The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍29❤5😁1
သက်တမ်းလယ် ရွေးကောက်ပွဲ အမေရိကန် မဲဆန္ဒရှင်များ မဲပေး


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆။


သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်းအတွက် အရေးပါသော အမေရိကန် သက်တမ်း လယ် (midterm) ရွေးကောက်ပွဲကို ကျင်းပနေပြီး ကနဦးရလဒ်များ စတင်ထွက်ပေါ်နေသည်။ ၂၀၂၂ ခုနှစ်ထက် မဲပေးသူ ပိုမိုများပြားခဲ့ကာ ရာသီဥတုကြောင့် မဲရုံနေရာအချို့ ပြောင်းလဲရမှုနှင့် စက်ပိုင်းဆိုင်ရာ ကြန့်ကြာမှုအနည်းငယ်မှလွဲ၍ မဲပေးပွဲများ အဆင်ပြေစွာ ပြီးစီးခဲ့သည်။


အောက်လွှတ်တော်နေရာ အားလုံးနှင့် အထက်လွှတ်တော်၏ သုံးပုံတပုံ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာတို့အတွက် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။ ဒီမိုကရက်များက အောက်လွှတ်တော်တွင် ၃ နေရာနှင့် အထက်လွှတ်တော်တွင် ၄ နေရာ ပြန်လည်အနိုင်ရပါက အများစုအာဏာ ရရှိမည်ဖြစ်သည်။ အီရန်စစ်ပွဲနှင့် လောင်စာဆီဈေးမြင့်တက်မှုကြောင့် ထရမ့်၏ ထောက်ခံမှုနှုန်း ကျဆင်းနေချိန်တွင် ဒီမိုကရက်များ အောက်လွှတ်တော်ကို ပြန်လည်အနိုင်ရရန် ရေပန်းစားနေသော်လည်း အထက်လွှတ်တော် အခြေအနေမှာ မရေရာသေးပေ။


ထရမ့်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် မဲမသမာမှုနှင့် နိုင်ငံသားမဟုတ်သူများ မဲပေးမှုကို ကိုင်တွယ်ရန် စုံစမ်းစစ်ဆေးမှုများနှင့် မဲရုံစောင့်ကြည့်မှုများကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ အိုင်စီအီး (ICE) ကဲ့သို့ အေဂျင်စီများ၏ သတိပေးချက်များနှင့် မဲမသမာမှု စွပ်စွဲချက်များကြောင့် စိုးရိမ်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲနေ့တွင် ဒီမိုကရက်များ စိုးရိမ်ခဲ့သည့် ဖက်ဒရယ်အရာရှိများ၏ နှောင့်ယှက်မှု သို့မဟုတ် ကြီးမားသော ပြဿနာတစုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိပေ။


ကိုးကား။ ။ AP နှင့် Reuters သတင်းများ
👍45❤8😁3
😁36❤1👎1
အစ္စရေးသို့ ပေးနေသည့် အကူအညီများ အမေရိကန် ရပ်ဆိုင်းမည်ဟု ထရမ့် ပြော


ဧရာဝတီ၊နိုဝင်ဘာ ၄၊ ၂၀၂၆။


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်အနေဖြင့် အစ္စရေးသို့ နှစ်စဉ် ထောက်ပံ့ပေးနေသည့် ဒေါ်လာ ၄ ဘီလီယံ အကူအညီများကို ယခုနှစ်အကုန်တွင် ရပ်ဆိုင်းရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ သို့သော် လက်နက်များ ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် လွှတ်တော် ထိန်းချုပ်ခွင့် ဆုံးဖြတ်မည့် သက်တမ်းလယ် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်များ မဲရုံသို့ သွားရောက် မဲပေးနေချိန်တွင် ယခုကဲ့သို့ အံ့အားသင့်ဖွယ် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက ယခုလုပ်ဆောင်ချက်သည် အစ္စရေးသို့ စစ်ရေးအကူအညီပေးမှုနှင့် ပတ်သက်၍ လက်ဝဲယိမ်း ဒီမိုကရက်များက ရီပတ်ဘလစ်ကန်များကို တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် "ဆိုးရွားသော စွပ်စွဲချက်များ" ကို ပယ်ဖျက်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။


