The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
CI ဖျက်သိမ်းရေး UN ရုံးရှေ့ ဆန္ဒပြစဉ် တိုက်ခိုက်ခံရမှု ရဲစခန်း၌ တိုင်ကြား

သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့ ဆန္ဒထုတ်ဖော်နေစဉ် Bright Future အဖွဲ့ ခေါင်းဆောင် ဆူရတ်ဂ်ျ ဂီရိ (Suraj Giri) အား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သည့် ထိုင်းအမျိုးသားရေးအဖွဲ့ဆိုသူများကို အကြမ်းဖက်မှုဖြင့် အရေးယူပေးရန် Nang Loeng နယ်မြေရဲစခန်း၌ ယမန်နေ့က တိုင်ကြားခဲ့ကြောင်း သိရသည်။

ရဲစခန်းသို့ တိုင်ကြားစာ ပေးပို့ပြီးနောက် ဆူရတ်ဂ်ျ ဂီရိနှင့်အတူ အခြား ၃ ဦးက ၎င်းတို့အား တိုက်ခိုက်ခဲ့သူများကို ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုဖြင့် ရာဇဝတ် ဥပဒေအရ အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းတာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ကြောင်း ထိုင်းသတင်းများ တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် Bright Future အဖွဲ့ ဦးဆောင်မှုဖြင့် ထိုင်းရောက် မြန်မာလုပ်သားများသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ထုတ်ပေးမှု ဖျက်သိမ်းပေးရေး၊ ပန်းရောင်ကတ်တမျိုးတည်းဖြင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပေးရေး၊ စစ်တပ်ထံ အခွန် မဆောင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး စသည့် အချက်များဖြင့် ကုလသမဂ္ဂ ရုံးရှေ့ ခွင့်ပြုချက် ရယူကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/03/417403.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤41👍23😁7
ရာထူးရပြီးချိန်မှာ အာဏာတည်ဆောက်မှု ချက်ချင်းလုပ်ဖို့ စိန်ခေါ်ချက်ကြီးပါတယ်။ အခန့်မသင့်ရင် ရှိရင်းစွဲနေရာကို လက်လွတ်ရတာမျိုး ဖြစ်နိုင်ပါတယ်။ အရင်လူထားခဲ့တဲ့ အာဏာဖွဲ့စည်းပုံ (power structure) ကို စနစ်တကျ ဖယ်ရှားနိုင်ဖို့ အချိန်ယူရတာမျိုးပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတုန်းကလည်း ဗိုလ်ချုပ်ကြီး နေဝင်းထားခဲ့တဲ့ အာဏာဖွဲ့စည်းပုံကို အချိန် ခုနစ်နှစ်နီးပါး ယူပြီးမှ ဖယ်ရှားခဲ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုလည်း ငါးနှစ်ကျော် ဆယ်နှစ်နီးပါး အချိန်ယူ ဖယ်ရှားခဲ့ရပါတယ်။ အရင်အာဏာဖွဲ့စည်းပုံကို ပထမအဆင့် ဖယ်ရှားရပြီး အပတ်စဉ် မတိမ်းမယိမ်း၊ အာဏာလက်စောင်းထက်ပြီး ကိုယ့်အာဏာကို စိန်ခေါ်နိုင်စွမ်း ရှိသူတွေကို ထပ်မံဖယ်ထုတ်ပြီးမှ အာဏာတည်ဆောက်ကြတာမျိုးလို့ ရှေ့ဖြစ်စဉ် နှစ်ခုကို လေ့လာရင်း တွေ့ရှိရပါတယ်။

အခုအချိန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အာဏာ စပြီး စုစည်းတာမျိုး ရှိနိုင်ပေမဲ့ အခု သတင်းထွက်လာသလို ရှိရင်းစွဲ ဖွဲ့စည်းပုံက လူတဒါဇင်နီးပါးကို ပြောင်းပြီး တည်ဆောက်တာမျိုး လုပ်ဖို့ စောသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။ လက်ရှိ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးမှာရှိတဲ့ ဗိုလ်ချုပ်တွေကလည်း ဦးမင်းအောင်လှိုင် နေရာချထားခဲ့တဲ့ သစ္စာခံတွေ ဖြစ်နေပါသေးတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/03/417409.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍22😁14❤3🤔1
😁36
မြန်မာစစ်သံမှူးကို နယ်စပ်တိုက်ပွဲအရေး ထိုင်းစစ်ဦးစီးချုပ် ခေါ်ယူ သတိပေး

