The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍30😁4❤2
အီရန်စစ်ပွဲကြောင့် ရေနေတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုကို သတိပြုမိစေရန် ရေကူးသမားတဦး ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကူး

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

ကုလသမဂ္ဂ၏ သမုဒ္ဒရာဆိုင်ရာ နာယက (United Nations Patron of the Oceans) တဦးဖြစ်သူ ဗြိတိန် ရေကူးသမား လူးဝစ်ပျူးသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲက ဒေသတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၏ နေထိုင်ကျက်စားရာ နေရာများနှင့် သဘာဝတောရိုင်းတိရစ္ဆာန်များကို မည်သို့ခြိမ်းခြောက်နေကြောင်း မီးမောင်းထိုးပြရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း သုံးရက်ကြာ အဆိုပါ အန္တရာယ်များသော ဟော်မုဇ်ရေလက်ကြား၏ အစိတ်အပိုင်းများကို ဖြတ်ကူးခဲ့သည်။

ရေကူးဘောင်းဘီတို၊ ရေကူးမျက်မှန်နှင့် ကုလသမဂ္ဂတံဆိပ်ပါ ရေကူးဦးထုပ်တို့ကိုသာ ဝတ်ဆင်ထားသည့် အဆိုပါ အားကစားသမားသည် ရေလက်ကြား၏ တောင်ဘက်အစွန်ဆုံးရှိ မူဆန်ဒမ်ကျွန်းဆွယ် (Musandam Peninsula) မှ စတင်ကူးခတ်ခဲ့ပြီး ဟော်မုဇ်အငူ (Cape of Hormuz) ကို ပတ်ကာ စုစုပေါင်း ၉.၃ မိုင်ခန့် ကူးခတ်ပြီးစီးခဲ့သည်။ စစ်ပွဲစတင်ချိန်မှစ၍ ထိုနေရာတွင် တာဝေးရေကူးခြင်းကို လုပ်ဆောင်သည့် ပထမဆုံးပုဂ္ဂိုလ်မှာ ပျူးဖြစ်မည်ဟု ယူဆရသည်။

တနင်္လာနေ့က ရေထဲသို့ဆင်းပြီး မိနစ်ပိုင်းအကြာတွင် ပင်လယ်ပြင်ကိုပင် တုန်ခါသွားစေသည့် ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ချက်ကို ကြားလိုက်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျနော် မော့ကြည့်လိုက်တော့ လေးကီလိုမီတာလောက် အကွာမှာရှိတဲ့ ရေနံတင်သင်္ဘောတစင်း ထိမှန်သွားတာကို တွေ့လိုက်ရတယ်" ဟု လန်ဒန်သို့ ပြန်လည်ရောက်ရှိပြီးနောက် The Associated Press သတင်းဌာနသို့ ၎င်းက ပြောပြသည်။ "ပေါက်ကွဲသံက တအားကျယ်တယ်၊ ဝုန်းခနဲ နှစ်ချက်မြည်သွားပြီး တိုက်လေယာဉ်တွေ ဝင်လာတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားရမယ်ဆိုတာ သဘောပေါက်လိုက်တယ်"

အသက် ၅၆ နှစ်အရွယ် ပျူးသည် တိုက်ခိုက်ခံရပြီးနောက် ကောင်းကင်ယံသို့ မီးလုံးကြီးများ တက်သွားသည့် အခြားသင်္ဘောတစင်းကို ဖြတ်ကျော်ခဲ့ရခြင်း အပါအဝင် အကြိမ်ကြိမ် ရပ်နားလိုက်၊ ပြန်ကူးလိုက်ဖြင့် ၎င်း၏ စွမ်းဆောင်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

"လူအများစုက ဟော်မုဇ်ရေလက်ကြားအကြောင်း တွေးလိုက်ရင် သင်္ဘောသွားလာရာ လမ်းကြောင်းတခုလို့ပဲ မြင်ကြတယ်" ဟု ၎င်းက ဆိုသည်။ "ဒါပေမဲ့ ဒီနေရာဟာ ကျနော် ရောက်ဖူးသမျှထဲမှာ အလှပဆုံး နေရာတွေထဲက တခုဖြစ်သလို… သဘာဝလောကကြီးရဲ့ ရတနာသိုက်ကြီးတွေထဲက တခုလည်း ဖြစ်ပါတယ်"

