The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
နယ်စပ်ကို စစ်တပ်ဗုံးကြဲ၍ ထိုင်းဘက်ခြမ်း ကျန်းမာရေးဌာန၊ အဆောက်အဦတို့ ပျက်စီး

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ သော်လဲထစခန်းကို စစ်တပ်ကလေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုပြင်းအားကြောင့် သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆာလပ့်ရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆောက်အဦတချို့ပျက်စီးသွားခဲ့ကြောင်း The Reporters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းဘက်ခြမ်း မယ်ဆာလပ့်ကျေးရွာ၏မျက်နှာချင်းဆိုင်ရှိ သော်လဲထ စခန်းအား အောက်တိုဘာ ၃၁ ရက် ည ၇ နာရီခန့်တွင် လေယာဉ်ဖြင့်ဗုံးကြဲခဲ့ရာ ထိုင်းဘက်သို့ပါ ထိမှန်မှုရှိသဖြင့် ည ၉ နာရီတွင် သော့မဲ (Sob Moei) မြို့နယ် အမှတ် ၇ ပြည်သူ့စစ်စခန်းအဖွဲ့ဝင်များ၊ အမှတ် ၃၆၀၈ တပ်မဟာစခန်း (မယ်ဆာလပ့်) နှင့် မယ်ဆာလပ့်ရွာ အုပ်ချုပ်ရေးအဖွဲ့ (SAO) တို့က ပျက်စီးမှုများကို သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မယ်ဆာလပ့် ကျေးလက်ကျန်းမာရေးဌာန၏ ပြတင်းပေါက်မှန် ၄ ချပ်၊ တံခါးမှန် ၄ ချပ်နှင့် မျက်နှာကျက်များ ထိမှန် ပျက်စီးခဲ့သလို မယ်ဆာလပ့်ရွာအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ အဆောက်အဦတွင် တံခါးမှန်၂ ချပ် ပျက်စီးခဲ့ပြီး၊ မယ်ဆာလပ့် ခရစ်ယာန်ဘုရားကျောင်း ပြတင်းပေါက်မှန် ၁ ချပ်နှင့် မျက်နှာကျက်များ ပြုတ်ကျ ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မယ်ဆာလပ့်ရွာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဖုန်းဖိဖတ် မီဘင်ဂျာမတ် က မယ်ဆာလပ့် ကျောင်းအပါအဝင် ထိခိုက်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို ဆက်လက် ကွင်းဆင်းစစ်ဆေးလျက် ရှိသည်။

အောက်တိုဘာ ၃၁ ရက် ည ၇ နာရီခန့်က မယ်ဆာလပ့်ရွာမျက်နှာချင်းဆိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅၊ မူတြော်ခရိုင်ထိန်းချုပ်ရာ သော်လဲထဂိတ်အနီးသို့ ဂျက်ဖိုက်တာဖြင့် အင်အားပြင်း ဗုံး၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် သံလွင် မြစ်ကမ်းဘေး ရောက်ရှိနေသည့် ထိုင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ အရေးပေါ် ပြေးလွှား ပုန်းခိုခဲ့ရကြောင်း ဆိုထားသည်။

ဓာတ်ပုံ- The Reporters
#WhatsHappeningInMyanmar
#RejectMilitaryCoup
😁43❤13👍11🤔2😱1
❤28👍12😁1
ရေစကြို ပျူစောထီးခေါင်းဆောင်နှင့်နောက်လိုက် ပစ်သတ်ခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်က စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင်နှင့် နောက်လိုက်တဦးကို တိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ထုတ်ပြန်သည်။

ဇီးတောရွာစခန်းမှ ပျူစောထီး ခေါင်းဆောင် ဝင်းမြင့်အောင်နှင့် နောက်လိုက် မင်းအောင်တို့သည် ဒေသခံ ပြည်သူများကို ဒုက္ခပေးနေသဖြင့် ၎င်းတို့စခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် တိုက်ခိုက်ခဲ့ကြောင်း၊၂ ဦးလုံး သေဆုံးကာ G-3 တလက်၊ ပစ္စတို တလက်နှင့် ကာဘိုင် တလက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်အတူ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းဆိုထားသည်။

ဓာတ်ပုံ- ရေစကြိုပ .က.ဖ

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤43👍17😁2
👍19😁11❤2
ထိုင်းအရှေ့မြောက်ပိုင်းက ထူးဆန်းတဲ့ကျောက်ဆောင်တွေနဲ့ နဂါးဒဏ္ဍာရီဆီ