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက်မှုနှင့် ပတ်သက်၍ ထိုင်းဘုရင့်တပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန် (Gen. Ukrit Boontanon)က မြန်မာစစ်သံမှူးကို ယမန်နေ့၌ ခေါ်ယူတွေ့ဆုံ သတိပေးခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး စစ်ဘက်ခေါင်းဆောင်တဦးဖြစ်သလို နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (Border Security Integration Centre) ၏ ညွှန်ကြားရေးမှူးအဖြစ် ပူးတွဲတာဝန်ယူထားသော ထိုင်းစစ်သေနာပတိချုပ်က မြန်မာစစ်ဘက်ခေါင်းဆောင်များထံ တိုက်ရိုက်ဖုန်းဆက်သွယ်ခဲ့သည့်အပြင် ဘန်ကောက်ရှိ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို လူကိုယ်တိုင် ဖိတ်ခေါ်တွေ့ဆုံကာ စိုးရိမ်ပူပန်မှုများကို တရားဝင် သတိပေးပြောကြားခဲ့သည်ဟု The Nation သတင်းက ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံမှုအပေါ် ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်က ယနေ့နံနက် သတင်းထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်၌ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန်သည် ဘန်ကောက်မြို့အခြေစိုက် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းအား စစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်အခြေအနေများနှင့် ပတ်သက်၍ မြန်မာဘက်ခြမ်း၌ ပြုလုပ်သော မည်သည့် စစ်ရေးလှုပ်ရှားဆောင်ရွက်မှုကိုမဆို ထိုင်းပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို သတိပြု၍ ဂရုတစိုက် ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ကလည်း ထိုင်း-မြန်မာ နယ်စပ်တလျောက် နေ့စဉ်နီးပါး ပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ထိုင်းပိုင်နက်နှင့် ထိုင်းပြည်သူများကို မထိခိုက်စေရန် စစ်ဘက်နှင့် သံတမန်ရေးရာ လမ်းကြောင်းနှစ်ခုစလုံးမှတဆင့် ပြတ်ပြတ်သားသား သတိပေးထားပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁47❤10
Media is too big
VIEW IN TELEGRAM
MNDAA ထိန်းချုပ်ဒေသမှာ တရုတ်စာနဲ့ မီတာခကောက်လို့ ဒေသခံတွေ အခက်ကြုံ

ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အုပ်ချုပ်ရာ မြို့နယ်တွေမှာ လျှပ်စစ်မီတာခကောက်ခံတဲ့ ပြေစာနဲ့ စမတ်ကတ်တွေကို တရုတ်စာနဲ့သာ အသုံးပြုနေတာကြောင့် ဒေသခံတွေ နားလည်ဖို့ အခက်အခဲဖြစ်နေပြီး မြန်မာစာ ထည့်သွင်းရေးသားပေးဖို့ တောင်းဆိုနေကြပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ မီတာခ ပြေစာကို တရုတ်စာနဲ့သာ ရေးသားထားတာ ကြောင့် မီတာခဆောင်ဖို့အတွက် ကောင်တာက ဝန်ထမ်းတွေကို မေးမြန်းလုပ်ဆောင်နေရတယ်လို့ ကွတ်ခိုင်မြို့ခံက ဧရာဝတီကိုပြောပါတယ်။ အလားတူပဲ သိန္နီမြို့မှာလည်း မီတာခကောက်ယူရာမှာ တရုတ်စာ ပါဝင်တဲ့ ပြေစာ၊ ကတ်တွေနဲ့သာ ကောက်ခံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