အစ္စရေးသို့ အမေရိကန်က နှစ်စဉ် စစ်ရေးအကူအညီ ဒေါ်လာ ၃.၈ ဘီလီယံ ပေးအပ်ရန် နားလည်မှုစာချွန်လွှာ (MOU) သည် ၂၀၂၈ ခုနှစ် စက်တင်ဘာလအထိ သက်တမ်းကျန်ရှိနေသေးသဖြင့် ယခုနှစ်အကုန်တွင် အဆိုပါ ရန်ပုံငွေကို မည်သို့ မည်ပုံ ရပ်ဆိုင်းမည်ဆိုသည့် အသေးစိတ် အချက်အလက်များနှင့် ရှင်းလင်းချက်များကို ထရမ့်က ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။


သို့သော်လည်း ဆယ်စုနှစ်များစွာကြာ ပါတီနှစ်ခုစလုံး၏ ခိုင်မာသော သဘောတူညီချက် ဖြစ်ခဲ့သည့် အစ္စရေးအကူအညီသည် မဲဆန္ဒရှင်အချို့ကြားတွင် နိုင်ငံရေးအရ ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာကြောင်း ထရမ့်က လက်ခံ သွားပုံရသည်။ အဆိုပါ ကြေညာချက်သည် ရွေးကောက်ပွဲနေ့ မဲဆွယ်စကား ပရိယာယ်တခုသာ ဖြစ်သည်ဟု ဆန်းစစ်လေ့လာသူများက သုံးသပ်ကြသည်။


၂၀၂၈ ခုနှစ် နောက်ပိုင်း ဝါရှင်တန်မှ အစ္စရေးသို့ ပေးအပ်မည့် အကူအညီများ မည်သို့ ပြောင်းလဲသွားမည်ဆိုသည့် ဆွေးနွေးမှုများမှာ စတင်နေပြီဖြစ်ပြီး နေတန်ညာဟုကလည်း အမေရိကန်၏ အကူအညီများသည် အချိန်နှင့်အမျှ လျော့နည်းသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။


သို့သော်လည်း အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို ပူးတွဲ တိုက်ခိုက်ခဲ့ပြီးနောက် ၈ လကျော်ကြာသည်အထိ စစ်ပွဲအတွင်း ရောက်ရှိနေဆေ ဖြစ်သော်လည်း အမေရိကန်-အစ္စရေး ဆက်ဆံရေးတွင် ကြီးမားသော အပြောင်းအလဲတခု ဖြစ်လာတော့မည်ဟု ထရမ့်က ခိုင်ခိုင်မာမာ ပြသလိုပုံရသည်။


ထရမ့်က Fox News ၏ "Fox & Friends" အစီအစဉ်တွင် ပြောကြားရာ၌ အစ္စရေးအနေဖြင့် အဆိုပါ ရန်ပုံငွေကို လိုအပ်ခြင်း မရှိတော့ကြောင်းနှင့် ဒီမိုကရက်အချို့နှင့် လက်ဝဲယိမ်း နိုင်ငံရေးသမားများသည် ရီပတ်ဘလစ်ကန်များကို ဝေဖန်ရန်အတွက် အစ္စရေးသို့ အမေရိကန်၏ ဘဏ္ဍာရေး ထောက်ပံ့မှုကို အသုံးပြုနေကြကြောင်း ပြောခဲ့သည်။ သဘောထားစစ်တမ်းများအရ အမေရိကန် ပြည်သူများ၏ အစ္စရေးအပေါ် ထောက်ခံမှုမှာ ဂါဇာစစ်ပွဲကြောင့် အဓိက ကျဆင်းသွားခဲ့ကြောင်း ဖော်ပြနေသည်။


"အခု အစ္စရေးကို ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်လို့ ဘီဘီနဲ့ ကျနော် သဘောတူညီချက် တခုရထားပါတယ်၊ ကျနော်တို့ အစ္စရေးကို တနှစ် ဒေါ်လာ ၄ ဘီလီယံ ပေးနေတာကို ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက သဘောတူခဲ့တာပါ။ ယခုနှစ်အကုန်မှာ အစ္စရေးကို ငွေကြေး ထောက်ပံ့တော့မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သဘောတူပြီးပါပြီ။ လိုအပ်ရင်တော့ အစ္စရေးကို ကူညီသွားပါမယ်" ဟု ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။


အမေရိကန် ရီပတ်ဘလစ်ကန်များနှင့် နီးကပ်သော မဟာမိတ်ဖွဲ့ထားသည့် နေတန်ညာဟုသည် အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည့် အများစုနေရာကို ဆုံးရှုံးခဲ့သဖြင့် အစ္စရေး၏ အနာဂတ် ခေါင်းဆောင်မှုမှာ မရေမရာ ဖြစ်နေသည်။ အဆိုပါ ရလဒ်များကြောင့် အစိုးရသစ် ဖွဲ့စည်းရေးအတွက် ရှည်လျားသော ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။


