများနှင့် လက်နက်များ ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်သွားမည်ဖြစ်ကာ တိုက်ပွဲများ ပြီးဆုံး၍ အခြေအနေ ပြန်လည် တည်ငြိမ်သွားပါက စစ်ဘေးရှောင်များအား မူလနေရာများသို့ မိမိတို့ သဘောဆန္ဒအတိုင်း ပြန်လည်ထွက်ခွာနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Aung Aung’s Post

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤38👍7😁6
Media is too big
VIEW IN TELEGRAM
ရန်ကုန်က သီတင်းကျွတ်ပွဲတွေ

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ သီတင်းကျွတ် ရေကျော်ပွဲဈေး ကျင်းပနေသလို ဗိုလ်တထောင်ဘုရားနဲ့ ပြည်သူ့ရင်ပြင်မှာလည်း လည်ပတ်သွားလာကြတဲ့ ပြည်သူအများအပြားနဲ့ စည်စည်ကားကား ရှိနေတာကို တွေ့မြင်ရပါတယ်။

ရေကျော်ပွဲဈေးကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားဖို့ရှိနေပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ရေကျော်ပွဲဈေးကို ၂၀၁၉ ခုနှစ်မှာ ရပ်နားခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၄ ခုနှစ်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #သီတင်းကျွတ် #ရေကျော်ပွဲဈေး #ပုဇွန်တောင် #ရန်ကုန် #WhatsHappeningInMyanmar
👍20👎10❤4😁1
❤9👍3
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက်
သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင်၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၃၅ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၄၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၃၇၅ ကျပ်

ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၀ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၀၀၉
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍28❤5👎1
😁18👍3👎1😱1
ရှမ်းတို့ထုတ်ပြန်ချက် အခြေအမြစ်မရှိ သွေးထိုးလှုံ့ဆော်မှုဟု ကိုးကန့် ပြင်းထန်စွာကန့်ကွက်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ် ဒေသများ၌ ရုံးသုံး ဘာသာအဖြစ် တရုတ် ဘာသာစကားသို့ ပြောင်းလဲမှု၊ မြေယာ ပိုင်ဆိုင်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း MNDAA ဘက်က ယနေ့ တုံ့ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အ.လ.က (ပန်ဆွဲ) နှင့် အ.မ.က (မိုင်းဟော်) စသည့် ကျောင်းများ၌ တရုတ် ဘာသာစကား သင်ကြားပေးခြင်းသည် ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း၊ အထူးဒေသ (၁) ၏ မြေယာ စီမံခန့်ခွဲမှု နည်းဥပဒေများအရ နိုင်ငံခြားသားများကို မြေယာပိုင်ဆိုင်ခွင့် လုံးဝ ခွင့်ပြုထားခြင်းမရှိဘဲ ဒေသခံ စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများကိုသာ တရားဝင် စိစစ် ထုတ်ပေးခြင်းဖြစ်သဖြင့် နိုင်ငံခြားသားများက မြေယာသိမ်းဆည်းနေသည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း ဆိုထားသည်။

ထို့ပြင် မြို့ရွာ အမည်များကို အတင်းအကျပ် ပြောင်းလဲခြင်းမျိုး လုံးဝ မရှိဘဲ မူလ နာမည်များ အတိုင်း ဆက်လက် သုံးစွဲစေပြီး၊ MNDAA ထိန်းချုပ်ထားသော အချို့ဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ လွယ်ကူစေရန် တွဲဖက်အနေဖြင့်သာ တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ပွဲတော်များကိုလည်း နှစ်စဉ် လွတ်လပ်စွာ ကျင်းပခွင့် ပြုထားပြီး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ အထူးဒေသ (၁) ဥပဒေအတိုင်း ဆောင်ရွက်မှုများကို ကန့်သတ်ခြိမ်းခြောက်ခြင်းမျိုး မရှိသည့်အပြင် အခြေခံ ရပိုင်ခွင့်များကိုလည်း အလေးထားလျက်ရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ SSJAC ၏ မမှန်မကန် စွပ်စွဲချက်များသည် တိုင်းရင်းသားများကြား အထင်အမြင် လွဲမှားစေရန်နှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် သွေးထိုး လှုံ့ဆော်မှုသာဖြစ်ကြောင်း MNDAA က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားသည်။

SSJAC က ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်တွင် ရှမ်းမြောက် ဒေသအတွင်း MNDAA ၏ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ဒေသခံများ၏ အခြေခံ အခွင့်အရေးနှင့် ယဉ်ကျေးမှုများ ဖိနှိပ်ခံနေရကြောင်း ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပုံစာ- MNDAA တပ်ဖွဲ့ဝင်များ

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁31❤8👍6👎2😱2
❤22👍15😁2
မြန်မာ CI စခန်း၌ ခြိမ်းခြောက်ခံရသည့် ထိုင်းသတင်းထောက် လွှတ်တော်သို့ တိုင်မည်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