#မြန်မာ #ဧရာဝတီ #မီတာခ #ပြေစာ #စမတ်ကတ် #တရုတ်ဘာသာ #ကွတ်ခိုင်မြို့ #သိန္နီမြို့ #MNDAA #WhatsHappeningInMyanmar
😁31👎16❤2
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နောင်ခမ်ခရိုင်မှာ မြန်မာဈေးကွက်အတွင်း လူသုံးများတဲ့ နာမည်ကြီးအမှတ် တံဆိပ် တွေကို တုပထုတ်လုပ်ထားတဲ့ အားဖြည့်အစားအစာ၊ ဆေးဝါး၊ အလှကုန်နဲ့ ရေမွှေးတွေ သိုလှောင်ဖြန့်ချိနေတဲ့ တရုတ်နိုင်ငံသား ဦးစီးတဲ့ ဂိုဒေါင်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ အွန်လိုင်းပလက်ဖောင်းတခုမှာ အားဖြည့်အစားအစာနဲ့ အလှကုန်တွေကို ပုံမှန် ဈေးကွက်ပေါက်ဈေးထက် သိသိသာသာ ဈေးလျှော့ရောင်းချနေတဲ့ အွန်လိုင်းဆိုင်တခုကို တွေ့ရှိခဲ့ရာကနေ ဒီလုပ်ငန်းကို စတင်ခြေရာခံနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဘတ်ငွေ ၅ သန်း တန်ဖိုးရှိ အတုအပ ပစ္စည်းပေါင်း နှစ်သောင်းခြောက်ထောင်‌ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဈေးကွက်မှာ လူသုံးများနေတဲ့ Whey Protein၊ Hopeful Beta Oil၊ Blackmores နဲ့ Swisse တို့လို အားဖြည့် အစား အစာတွေနဲ့ ဖြည့်စွက်စာ ဆေးဝါးတွေအပြင် Gucci၊ Lancôme၊ La Me နဲ့ Dior တို့လို နာမည်ကြီး အမှတ်တံဆိပ်တွေကို အသုံးပြုထားတဲ့ အလှကုန်နဲ့ ရေမွှေးအတုတွေ ပါဝင်ပါတယ်။
😁24😱15👍6❤5👎1
😁39👍2
ထိုင်း၌ ပျောက်သွားသည့် တရုတ်နိုင်ငံသားများကိစ္စ တရက် ၁၀ ကြိမ်ထက်မနည်း သံရုံးသို့ ဖုန်းခေါ်မှု ရှိ

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေသူ သို့မဟုတ် ပိတ်မိနေသူ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ မိသားစုဝင်များမှ အချက်အလက်များ စုံစမ်းမေး မြန်းသည့် ဖုန်းခေါ်ဆိုမှုများ တရက်လျှင် ၁၀ ကြိမ်ထက်မနည်း လက်ခံရရှိနေကြောင်း ဘန်ကောက်အခြေစိုက် တရုတ် သံအမတ်ကြီး ကျန်းကျန့်ဝေ (Zhang Jianwei) က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တရုတ်အစိုးရဘက်ကလည်း စိုးရိမ်မှုမြင့်တက်နေသည်ဟု Asian Speech’s Post သတင်းတွင် ဖော်ပြသည်။

အောက်တိုဘာ ၁၆ ရက်တွင် တရုတ်သံရုံးက ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်မည့် တရုတ်နိုင်ငံသားများ အထူး သတိပြုကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ခရီးသွားသည့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစဉ် ယင်းကိန်းဂဏန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု Asian Speech’s Post သတင်းတွင် ဆိုထားသည်။