"ဒီသင်္ဘောတွေအားလုံး နစ်မြုပ်ကုန်တာနဲ့အမျှ ဒီဒေသဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်ကို ရောက်နေပါပြီ" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ "ဒီဒေသ ပြန်လည်နာလန်ထူဖို့ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်"

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က စစ်ပွဲစတင်ခဲ့ခြင်းမပြုမီက ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတပုံ ဖြတ်သန်းသွားလာခဲ့သည့် အဆိုပါ အရေးပါသော ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အီရန်သည် ရေလက်ကြားအတွင်း ခွင့်ပြုချက်မရှိသော လမ်းကြောင်းများမှ သွားလာသည်ဟု ၎င်းတို့စွပ်စွဲထားသည့် သင်္ဘောများအပေါ် မကြာသေးမီ သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ရေနံတင်သင်္ဘော အများအပြားသည်လည်း တီဟီရန်က ထောင်ထားသည့် ရေမြှုပ်မိုင်းများနှင့် တိုက်မိခဲ့ပြီး အချို့မှာ ပေါက်ကွဲမီးလောင်ခဲ့ရာ ယင်းတို့အနက် ပြီးခဲ့သည့်လက ရေနံစည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာသည့် သင်္ဘောတစင်းလည်း ပါဝင်သည်။

ဖေဖော်ဝါရီလမှစ၍ ပျက်စီးခဲ့သော ရေနံတင်သင်္ဘော ဒါဇင်ပေါင်းများစွာမှ ယိုစိမ့်ထွက်လာသည့် ရေနံများသည် ဒေသတွင်းရှိ တိရစ္ဆာန်များအပြင် ကမ်းရိုးတန်းများ၊ သန္တာကျောက်တန်းများနှင့် ဒီရေတောများအတွက်ပါ ရေရှည်ပြဿနာများ ဖန်တီးနိုင်ကြောင်း ပျူးက သတိပေးခဲ့သည်။

၎င်းရွက်လွှင့်ဝင်ရောက်လာစဉ် လှေနောက်သို့ လိုက်ပါလာသည့် လင်းပိုင်အုပ်ကြီးများအပြင် ပင်လယ်လိပ်များနှင့် ဝန်လက်ငှက် (ospreys) များကို တွေ့မြင်ခဲ့ရပုံကို ၎င်းက ပြန်လည်ပြောပြသည်။ ထို့အပြင် စစ်ပွဲမတိုင်မီက အိုမန်ကမ်းရိုးတန်းတစ်လျှောက် ရေကူးစဉ် တွေ့မြင်ခဲ့ရသည့် ပင်လယ်လိပ် ရာပေါင်းများစွာကိုလည်း အံ့ဩချီးမွမ်းခဲ့သည်။

"အဲဒီနေရာထဲကို ရေနံတွေ ရောက်သွားပြီဆိုရင်၊ ဓာတုညစ်ညမ်းမှုတွေ ဝင်သွားပြီဆိုရင် အဲဒီလို အညစ်အကြေးမျိုးကို သန့်ရှင်းဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပါပြီ" ဟု ၎င်းက ဆိုသည်။ "ဒါဟာ မျိုးဆက်ပေါင်းများစွာအထိ ကျန်ရစ်နေမှာပါ"

ပျူးသည် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့မှ အဏ္ဏဝါပတ်ဝန်းကျင်များကို ကာကွယ်ရန် ပိုမိုလုပ်ဆောင်ကြရေး တိုက်တွန်းရန် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အန္တာတိကတိုက်မှသည် ပင်လယ်နီနှင့် အင်္ဂလိပ်ရေလက်ကြားအထိ နေရာအနှံ့အပြားတွင် အချိန်အတော်များများ ရေကူးခဲ့သူဖြစ်သည်။
👍34❤11👎1😁1
၎င်းသည် မြောက်ဝင်ရိုးစွန်းကို ဖြတ်ကူးသည့် ပထမဆုံး အားကစားသမားဖြစ်ပြီး ကမ္ဘာ့သမုဒ္ဒရာတိုင်းတွင် တာဝေးရေကူးခြင်းကို ပြီးမြောက်အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် သန့်ရှင်းသော မြစ်ချောင်းများ၏ အရေးပါပုံကို မီးမောင်းထိုးပြရန် ဟဒ်ဆန်မြစ် (Hudson River) ၏ မိုင်ပေါင်း ၃၁၅ မိုင်လုံးကို ကူးခတ်ခဲ့သည်။