ထိုင်းသတင်းထောက် Pod Nathaphob က စမွတ်ပရာကန် သက်သေခံလက်မှတ် (CI) စခန်း၌ ခြိမ်းခြောက်ခံရမှုကို မိမိ၏ လုံခြုံရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် မနက်ဖြန် ထိုင်းလွှတ်တော်သို့သွားကာ တိုင်စာပို့မည်ဟု လူမှုကွန်ရက်တွင် အသိပေးထားသည်။

စမွတ်ပရကန် CI စခန်းကဲ့သို့ အစိုးရဌာနဆိုင်ရာ နေရာတခု၌ သတင်းထောက်အား ထိုင်းနှင့် မြန်မာ အရပ်ဝတ်လက်နက် ကိုင်နှင့် အာဏာပိုင်တချို့က ခြိမ်းခြောက်နှောင့်ယှက်ခြင်းသည် ဥပဒေမဲ့ ပြုမူဆောင်ရွက်ချက်၊ ပြည်သူများ သိရှိထိုက်သည့် အချက်အလက်ကို ပိတ်ပင်ရန် ကြိုးပမ်းမှုဖြစ်ပြီး CI စခန်းများနှင့် အများပြည်သူအကျိုးစီးပွား ဆိုင်ရာ လုပ်ငန်းစဉ်များမှာ သတင်းထောက်များနှင့် ပြည်သူများ ဘေးကင်းစွာ လေ့လာစောင့်ကြည့်နိုင်သည့်နေရာဖြစ်ကြောင်း ဆိုထားသည်။

ထို့အတွက် ပြည်သူ့ပါတီ(People's Party) အမတ် အကြံပြုချက်အရ ပြည်သူ့လွှတ်တော် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဆက်သွယ်ရေးနှင့် ပြည်သူပါဝင်ဆောင်ရွက်ရေး ကော်မတီထံ တိုင်ကြားမည့် အဓိကအကြောင်းအရင်း သုံးချက်မှာ CI စခန်းတွင်း သတင်းရယူပြီး အတွင်းပိုင်းလာဘ်စားမှုနှင့် မသမာမှုများကို ဖော်ထုတ်ခဲ့သည့်အတွက် မကျေနပ်သူများ ရှိနိုင်ပြီး နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်ရန်နှင့် သတင်းထောက်များအား ယခုကဲ့သို့ ခြိမ်းခြောက်ခြင်းသည် သတင်းအချက်အလက် စုံစမ်းဖော်ထုတ်မှု ရပ်တန့်သွားစေမည် မဟုတ်ဘဲ အမှန်တရားကို ပိုမိုမေးခွန်းထုတ် ရှာဖွေရန်ဖြစ်ကြောင်း ဆိုသည်။

မြန်မာအာဏာသိမ်းအစိုးရနှင့် ၎င်း၏ ကွန်ရက်များက ထိုင်းပွဲစားများနှင့် ပူးပေါင်း၍ ရွှေ့ပြောင်းလုပ်သားများထံမှ ခေါင်းပုံ ဖြတ်ငွေညှစ်နေမှုကြောင့် ထိုင်းနိုင်ငံပုံရိပ်ကို ထိခိုက်စေသည့်အတွက် အဆိုပါ ကွန်ရက်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထိုင်းလုံခြုံရေး အဖွဲ့အစည်းများနှင့် အစိုးရဌာနများက ရပ်တန့်ပေးရန်နှင့် ရွှေ့ပြောင်းလုပ်သား အထောက်အထား ပြုလုပ် သည့် လုပ်ငန်းစဉ်များ၌ တရားမဝင် အပိုကြေးများ ကောက်ခံခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ဓာတ်ပုံ- Pod Nathaphob
👍56❤12😁3
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ

ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/4-nG--LkoCU
#မြန်မာ #ဧရာဝတီ #သန်လျင် #ရေနံ #လေယာဉ်ဆီ #တရုတ် #သစ်
😁27👎14❤5
ရှမ်းမြောက်တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

ရှမ်းမြောက်၌ ကိုးကန့်တို့က တရုတ်ဘာသာစကား ရုံးသုံးပြဋ္ဌာန်းရာမှအစ သမိုင်းစဉ်ဆက်ခေါ်ဝေါ်လာသည့် မြို့ရွာများအမည်ပြောင်းခြင်း၊ ဒေသခံများ၏ ယဉ်ကျေးမှုအပေါ် လေးစားလိုက်နာမှုမရှိခြင်းသာမက မြေယာပိုင်ဆိုင်ခွင့် ကိစ္စရပ်များအဆုံး မကျေနပ်မှုများ ပိုမိုတိုးလာရာ နှစ်ဖက်တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေသည်။

၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်ဒေသကိုသာမက ရှမ်းစော်ဘွားတို့ အုပ်ချုပ်ခဲ့သည့် သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ တာမိုးညဲ တို့ကို သိမ်းထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ကိုးကန့်တပ်သည် ဒေသခံများနှင့် ကျွမ်းဝင်မှုမရှိသည့် တရုတ်ဘာသာစကားကို သုံးရန်ဖိအားပေးနေပြီး ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သည့် မြေယာများကို အဓမ္မသိမ်းဆည်းကာ သမိုင်းနှင့်ယဉ်ကျေးမှုလက္ခဏာများကို အတင်းအကျပ် အစားထိုး ပြောင်းလဲနေကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ရှမ်းလူထု၊ နိုင်ငံရေးနှင့် လက်နက်ကိုင်တို့ ပါဝင်သည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက (SSJAC)က ထုတ်ပြန်ခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/27/417258.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍44😁7👎5❤4
• အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား
• နေရပ်ပြန်ပို့လိုက်သူတွေကို မြန်မာစစ်တပ်ဖမ်းဆီးထားမှု မလေးရှားမေးခွန်းထုတ်
• ယဉ်ကျေးမှုပျောက်အောင်လုပ်နေတယ်လို့ ရှမ်းကော်မတီ ပြောဆိုချက် MNDAA တုံ့ပြန်
• နောင်ချိုဗလီကို နိုင်ငံပိုင်သိမ်းမှု ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်အဖွဲ့ ကန့်ကွက်
• မြန်မာဘက်တိုက်ပွဲက ကျည်ကျော်မှု ထိုင်းလူထု ဆန္ဒပြ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
https://youtu.be/s1QN11y5VfU

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #အာဆီယံ #အထူးကိုယ်စားလှယ် #မလေးရှား #ရှမ်း #စာပေ #ယဉ်ကျေးမှု #MNDAA #နောင်ချို #ဗလီ #ခရစ်ယာန်အဖွဲ့ #တိုက်ပွဲ #နယ်စပ် #ဆန္ဒပြ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤24👍20😁2
အင်းတော်တိုက်ပွဲ စစ်တပ်အကျဆုံးများ၊ ဗျူဟာမှူးနှင့်စစ်သားများ အဖမ်းခံရ

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

စစ်တပ်က အရေးပါသည့် ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းကို ထိန်းနိုင်ရန် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၏ နည်းဗျူဟာ ၂ ခုဖြင့် ကြိုးစားနေရာ အင်းတော်မြို့တောင်ဘက်တိုက်ပွဲ၌ ၃၃၂ နည်းဗျူဟာမှူး ဒု ဗိုလ်မှူး ကျော်ဆန်းထွန်းနှင့် သုံ့ပန်းအများ အပြား အဖမ်းခံခဲ့ရပြီး လက်နက်ခဲယမ်းများ အသိမ်းခံခဲ့ရသည်။

စစ်တပ် CDM အသိုင်းအဝိုင်းနှင့် မြေပြင်စစ်ရေး သတင်းရင်းမြစ်များအဆိုအရ အင်းတော်နှင့် ထီးချိုင့်ကြား မဲဇာရွာကြီး ရွာအောက်ဘက် ကျောင်းကုန်းရွာအနီးတွင် ကြားဖြတ်အတိုက်အခံရကာ ဗျူဟာမှူးအဖမ်းခံခဲ့ရသလို အကျအဆုံးလည်း များကြောင်း သိရသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးက “အခု ထိတွေ့မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာက ထီးချိုင့်ဘက်ကို ထိုးတဲ့ စစ်ကြောင်းနဲ့ ဖြစ်တာ။ အထိနာပြီတော့ ပြန်ဆုတ်ပြေးတာ ပိန်းအင်းဘက်ထိကို ဒီဘက်ကနေ လိုက်ဆော်ကြတာ၊ မျက်မြင် တွေ့ရတဲ့ ရုပ်အလောင်းတောင် ၅၀ ကျော် ရှိတယ် လို့ သိရတယ်။ လက်နက်ချသူ ၂၀ ကျော် ရှိတဲ့အထဲမှာ ဗျူဟာမှူး ပါတယ်လို့တော့ ကနဦး သိထားရတယ်၊ အသေးစိတ်အခြေအနေကို စစ်ဒေသအဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်” ဟု ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/27/417270.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤42👍22😁3👎1
အင်းတော်မှာ စစ်တပ်စစ်ကြောင်းပျက်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းပျက်ပြီး ပိတ်မိနေကြတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်းတော်မြို့ကနေ ထီးချိုင့်ဘက်ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်းတော်မြို့နယ်၊ ပိန်းအင်းနဲ့ လယ်ပြင်ကျေးရွာအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို ခံခဲ့ရတာပါ။

https://youtu.be/j85-Bn8wucQ

#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #အင်းတော် #တိုက်ပွဲ #စစ်ကြောင်း #PDF #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍52❤22😁2