ကိုးကား။ ။ Reuters သတင်း As Americans vote, Trump says US will stop $4 billion in aid to Israel


ပုံစာ - အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု/AFP
😁38❤7👍5👎1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီမရလို့ စစ်အစိုးရ ဘတ်ဂျက်လိုငွေပြ

နိုဝင်ဘာ ၄၊ ၂၀၂၆

ဒီတပတ် China Briefing မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရုတ်က ​နေပြည်​တော် စစ်အစိုးရကို ကာကွယ်​ပေးတဲ့အ​​ကြောင်းနဲ့၊ တရုတ်အကူအညီ ​​မျှော်မှန်းထားသ​လောက် မရတာ​ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ စစ်အစိုးရ ဘတ်ဂျက်လို​ငွေပြခဲ့တဲ့ အကြောင်းအပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့သတင်းတွေကို ပြောပြထားပါတယ်။
https://youtu.be/dYlijHvrCus
#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #စစ်အစိုးရ #ဘတ်ဂျက်
👍29😁16❤3
😁47❤3😭1
ဒီမိုကရက်တွေ နိုင်ရင် "ဗီတိုအာဏာ" သုံးမည်ဟု ထရမ့် ပြော


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆။


သက်တမ်းလယ် ရွေးကောက်ပွဲ မဲရုံများ မပိတ်မီ CBS News နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတ ထရမ့်က ဒီမိုကရက်များ လွှတ်တော်အများစု ရရှိသွားပါက ၎င်းတွင် "ဗီတိုအာဏာ" (Veto) ဆိုသည့် အဆုံးစွန်သော အာဏာ ရှိနေကြောင်း ပြောကြားခဲ့သည်။ ဗီတိုအာဏာ သုံး၍ လပေါင်းများစွာ ပိတ်ပင်လိုက်ပါက ဒီမိုကရက်များဘက်က ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရယူလာရလိမ့်မည်ဟု ၎င်းက ယုံကြည်နေသည်။


ယခုနှစ်အစောပိုင်းက ထွက်ပေါ်ခဲ့သည့် Trump v. Slaughter တရားရုံးချုပ် အနိုင်ဒီဂရီကြောင့် သမ္မတအနေဖြင့် ဖက်ဒရယ် အေဂျင်စီများနှင့် ကော်မရှင်များကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်နိုင်သည့် အာဏာရရှိထားသည်ဟု ထရမ့်က ဆိုသည်။ အိမ်ဖြူတော် တာဝန်ရှိသူများသည် အခွန်၊ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများတွင် လွှတ်တော်ကို ကျော်လွန်၍ သမ္မတ၏ အမိန့် (Executive Actions) များကို ပိုမိုထုတ်ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။


လွန်ခဲ့သော တလကျော်က ရီပတ်ဘလစ်ကန်များ အရေးနိမ့်မည်ဟု ခန့်မှန်းချက်များ ရှိခဲ့သော်လည်း မိမိအနေဖြင့် ၂၉ ရက်အတွင်း လူထုစုဝေးပွဲ ၃၃ ခုအထိ ဆက်တိုက် ပြုလုပ်ပြီး မဲဆွယ်ပေးခဲ့၍ အခြေအနေများ ပြန်လည် ကောင်းမွန်လာခဲ့သည်ဟု ထရမ့်က ပြောခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အတိအကျ မခန့်မှန်းသော်လည်း အနိုင်ရရှိရန် အခွင့်အလမ်းကောင်း ရှိနေသည်ဟု ဆိုသည်။


အိမ်ဖြူတော်နှင့် ဝါရှင်တန်ဒီစီရှိ သမိုင်းဝင် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး ၂၀၂၇ ခုနှစ်တွင် အိမ်ဖြူတော် ဧည့်ခံပွဲမဟာခန်းမ (Ballroom) ကို ပြီးစီးအောင် တည်ဆောက်မည်ဖြစ်သလို ပေ ၂၅၀ မြင့်သည့် အထိမ်းအမှတ် မုခ်ဦး (Arch) ကိုပါ စတင်ဆောက်လုပ်သွားမည်ဟု ပြောခဲ့သည်။ ၂၀၂၈ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍မူ လက်ရှိတွင် ဆွေးနွေးထားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။


ကိုးကား။ ။ CBS သတင်း Trump says he is prepared to use "tremendous powers" if Democrats take control
😁43❤7👍1😭1
😁27👍9
ခရစ် ပက်ပတ်စ် အမေရိကန် အထက်လွှတ်တော်၏ ပထမဆုံး ပွင့်လင်းမြင်သာသော လိင်တူချစ်သူ အမျိုးသား အမတ် ဖြစ်လာ