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူအန်ခန် (Bueng Kan) ခရိုင်ထဲက သစ်တောအုပ်ကြီးထဲမှာ ဝေလငါးကြီး ၃ ကောင်နဲ့ တူတဲ့ ကျောက်ဆောင်ကြီးတွေ ရှိပါတယ်။ အဲဒီကျောက်ဆောင်တွေကို "ဟင်းဆမ်ဝမ်" (ကျောက်ဝေလငါး သုံးကောင်) လို့ ခေါ်ကြပြီး နှစ်သန်းပေါင်းများစွာ သဘာဝတရားက တိုက်စားရာကနေ ဖြစ်ပေါ်လာတာပါ။ အပေါ်ကနေ စီးကြည့်လိုက်ရင် မဲခေါင်မြစ်နဲ့ လာအိုနိုင်ငံဘက်ကို ဦးတည်နေတဲ့ ကျောက်ဆောင်ကြီးတွေရဲ့ ရှုခင်းက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းပါတယ်။

ဘူအန်ခန်ဆိုတာ ထိုင်းရဲ့ ၇၇ ခုမြောက် ခရိုင်သစ်ဖြစ်ပြီးတော့ ခရီးသွား သိပ်မများသေးပါဘူး။ အဲဒီကနေမှ မဲခေါင်မြစ်အတိုင်း နခွန်ဖနုမ် (Nakhon Phanom) ခရိုင်ဘက် သွားတဲ့လမ်းတလျှောက်မှာဆိုရင် ထူးဆန်းတဲ့ သဘာဝကျောက်ဆောင်တွေ၊ ကြည်ညိုစရာကောင်းတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နဂါးဒဏ္ဍာရီတွေ ပြည့်နှက်လို့နေပါတယ်။

၁။ ဖူထောက်ကျောင်းတော် (Wat Phu Tok)

ကျောက်ဝေလငါးတွေဆီကနေ မိနစ် ၃၀ လောက် ကားမောင်းရင် ရောက်ပါတယ်။ မြင့်မားမတ်စောက်တဲ့ ကျောက်တောင်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာ သစ်သားစင်္ကြံလမ်းတွေကို အဆင့်ဆင့် တပ်ဆင်ထားတာပါ။ အရင်တုန်းကတော့ ဆရာတော်တွေ တရားအားထုတ်ဖို့ လုပ်ခဲ့တာဖြစ်ပေမဲ့ အခုတော့ စွန့်စားရတာ ကြိုက်သူတွေနဲ့ ရှုခင်းလှလှ ကြည့်ချင်သူတွေကြားမှာ လူကြိုက်များတဲ့ နေရာတခု ဖြစ်နေပါပြီ။

၂။ အာဟုန်း ရေဝဲနဲ့ အာဟုန်းဆီလာဝတ် ကျောင်းတော် (Kaeng Ahong & Wat Ahong Silawat)

ဒါကတော့ မဲခေါင်မြစ်ရဲ့ အနက်ဆုံးနေရာ (မဲခေါင်မြစ်ရဲ့ ဗဟိုချက်) လို့ တင်စားကြတဲ့ ရေဝဲကြီးတွေ ရှိတဲ့နေရာပါ။ ဒေသခံတွေကတော့ အဲဒီရေနက်ပိုင်းမှာ နဂါးတွေ ပုန်းအောင်းနေထိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။

၃။ နဂါးဂူ နဲ့ နာကီဂူ (Naka Cave & Nakee Cave)

ဖူလန်းကာ အမျိုးသားဥယျာဉ်ထဲမှာ ရှိပါတယ်။ ဂူထဲက ကျောက်ဆောင် မျက်နှာပြင်တွေမှာ နဂါးရဲ့ အကြေးခွံတွေ၊ ခန္ဓာကိုယ်ပုံစံတွေနဲ့ တထပ်တည်းတူအောင် သဘာဝအတိုင်း အက်ကြောင်းတွေ ဖြစ်နေတာပါ။ "နဂါးတကောင် ကျောက်ဖြစ်သွားတာ" ဆိုတဲ့ ဒဏ္ဍာရီရယ်၊ ထူးထူးဆန်းဆန်း ကျောက်ဆောင်တွေရယ်ကြောင့် ခရီးသွားတွေကို အတော်လေး ဆွဲဆောင်နေတဲ့ နေရာဖြစ်ပါတယ်။

၄။ နခွန်ဖနုမ် မြို့ (Nakhon Phanom)