သံအမတ်ကြီး ကျန်းကျန့်ဝေက အဆိုပါ သတိပေးချက်နှင့် ပတ်သက်၍ ပြောကြားရာတွင် ယင်းသည် ကြိုတင် ကာကွယ်မှု အစီအစဉ်တရပ်အနေဖြင့်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ ပိတ်မိနေသူ သို့မဟုတ် အခက်အခဲ ကြုံတွေ့နေရသူ တရုတ်နိုင်ငံသားများကို ကူညီ ဆောင်ရွက်ပေးခဲ့သည့် ထိုင်း အာဏာပိုင်များကိုလည်း ချီးကျူး ပြောကြားခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ပုံမှန်မဟုတ်ဘဲ မြင့်မားသော လစာငွေများဖြင့် မက်လုံးပေးထားသည့် သံသယဖြစ်ဖွယ် အလုပ်အကိုင် ကမ်းလှမ်းချက်များ၊ ဖျော်ဖြေရေး သို့မဟုတ် စီးပွားရေး လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်ရန် ဖိတ်ခေါ်မှုများနှင့် ထိုင်း- မြန်မာ နယ်စပ် ဝေးလံခေါင်ဖျား ဒေသများသို့ ခေါ်ဆောင်သွားမည့် ခရီးစဉ် သယ်ယူပို့ဆောင်ရေး အစီအမံများကို အထူး သတိပြုကြရန် တရုတ်နိုင်ငံသားများကို တရုတ်သံရုံးက သတိပေးထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသားတချို့ ပျောက်ဆုံးခြင်း သို့မဟုတ် ထိခိုက် နစ်နာမှုများ ကြုံတွေ့နေရသည့် သတင်းပေးပို့ချက် အများအပြား ထွက်ပေါ်လာပြီးနောက် သံရုံး၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံရှိ မိသားစုများကြား စိုးရိမ် ပူပန်မှုများ မြင့်တက်စေခဲ့သည်ဟု Asian Speech’s Post က ဖော်ပြထားသည်။

ဓာတ်ပုံ- Asian Speech
😁38👍3
👍22😁3😭1
အာဏာသိမ်းသမ္မတနှင့် ဆက်ဆံရာမှာ လက်တွေ့နိုင်ငံရေး မကင်းကွာဖို့ အာဆီယံကို အိတ်ဖွင့်စာ ပို့

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ထိတွေ့ ဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် မျှော်မှန်းချက်များကို ထင်ဟပ်သည့် လက်တွေ့နိုင်ငံရေးရလဒ်များ မကင်းကွာသွားစေရန် လိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် တော်လှန်ရေးအင်အားစု ၁၇ ဖွဲ့က အာဆီယံခေါင်းဆောင်များထံ ယနေ့ အိတ်ဖွင့်စာပေး၍ တိုက်တွန်းလိုက်သည်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်;ရာတွင် ထိတွေ့ဆက်ဆံမှုက ရည်မှန်းချက်တခု မဖြစ်သင့်သကဲ့သို့ တိုင်းတာနိုင်သည့် တိုးတက်မှုများ မရရှိဘဲ နိုင်ငံရေးတရားဝင်မှုကို ပေးအပ်သကဲ့သို့ မဖြစ်သင့်ကြောင်း၊ စစ်အုပ်စုနှင့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှုရှိ၊ မရှိအပေါ် အခြေခံ၍ အကဲဖြတ်သင့်သည်ဟု ထောက်ပြထားသည်။

ထို့ပြင် စစ်ရာဇဝတ်မှု ဖြစ်နိုင်သည့် ပြင်းထန်သောချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံနေရသူများနှင့် ထိတွေ့ဆက်ဆံရာ၌ တာဝန်ခံမှုရှိစေရေးကို အားနည်းစေခြင်း သို့မဟုတ် အပြစ်ပေး အရေးယူမှုမှ ကင်းလွတ်ခွင့်ရသကဲ့သို့ အဓိပ္ပာယ်သက်ရောက်စေခြင်း မရှိစေရန် နှင့် ထို အထင်အမြင်မျိုး ဖြစ်ပေါ်လာပါက အာဆီယံ၏ ယုံကြည်စိတ်ချရမှု၊ အဖွဲ့အစည်း ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟုလည်း သတိပေးထားသည်။

ထို့ကြောင့် အာဆီယံခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ထိတွေ့ဆက်ဆံမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ ပါ ရည်မှန်းချက်များနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ အကောင်အထည်ဖော်ရေးတို့နှင့် ကိုက်ညီစေရေး တွန်းအားပေးရန် နှင့်ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတို့၌ ဖြည့်ဆည်းပေးရန်သာ ဖြစ်သဖြင့် ယင်းရည်မှန်းချက်များကို မထိခိုက်စေရန် အလေးထားသင့်သည်ဟု တိုက်တွန်းထားသည်။