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆။

နယူးဟမ်ရှိုင်းယားပြည်နယ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ် ခရစ် ပက်ပတ်စ် (Chris Pappas) သည် သမ္မတ ထရမ့် ထောက်ခံထားသည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဂျွန် ဆူးနူးနူး (John Sununu) ကို အနိုင်ရရှိခဲ့ပြီး အမေရိကန် အထက်လွှတ်တော် သမိုင်းတွင် ပထမဆုံး ပွင့်လင်းမြင်သာသော လိင်တူချစ်သူ (Gay) အမျိုးသား အမတ် ဖြစ်လာခဲ့သည်။ ၎င်းသည် LGBTQ+ အသိုင်းအဝိုင်းမှ သမိုင်းတွင် တတိယမြောက် ရွေးချယ်ခံရသည့် အထက်လွှတ်တော်အမတ်လည်း ဖြစ်သည်။

အထက်လွှတ်တော် အများစုအာဏာ ရရှိရန် ၄ နေရာ ပြန်လည်အနိုင်ရရန် လိုအပ်နေသည့် ဒီမိုကရက်များအတွက် အဆိုပါ အပြိုင်အဆိုင် ပြင်းထန်သော နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ပက်ပတ်စ်သည် အောက်လွှတ်တော်အမတ်အဖြစ် ၄ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါတီစွဲမရှိဘဲ သမာသမတ်ကျကျ ဆောင်ရွက်တတ်သူအဖြစ် ထင်ရှားသည်။ ကိုယ်ဝန်ဖျက်ချခွင့်၊ အလုပ်သမားရေးရာနှင့် LGBTQ+ အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းများကို တက်ကြွစွာ ထောက်ခံသူတဦး ဖြစ်သည်။

ပက်ပတ်စ်သည် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် စုဆောင်းနိုင်ခဲ့သည့်အပြင် ကာမလာ ဟဲရစ်နှင့်အတူ ထရမ့်ကို မထောက်ခံသည့် ရီပတ်ဘလစ်ကန် ထိပ်ပိုင်းခေါင်းဆောင်အချို့၏ ထောက်ခံမှုကိုပါ ရရှိခဲ့သည်။ ပြိုင်ဘက် ဆူးနူးနူးသည်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် ထရမ့်နှင့် ခပ်ခွာခွာနေရန် ကြိုးပမ်းခဲ့ပြီး နှစ်ဦးစလုံးသည် ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် ကုန်ဈေးနှုန်း ပြဿနာများကို အဓိကထား မဲဆွယ်ခဲ့ကြသည်။ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော်လည်း ဆူးနူးနူး ဘက်က ပက်ပတ်စ်၏ လိင်စိတ်ခံယူမှုကို တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

ကိုးကား။ ။ the19th သတင်း Chris Pappas will be the first out gay man in the U.S. Senate

ပုံစာ - အမေရိကန် အထက်လွှတ်တော်၏ ပထမဆုံး ပွင့်လင်းမြင်သာသော လိင်တူချစ်သူ အမျိုးသား အမတ် ဖြစ်လာသူ ခရစ် ပက်ပတ်စ်
👍36❤6😁4
😁36👎3👍2
😁36👍4👎4
တပ်ချုပ် ရဲဝင်းဦး လာအိုကို သွား၊ နယ်စပ်၌ လက်နက်ကိုင်များ မခိုအောင်းနိုင်ရေး ဆွေးနွေး


ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆


လာအိုနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့သို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ရောက်ရှိနေချိန်တွင် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာလည်း ယမန်နေ့က လာအိုနိုင်ငံသို့ သွားရောက်ပြီး ဒုဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေး ဝန်ကြီး General Khamlieng Outhakaysone နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း အာဏာသိမ်းအစိုးရက သတင်း ထုတ်ပြန်သည်။


အဆိုပါ ခရီးစဉ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ် ဖြန့်ဖြူးခြင်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူ ဖြည့်တင်းကာ အင်အားတည်ဆောက်နေကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုခဲ့ပြီး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှု မရှိစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းသည်။


ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။


ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ မတ် ၃၀ ရက်တွင် တပ်ချုပ် ရာထူး လွှဲပြောင်း ရယူပြီးနောက် ဒုတိယမြောက် ပြည်ပ ခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။


၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း သွားရောက်ခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဆိုက်ဘာ ရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎29😁12❤6
Media is too big
VIEW IN TELEGRAM
မိုင် ၃ သောင်းကျော်ခရီးကို ၂၈ နှစ်ကြာခြေကျင်လျှောက်ခဲ့တဲ့ ဗြိတိသျှစွန့်စားသွားလာသူ