ဒီခရီးစဉ်ရဲ့ အဆုံးသတ်နေရာဖြစ်ပြီး မဲခေါင်မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ အေးချမ်းတဲ့ တောင်တန်းရှုခင်းတွေနဲ့အတူ မြစ်ကမ်းဘေးမှာ ခေါင်း ၇ လုံးပါတဲ့ နဂါးရုပ်တုကြီး (Phaya Sri Sattanakharat) ရှိတာမို့ ဒေသခံတွေနဲ့ ခရီးသွားတွေ လာရောက်ဆုတောင်း အပန်းဖြေကြတဲ့ သာယာတဲ့ မြို့လေးတမြို့ ဖြစ်ပါတယ်။

ကိုးကား။ ။ ThaiPBS သတင်း Between Stone and Spirit
👍27❤8😁5
👍27😁7❤4🤔4👎3
CI ကိစ္စ မြန်မာလုပ်သားတို့ UN ရုံးရှေ့ ဆန္ဒထုတ်ဖော်စဉ် ထိုင်းမျိုးချစ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၆

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အာဏာသိမ်းအစိုးရ၏ သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ကန့်ကွက်ပြီး ထိုင်းအစိုးရ တိုက်ရိုက်ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (ပန်းရောင်ကတ်) ဖြင့်သာ အစားထိုး ထုတ်ပေးရန်နှင့် အခွန်ငွေများကို ထိုင်းအစိုးရထံ တိုက်ရိုက်ပေးဆောင်လိုကြောင်း ယနေ့တွင် ဘန်ကောက်မြို့ရှိ UN ရုံးရှေ့၌ စုဝေး၍ ကြေညာချက်ထုတ်ပြန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုစဉ် ထိုင်းမျိုးချစ်အဖွဲ့ရောက်လာပြီး မြန်မာလုပ်သားများအား အကြမ်းဖက် ဝင်ရောက် ရိုက်နှက်ခဲ့ကြရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သဖြင့် ထိုင်းရဲများက လူစုခွဲခဲ့ရကြောင်း သိရသည်။

မြန်မာလုပ်သားများ တောင်းဆိုတွင် ထိုင်းအစိုးရအနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို အခြေခံသည့် မူဝါဒများ ကျင့်သုံးကာ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအတွက် ပြင်ဆင်ထားသင့်ကြောင်း၊ ထိုင်းနှင့် မြန်မာပြည်သူများကြား တန်းတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုပေါ်တွင် အခြေခံသည့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက အုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်များထံမှ အာဏာရှင်ကွန်ရက်များက အကျိုးအမြတ် ထုတ်ယူနေခြင်းကို ခွင့်ပြုထားခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြပြီး၊ ယင်းလုပ်ရပ်သည် ပြည်သူများကို ထိခိုက်စေကာ ထိုင်းအစိုးရအနေဖြင့် လုပ်သားများထံမှ ခေါင်းပုံဖြတ် အကျိုးအမြတ်ယူနေမှုကို အားပေးကူညီရာ ရောက်နေသလားဟု အကဲဖြတ်စရာ ဖြစ်နေကြောင်း ထောက်ပြခဲ့ကြသည်။

ထိုင်းအစိုးရထံ တောင်းဆိုသည့် အဓိကအချက်များမှာ CI စခန်းများ၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရန် သို့မဟုတ် ဖျက်သိမ်းပေးရန်နှင့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးသည့် ကိုယ်ရေးမှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ကဲ့သို့ ထိုင်းအစိုးရမှ တိုက်ရိုက်ထုတ်ပေးသည့် အထောက် အထားတခုတည်းကိုသာ ပဓာနအဖြစ် ပြောင်းလဲအသုံးပြုပေးရန် ဖြစ်သည်။

ယင်းသို့ပြုလုပ်ခြင်းဖြင့် အဆင့်ဆင့်လုပ်ဆောင်ရမှုများကို လျှော့ချနိုင်မည်ဖြစ်သလို မတော်မတရား အကျိုးအမြတ် ထုတ်ယူမှု မလိုလားအပ်သည့် လမ်းကြောင်းများကို ပိတ်ပင်နိုင်ပြီး လုပ်သားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

မြန်မာလုပ်သားများက ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ရိုးသားစွာ အလုပ် လုပ်ကိုင်လိုပြီး ထိုင်းအစိုးရထံ မှန်ကန်စွာ အခွန်ပေးဆောင်လိုကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ကြသည်။