၎င်း၏ ကြိုးပမ်းချက်များသည် ထိခိုက်လွယ်သော သမုဒ္ဒရာဧရိယာ စတုရန်းမိုင်ပေါင်း ၁.၃၅ သန်းကျော်ကို ကာကွယ်ရန် တရားဝင် သဘောတူညီချက်များ ရရှိစေရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားသည်။

အချို့က ပျူး၏ ခမ်းနားသော ရေကူးစွမ်းရည်နှင့် နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှု ပေါင်းစပ်ထားခြင်းကို "ရေကူးဘောင်းဘီတို သံတမန်ရေးရာ (Speedo diplomacy)" ဟု တင်စားခေါ်ဝေါ်ကြသည်။

"ကျနော့်ရဲ့ သတင်းစကားက အရမ်းရိုးရှင်းပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ "ကျနော်တို့ စစ်ပွဲကို ရပ်တန့်ရမယ်။ ရေလက်ကြားကို ပြန်ဖွင့်ရမယ်၊ ပြီးတော့ ညစ်ညမ်းမှုတွေကို သန့်ရှင်းပစ်ရပါမယ်"

ကိုးကား။ ။ AP သတင်း Athlete swims Strait of Hormuz to raise awareness of Iran war's toll on wildlife
👍43❤2😁1
👎25😁4❤1👍1🤔1
ထိုင်ဝမ်အရေး ဂျပန် သဘောထား ပြောင်းလဲရန် တာကာအိချိကို တရုတ် ပညာပြ

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်း (Guo Jiakun) က နိုဝင်ဘာ ၂၀ ရက်တွင် သတင်းမီဒီယာများအား ပြောကြားရာ၌ “ဂျပန်ဘက်အနေနဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် တာဝန်ကတော့ ထိုင်ဝမ်အရေးကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ မှားယွင်းတဲ့ ပြောဆိုမှုတွေနဲ့ လုပ်ရပ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

“အရေးကြီးတာက သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် မှန်ကန်တဲ့ သဘောထားကို ခံယူဖို့နဲ့ အခြေခံအားဖြင့် တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံတရားရှိတဲ့ နားလည်မှုကို အမှန်တကယ် ရရှိဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ကို ရှန်ကျန်းမြို့ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင် တရုတ်က အေးစက်စွာ ဆက်ဆံခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တာကာအိချိသည် တရုတ်က ထိုင်ဝမ်အပေါ် တိုက်ခိုက်မှုတခု စတင်လာပါက ဂျပန်နိုင်ငံအနေဖြင့် ကြားဝင်စွက်ဖက်နိုင်ကြောင်း ၂၀၂၅ ခုနှစ်အတွင်းက အရိပ်အမြွက် ပြောကြားခဲ့ဖူးပြီး ယင်းအခြေအနေကို “ဂျပန် ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေသော အခြေအနေ” ဟု ခေါ်ဆိုခဲ့သည်။

ထိုပြောဆိုမှုကြောင့် သံတမန်ရေးရာ အငြင်းပွားမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာ တင်သွင်းမှုများကို ပိတ်ပင်ခဲ့သည့်အပြင် ၎င်း၏နိုင်ငံသားများကိုလည်း ဂျပန်နိုင်ငံသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ကြရန် အကြံပြုခဲ့သည်။

ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးတွင် စစ်ရေးအရ ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းပါက တရုတ်နိုင်ငံက မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) ထံ ပေးပို့သည့် စာတစောင်တွင် သတိပေးခဲ့သည်။

တာကာအိချိ လျစ်လျူရှု ခံရခြင်း

APEC ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသည် တာကာအိချိကို လျစ်လျူရှု ဆက်ဆံခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။

The Japan Times သတင်းစာ၏ ဖော်ပြချက်အရ သူမသည် ရှန်ကျန်းမြို့တွင် အဆင့်နိမ့် အရာရှိများ၏ ကြိုဆိုမှုကိုသာ ရရှိခဲ့ပြီး အခြားကမ္ဘာ့ခေါင်းဆောင်များအတွက် စီစဉ်ပေးထားသည့် ဖျော်ဖြေတင်ဆက်မှုများနှင့် ခမ်းနားထည်ဝါစွာ ကြိုဆိုမှုများကိုမူ မရရှိခဲ့ပေ။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ၌လည်း လေယာဉ်တံခါးနှင့် လှေကားထစ် ပထမဆုံးအဆင့်ကြားတွင် ကွာဟချက် ကြီးမားနေပုံရသည့်အတွက် သူမ လေယာဉ်ပေါ်မှ ဆင်းရာတွင် အခက်အခဲ ဖြစ်နေသည်ကို တွေ့မြင်ရပြီး ယင်းမှာ တရုတ်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်စေခဲ့သည်။

အထူးခြားဆုံးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူမနှင့် တရားဝင် တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

“ဂျပန်နဲ့ တရုတ်ကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့်ပဲ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းသိမ်းထားဖို့ အရေးကြီးတယ်လို့ ကျမတို့ ယုံကြည်ပါတယ်” ဟု တာကာအိချိက နိုဝင်ဘာ ၁၉ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

South China Morning Post သတင်းစာ၏ ဖော်ပြချက်အရ တာကာအိချိနှင့် ရှီတို့သည် ၁၁ စက္ကန့်ကြာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ထိုအချိန်အတွင်း တာကာအိချိက စကားအနည်းငယ် ပြောဆိုနေသည်ကို တွေ့ရသော်လည်း ရှီဘက်ကမူ တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိခဲ့ပေ။

ရှန်ကျန်းမြို့ရှိ ညစာစားပွဲတွင် တာကာအိချိကို ကြိုဆိုရန် တီးမှုတ်ခဲ့သည့် သီချင်း၏ သင်္ကေတ အဓိပ္ပာယ်ကိုလည်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့ကြသည်။

တရုတ်ဂီတပညာရှင်များ တီးမှုတ်ခဲ့သည့် ထိုတေးသွားမှာ နိုင်ငံတကာတွင် "Sukiyaki" ဟု လူသိများသော ၁၉၆၁ ခုနှစ်ထွက် ဂျပန်နာမည်ကြီး သီချင်း ဖြစ်ကြောင်း သိရှိရသည်။

The New York Times သတင်းစာ၏ အဆိုအရ အဆိုပါသီချင်းသည် ဂျပန်နိုင်ငံအတွင်း အမေရိကန်စစ်တပ် တပ်စွဲထားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှတဆင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကိုးကား။ ။ Mothership သတင်း China says Japan must take back its words on Taiwan after Takaichi APEC snub

ပုံစာ - APEC အစည်းအဝေး တက်ရန်လာသည့် တာကာအိချိ လေယာဉ်ပေါ်မှအဆင်း လှေကားနှင့် လေယာဉ်တံခါးပေါက်ကြား တမင်ကွာဟနေအောင် တရုတ်က လုပ်ခဲ့ကြောင်း ဝေဖန်နေကြသည်
👍31❤15👎10😁5
သူသည် အလွန်အကျွံ စိတ်လှုပ်ရှားနေသည်။ ဣန္ဒြေမရ။ စကားလုံးတွေ ဗလုံးဗထွေး။ အခြားသူများကို ပြစ်တင်ဝေဖန်လိုစိတ် ကဲနေသည်။ သူ လုပ်သမျှ အကောင်းတွေချည်း ဖြစ်၍ အခြားသူများက မကောင်း။ ပြည်သူတွေ အမှန်တကယ်ခံစားနေရသော လက်တွေ့ဘဝနှင့် နိုင်ငံမှာ တကယ်ဖြစ်နေသော အခြေအနေများကို သိပုံမရသော်လည်း သိနေသယောင် အိုက်တင်အပြည့်နှင့် ပြောသည်။ စာရွက်ပေါ်က လူဦးရေနှင့် သန်းခေါင်စာရင်းဆိုသည်ကို ကြည့်ပြီး တွက်ချက်သည်။ အောက်ခြေက သူ့စိတ်ကြိုက် လီဆယ်ပြင်ဆင်ပေးထားသော အချက်အလက်အလွဲများကို အမှန်ထင်ပြီး ကိုးကားသည်။

စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုသလို သူ့စိတ်ထဲက အခဲမကြေဖြစ်နေသော ၁၀၂၇ စစ်ဆင်ရေး၏ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေပုံကို အမည်ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ပြောသွားခဲ့သည်။ တရုတ်ကိုလည်း ကြောက်ရသဖြင့် ထိုပြောဆိုချက်ကို နောက်နေ့ထုတ် သတင်းစာမှာ ဖြုတ်ပယ်ထားလိုက်သည်။