အိတ်ဖွင့်စာပေးပို့ရာတွင် ပါဝင်သည့်အဖွဲ့များမှာ NLD၊ ကယားပြည်နယ်လွှတ်တော် ၃ ရပ် ကိုယ်စားပြု ကော်မတီ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရ၊ စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ တနင်္သာရီတိုင်း လွှတ်တော်၊ ပဲခူး ဖက်ဒရယ် ယူနစ် လွှတ်တော် ၊မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ မန္တလေးဒေသလွှတ်တော်၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော်တို့ ဖြစ်သည်။

ပုံစာ-မင်းအောင်လှိုင်၏ အာဆီယံနိုင်ငံများ ခရီးစဉ်အတွင်း ပုံရိပ်များ

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤30👍22😁6😭1
😁24👎7❤2
ဒုဗိုလ်ချုပ်ကြီး ရာပြည့် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီးနောက် မိုင်းလားအဖွဲ့နှင့် သွားတွေ့

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

မြန်မာနိုင်ငံအပေါ် တရုတ် ဩဇာလွှမ်းမိုးမှု လျှော့ချနိုင်သော အမေရိကန်နှင့် ထိတွေ့ ဆက်ဆံမှုများအပြီး တရုတ်နိုင်ငံက ကန့်သတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည် ဖြေလျှော့ပေးလိုက်သဖြင့် မြောက်ပိုင်း မဟာမိတ်တပ်များအတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေး ချက်ချင်း တုံ့ပြန်ဆောင်ရွက်လာသည့် ကာလအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် မိုင်းလားအဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းကို သွားရောက်တွေ့ဆုံခဲ့ကြောင်း အာဏာသိမ်းအစိုးရ၏ ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်- မြန်မာ နယ်စပ် မိုင်းလားမြို့တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့် ယမန်နေ့ခရီးစဉ်သည် ဒုဗိုလ်ချုပ်ကြီး ရာပြည့်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး၊ စစ်တပ်အနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် မိုင်းလားအဖွဲ့ကို စစ်ရေးအရ တင်းမာမှု မရှိစေရန်နှင့် စည်းရုံးသိမ်းသွင်းနိုင်ရန် အထူး အလေးပေးလာသည့် သဘောဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အထူးဒေသ ၄ ၏ နိုင်ငံရေးလိုလားချက်များအပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၇ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စရပ်များကို ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဒေသနှင့် သင့်လျော်သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်း သတ်မှတ်ပေးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အထူးဒေသ ၄ မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ဒေသ ဖွံ့ဖြိုးရေးကိစ္စများကို နှစ်ဖက်အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁34❤10👎7🤔1
👍25😁3
၃ ရက်စာ အရေးပေါ် ပြင်ဆင်ထားဖို့ ထိုင်းအစိုးရ တိုက်တွန်း

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အစိုးရ၏ အကူအညီများ မရောက်ရှိမီ ၇၂ နာရီ (၃ ရက်)စာ လိုအပ်သော မရှိမဖြစ် ပစ္စည်း ၆ မျိုးပါဝင်သည့် အရေးပေါ်သုံးအိတ်(Emergency Bag)ကို အိမ်တိုင်း ပြင်ဆင်ထားကြရန် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာန (DDPM)က ယမန်နေ့က တိုက်တွန်းသည်။

DDPM ညွှန်ကြားရေးမှူးချုပ် Nirat Pongsitthaworn က ယခုလို အကြံပြုချက်သည် ပြည်သူများကို ထိတ်လန့်စေရန် မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကြိုတင်ပြင်ဆင်မှုများ အားပေးရန် ရည်ရွယ်သော နှစ်ရှည်လများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း ပြောသည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် နိုင်ငံတချို့တွင် အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်သောပစ္စည်းများကို ၃ ရက်စာ ကြိုတင်သိုလှောင်ထားရန် အကြံပြုနေကြသော်လည်း ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ အခြေအနေအတွက် သီးသန့်ပြင်ဆင်ရန် အကြံပြုခံထားခြင်းမဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