နိုဝင်ဘာ ၄၊ ၂၀၂၆

ဗြတိသျှနိုင်ငံသား စွန့်စားသွားလာသူ Karl Bushby ဟာ တောင်အမေရိက ကနေ ယူကေအထိ လျှောက်လှမ်းခဲ့တဲ့ မိုင်ပေါင်း ၃၁၀၀၀ ခရီးစဉ်ကို ၂၈ နှစ်အကြာမှာတော့ အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီး မိသားစုအိမ်လေးမှာ သူ့ရဲ့မိခင်ဖြစ်သူနဲ့ ပြန်လည် ဆုံတွေ့ရသွားခဲ့ပါပြီ။

#မြန်မာ #ဧရာဝတီ #british #adventurers #karlbushby
❤35👍14😱10😁1
FATF နာမည်ပျက်စာရင်း (အမဲရောင်စာရင်း) ဝင်ခြင်းသည် မြန်မာ့စီးပွားရေးနှင့် ပြည်သူများအပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်သော ဆိုးကျိုးများစွာ သက်ရောက်စေပါသည်။


ပြည်ပဘဏ်များနှင့် ချိတ်ဆက်ရာတွင် အထူးအလေးထားစိစစ်ခြင်း ခံရသဖြင့် ငွေလွှဲခရီးစဉ်များ ကြန့်ကြာခြင်း၊ စာရွက်စာတမ်း အထောက်အထား အလွန်အမင်း တောင်းခံခံရခြင်း သို့မဟုတ် နိုင်ငံတကာဘဏ်အချို့က မြန်မာနှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ခြင်းများ ကြုံရသည်။ နိုင်ငံတကာဘဏ်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာသည်။


သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များ ပြည်ပသို့ ငွေပေးချေရန်နှင့် ငွေလက်ခံရန် အလွန်ခက်ခဲလာပြီး၊ ကုန်သွယ်မှုစရိတ်များ ပိုမိုမြင့်မားလာသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်ရန် လုံးဝနီးပါး ခက်ခဲသွားသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးများ ထိခိုက်သည်။ပြည်ပရောက် မြန်မာများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းတက်နေသူများ ပြည်တွင်းသို့ တရားဝင်ဘဏ်စနစ်ဖြင့် ငွေလွှဲရန် အခက်အခဲဖြစ်လာပြီး၊ ကန့်သတ်ချက်များ သို့မဟုတ် ဘဏ်အကောင့် ပိတ်သိမ်းခံရမှုများနှင့် ရင်ဆိုင်ရတတ်သည်။


Website တွင် ဆက်လက်ဖတ်ရှုရန် - https://burma.irrawaddy.com/article/2026/11/04/417428.html
👍37❤5😁2😭1
Media is too big
VIEW IN TELEGRAM
အရေးပေါ် ရိက္ခာ ၃ ရက်စာ ပြင်ဆင်ထားဖို့ ထိုင်းအစိုးရ တိုက်တွန်း


ထိုင်းနိုင်ငံမှာ အိမ်ထောင်စုတွေအနေနဲ့ အနည်းဆုံး ၇၂ နာရီကြာ အသုံးပြုနိုင်မယ့် အရေးပေါ် ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားဖို့ ဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။


၇၂ နာရီကြာ အသုံးပြုနိုင်မယ့် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို အရေးပေါ်အိတ်အဖြစ် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းတာလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။


အရှေ့အလယ်ပိုင်းပဋိပက္ခတွေအပါအဝင် ကမ္ဘာ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာဖြစ်ပေမယ့် ဒါဟာ သဘာဝဘေးအန္တရာယ်နဲ့ အခြားအရေးပေါ်အခြေအနေတွေအတွက် ယေဘုယျကြိုတင် ကာကွယ်ပြင်ဆင်မှုသာဖြစ်ပြီး ထိုင်းနိုင်ငံအပေါ် အန္တရာယ်တခုခုကျရောက်လာမှာကြောင့် သတိပေးတာမဟုတ်ဘူးလို့တော့ ထိုင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။


#မြန်မာ #ဧရာဝတီ #ထိုင်း #၇၂နာရီ #အရေးပေါ်အိတ် #စားနပ်ရိက္ခာ #ဆေးဝါး #သောက်သုံးရေ #သဘာဝဘေး #စစ်ဘေး #WhatsHappeningInMyanmar
👍37❤7😁2
👍30😁3