နှစ်နာရီခွဲကြာ မိန့်ခွန်းတလျှောက် သူ စိတ်လှုပ်ရှားနေသော်လည်း အိုက်တင်အပြည့်နှင့် အရာအားလုံးကို သူသိ သူတတ် ပုံစံမျိုး ပြောသွားသည်။ စကားလုံးအသုံးအနှုန်းတွေ ဗလုံးဗထွေး ဖြစ်နေပြီး ကျောက်ကျင်း လေးကျင်းတန်ဖိုးတွက်ရာတွင် ရုတ်တရက် ထစ်အသွားခြင်းက သူ၏ မူမမှန်သော စိတ်အခြေအနေကို ပြသနေသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/23/417814.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁56❤9👍3😭1
😁20👍4😭2
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဓမ္မ ပေါ်တာဆွဲမှုများ ရှိနေကြောင်း ဝန်ခံ

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆

နိုင်ငံတဝန်း လူငယ်လူရွယ်များကို မြို့ပေါ်ပါမကျန် နေ့ညမရွေး ဖမ်းဆီးနေသည့် ရုပ်သံမှတ်တမ်းများ၊ လူမှုကွန်ရက်မှတဆင့် မိသားစုဝင်များ၏ ပြောဆိုချက်များ ထွက်ပေါ်လာသော်လည်း ပေါ်တာဆွဲမှုမရှိကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ငြင်းဆန်နေရာမှ အဓမ္မ ဖမ်းဆီးဆင့်ခေါ်ခြင်းနှင့် တရားမဝင်ငွေတောင်းခြင်းများရှိနေပြီး မသမာသူများက လုပ်ဆောင်နေခြင်းများသာ ဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

ပေါ်တာဆွဲ ငွေညှစ်နေသူများကို စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က စိစစ် ဖော်ထုတ် အရေးယူရာ အောက်တိုဘာ ၃၁ ရက် အထိ အရေးယူမှု ၇၁ မှု၊ တရားခံ ၁၉၉ ဦး ရှိပြီး ယင်းတို့အနက် ငွေကြေးတောင်းခံမှု ၄၉ မှုမှ တရားခံ ၁၀၂ ဦးနှင့် အဓမ္မ စစ်မှုထမ်း စေခိုင်းမှု ၂၂ မှုမှ တရားခံ ၉၇ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

မသမာသူများက တာဝန်ရှိသူများ အယောင်ဆောင်၍ အဓမ္မ ဖမ်းဆီး ငွေကြေးတောင်းကာ စစ်မှုထမ်း စာရင်းသွင်းခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်းဆောင်ရန် သွားရောက်မည့်သူများကို ထောက်ပံ့ရန် အကြောင်းပြ၍ လစဉ် ငွေကြေး ကောက်ခံနေသလို အခကြေးငွေပေးကာ လူစားထိုးရန် အတွက် တရားမဝင် ငွေကြေး ကောက်ခံနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူတချို့က ရှောင်လွှဲလိုသဖြင့် အခြား ရပ်ရွာများသို့ ရှောင်တိမ်းခြင်း၊ ပြည်ပ ထွက်ခွာခြင်းနှင့် အခကြေး ငွေဖြင့် လူအစားထိုးနေမှုကိုလည်း စောင့်ကြည့်၍ ဆင့်ခေါ်နေကြောင်း ဆိုထားသည်။

လက်ရှိ၌ တရားဝင် စစ်မှုထမ်း စာရင်းအရ ကျောင်းသားများပါ မချန် စာရင်း တောင်းခံ ခေါ်ဆောင်နေသည့်အပြင် ပြည်သူ့စစ် အမည်ခံ ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးပြီး လူစားထိုး ရောင်းချမှု ဖြစ်စဉ်များလည်း ရှိနေကာ အခြေခံ လူတန်းစားများ အများဆုံး ဖမ်းဆီး ခံနေရကြောင်း သိရသည်။

ပုံစာ- စစ်မှုထမ်းအပတ်စဉ်၂၈ အတွက်ပို့ဆောင်မည့်သူများအား လပွတ္တာမြို့နယ် ထွေအုပ်ရုံးရှေ့တွင် အုပ်ချုပ်ရေးမှူးများက တွေ့ဆုံနေစဉ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍30❤10😁5👎3😭3
👎24❤5😭2😁1
ထိုင်းတော်ဝင်မိသားစုအသရေဖျက်မှုဖြင့် အတိုက်အခံအမတ် အိုက်စ်ကို ထောင် ၃ နှစ် ချမှတ်