သို့သော် အရေးပေါ်အိတ်ပြင်ဆင်ထားခြင်းသည် အခြေအနေအမျိုးမျိုးအတွက် အခြေခံကြိုတင်ကာကွယ်မှုတခု ဖြစ်ကြောင်း၊ အကြံပြုထားသည့် ပစ္စည်း ၆ မျိုးမှာ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများအဖြစ် ရှေးဦးသူနာပြုစုရေးအိတ်၊ အခြေခံဆေးဝါးများ၊ ပုံမှန်သောက်ရသောဆေးဝါးနှင့် ဆေးမှတ်တမ်းများ၊ အစားအစာနှင့် သောက်ရေအဖြစ် လူတဦးလျှင် တနေ့ ရေ ၃ လီတာနှုန်း၊ အသင့်စားအစားအစာနှင့် အားဖြည့်အဆာပြေများ၊ ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအတွက် သင့်တော်သောအစားအစာများ၊ ဆက်သွယ်ရေးပစ္စည်းနှင့် အသုံးအဆောင်များအဖြစ် မိုဘိုင်းလ်ဖုန်း၊ Power Bank၊ ဓာတ်မီး၊ အပိုဘက်ထရီနှင့် အင်တာနက်မရရှိသည့်အခါ သတင်းနားထောင်နိုင်ရန် ရေဒီယို၊ အကူအညီတောင်းရန် ဝီစီ၊ ဖယောင်းတိုင်၊ မီးခြစ်၊ မှတ်စုစာအုပ်၊ ဘောပင်၊ အိတ်ဆောင်ဓား၊ ကတ်ကြေး၊ ကြိုးနှင့်တိပ်တို့ ပါဝင်သည်။

ထို့ပြင် အရေးကြီးစာရွက်စာတမ်းနှင့် ငွေသား၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်နှင့် မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းများကို ရေစိုခံအိတ်တွင် မိတ္တူနှင့်အတူ သိမ်းဆည်းထားသင့်ပြီး အပိုသော့နှင့် ငွေသားလည်း ပြင်ဆင်ထားရန် လိုသည်ဟု ဆိုသည်။

တကိုယ်ရေသန့်ရှင်းရေးပစ္စည်းများတွင် တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် အမှိုက်အိတ်၊ အဝတ်အစားနှင့် အိပ်ရာအသုံးအဆောင်များ၊ အပိုအဝတ်အစား၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်တို့ကို အရေးပေါ်ကာလအတွက် လုံလောက်အောင် ထည့်ထားသင့်ကြောင်း အကြံပြုသည်။

သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် နိုင်ငံတကာပဋိပက္ခများကဲ့သို့ အရေးပေါ်အခြေအနေများ ဖြစ်လာသည့်အခါ အန္တရာယ်ရှိသည့် နေရာများမှ ဘေးလွတ်ရာကို ရွှေ့ပြောင်းရချိန်တွင် ချက်ချင်းယူဆောင်သွားနိုင်ရန် အိမ်တိုင်း အရေးပေါ်အိတ်တလုံးစီ ပြင်ဆင်ထားသင့်ကြောင်းလည်း သိရသည်။

အိတ်ကို ပေါ့ပါးပြီး ရေစိုခံသည့် အမျိုးအစား ရွေးချယ်ရန် ၊ အလွယ်တကူ ရယူနိုင်သောနေရာတွင် ထားရန်နှင့် ပါဝင်ပစ္စည်းများသက်တမ်းကုန်ဆုံးမှုရှိမရှိ ပုံမှန်စစ်ဆေးရန်လည်း အကြံပြုထားသည်။

DDPM အနေဖြင့်လည်း သဘာဝဘေးတုံ့ပြန်ရေးယာဉ်နှင့် စက်ပစ္စည်းများ၊ အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများ ၊ ဆက်သွယ်ရေးကွန်ရက်၊ Broadcast စနစ်နှင့် အခြားနည်းလမ်းများမှတဆင့် ကြိုတင်သတိပေးမှုများ ဆောင်ရွက်နေပြီး အခြေအနေအမျိုးမျိုးအတွက် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအစီအစဉ်များကို အခြားအစိုးရဌာနများနှင့် ပူးပေါင်းကာ ပြည်သူများ၏ လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ဆိုသည်။
👍47❤18😁2