ထို့ပြင် စာရွက်စာတမ်းပြုလုပ်ခနှင့် အခြားသော အခကြေးငွေများမှ ရရှိသည့် ငွေကြေးများကို မြန်မာအာဏာသိမ်းအစိုးရက ပြည်သူများကို နှိမ်နင်းမည့် လက်နက်များ ဝယ်ယူရန် အသုံးပြုသွားမည်ကို စိုးရိမ်နေကြသဖြင့် လုပ်သားများ၏ငွေကြေးများ အကြမ်းဖက်မှုတွင် အသုံးပြုခြင်း မရှိစေရန် ငွေကြေး စီးဆင်းမှုလမ်းကြောင်းများကို စစ်ဆေးပေးရန် ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍36❤8😁7👎4🤔3
တရုတ် AI ကုမ္ပဏီတွေ ဖြစ်တဲ့ DeepSeek နဲ့ Moonshot တို့ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် AI models တွေကို လေ့ကျင့် ပေးဖို့ OpenAI ကို သုံးခဲ့…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/01/417370.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁29👍11❤6👎2
😁20👎5❤1😭1
ဒီမိုကရက်တို့ ကွန်ဂရက်ကို ထိန်းချုပ်လာပါက မူဝါဒများအား အမိန့်အာဏာဖြင့် ထရမ့် ဆက်လက်အကောင်အထည်ဖော်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆။

သက်တမ်းလယ် ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်တွင် အနိုင်ရရှိသွားပါကလည်း မိမိ၏ မူဝါဒများကို သမ္မတ၏ အုပ်ချုပ်ရေးအာဏာ (Executive Orders) သုံး၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော်က လပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကွန်ဂရက်ကို ဒီမိုကရက်များ ထိန်းချုပ်လိုက်ပါက ထရမ့်၏ ဥပဒေကြမ်းများနှင့် အစိုးရအသုံးစရိတ်များကို ပိတ်ပင်နိုင်သလို အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာနိုင်သော်လည်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများတွင် သမ္မတ၏ ကျယ်ပြန့်သော အုပ်ချုပ်ရေးအာဏာကို ထရမ့်အနေဖြင့် ဆက်လက်သုံးစွဲနိုင်မည် ဖြစ်သည်။

ကွန်ဂရက်အတည်ပြုချက်မလိုဘဲ ဆောင်ရွက်နိုင်မည့် လူဝင်မှုကြီးကြပ်ရေး၊ ပို့ကုန်သွင်းကုန် အခွန်များ၊ အိမ်ရာစရိတ် လျှော့ချရေးနှင့် ဘဏ္ဍာရေး အသုံးစရိတ် ဆိုင်ရာ ကိစ္စရပ်များကို အိမ်ဖြူတော် အကြီးတန်းအရာရှိများနှင့် ဥပဒေအကြံပေးအဖွဲ့များက ဧပြီလကတည်းက လေ့လာဆန်းစစ်ပြင်ဆင်နေကြသည်။

ဒီမိုကရက်များနှင့် ညှိနှိုင်းမှုများ မလုပ်မီ တင်လာမည့် ဥပဒေကြမ်းများကို "ဗီတိုအာဏာ" သုံး၍ ပယ်ချသွားဖွယ်ရှိကြောင်း ထရမ့်က ပြောကြားထားပြီး အုပ်ချုပ်ရေးအမိန့်များဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ရခြင်းတွင်လည်း လုံးဝ "အားရကျေနပ်မှုရှိသည်" ဟု အိမ်ဖြူတော်နှင့် နီးစပ်သူတဦးက ဆိုသည်။

ဒီမိုကရက်များ အနိုင်ရပါက ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေး၊ ဆင့်ခေါ်စာထုတ်နိုင်သဖြင့် အိမ်ဖြူတော် ရှေ့နေများသည် အရာရှိများအား သက်သေခံချက်များနှင့် စာရွက်စာတမ်း တောင်းဆိုမှုများကို မည်သို့ကိုင်တွယ်ရမည်ကို ကြိုတင်လမ်းညွှန်သင်တန်းများ ပေးထားသည်။

ရွေးကောက်ပွဲရလဒ်ကြောင့် လွှတ်တော်တွင် အခက်အခဲများရှိလာနိုင်သော်လည်း သမ္မတ ထရမ့်သည် အုပ်ချုပ်ရေးအာဏာနှင့် ဗီတိုအာဏာများကို အသုံးပြု၍ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရန် အပြည့်အဝ ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတပုဒ်က ဆိုသည်။

ကိုးကား။ ။ Reuters သတင်း Trump White House maps path to govern without Congress if Democrats win

ပုံစာ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ကျင်းပသော ဟယ်လိုဝင်းပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မီလာနီယာထရမ့်တို့ ကလေးများထံ မုန့်များ ဝေငှပေးနေစဉ်/ AFP
👎30😁9❤3🤔1😭1
👎13😁4❤3👍2