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆

ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုကို အသရေဖျက်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၂ ဖြင့် အတိုက်အခံ ပြည်သူ့ပါတီ (People's Party) ၏ အချိုးကျ ကိုယ်စားပြုလွှတ်တော်အမတ် အိုက်စ်-ရတ်ချနော့ ဆရီနော့ခ် (Ice-Rukchanok Srinork) ကို ဘန်ကောက်မြို့ရတ်ချဒါဖိဆက်လမ်းရှိ ရာဇဝတ်တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် မရှိ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

၂၀၂၁ ခုနှစ်အတွင်းက ၎င်း၏ X (ယခင် Twitter) လူမှုကွန်ရက် အကောင့်တွင် ရေးသားခဲ့သည့် ပို့စ်၂ ခုနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရာဇဝတ်တရားရုံးက စွဲချက် ၂ ခု အတွက် တမှုလျှင် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း ဆိုင်းငံ့ပြစ်ဒဏ်မရှိ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရာမှ ယခု အယူခံရုံးက ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေ စွဲချက်မှ ကင်းလွတ်ခွင့်ပေးခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်သည်။

အယူခံဝင်နေစဉ်ကာလအတွင်း အိုက်စ် သည် အာမခံငွေ ဘတ် ၅ သိန်းဖြင့် အာမခံရရှိခဲ့သောကြောင့် လွှတ်တော်အမတ်နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ရုံးချိန်းသို့ အိုက်စ်နှင့်အတူ ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖုန်း ရွမ်ပန်ယာဝတ် (Natthaphong Ruengpanyawut) အပါအဝင် ပါတီ ထိပ်တန်းခေါင်းဆောင်များလည်း ဝန်းရံက်ပါပေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် အိုက်စ်အနေဖြင့် ဗဟို တရားရုံးချုပ် (Supreme Court) သို့ ဆက်လက် အယူခံတက်နိုင်ရန် အာမခံ လျှောက်ထားလျက် ရှိပြီး တရားရုံးက အာမခံ ပယ်ချလျှင် လွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းခံရမည် ဖြစ်သည်။

ဓာတ်ပုံ- Khaosod, Thai Enquirer
❤26👎15👍4😭3😁2
😁21👎5😱3❤2😭1
ငွေကြေးဈေးကွက် မတည်ငြိမ်မှု ပိုဆိုးလာ၊ ဒေါ်လာဈေး ၅,၂၀၀ ကျပ် အထိ မြင့်

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆

လာမည့်ဘဏ္ဍာနှစ် လစာတိုးပေးမည်ဟု ဆိုလိုက်သည့်အပြင် ပြည်ပရောက် လုပ်သားများ၏ ငွေလွှဲနှုန်းထား တိုးမြှင့်ပေးခြင်းတို့ကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းကာ ယနေ့ (တနင်္လာနေ့) ဈေးအဖွင့် အမေရိကန်ဒေါ်လာက ၅,၂၀၀ ကျပ်အထိ မြင့်တက်သွားသည်။

ထိုအခြေအနေတို့အပြင် ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ချေးမည့် အစီအစဉ်နှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Financial Action Task Force - FATF) ၏ ကန့်သတ်ချက်များ ဆက်လက် ရှိနေခြင်းတို့ကလည်း ကျပ်ငွေ တန်ဖိုးအပေါ် ဖိအား ဖြစ်စေကြောင်း ငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်သူများက ပြောသည်။

ယခု နိုဝင်ဘာလဆန်းပိုင်းက အမေရိကန် တဒေါ်လာလျှင် ၄,၇၅၀ ကျပ် ဝန်းကျင် ရှိခဲ့ရာမှ ယနေ့တွင် ၅,၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့သလို မြန်မာကျပ်ငွေ တသိန်းလျှင် ထိုင်းဘတ် ၇၀၀ မှ ၆၅၃ ဘတ် ဝန်းကျင်အထိ တန်ဖိုး ထိုးကျသွားသည်။

ရန်ကုန်ဒေါ်လာငွေလဲလှယ်ရေးသမား တဦးက “ဈေးကတော့ အကြောင်းစုံနေတာကြောင့် ဆက်တက်နေတယ်။ အခု ရက်တွေက ပိတ်ရက်တွေလည်းဖြစ်တော့ သိပ်တော့ အလုပ် မလုပ်ကြဘူး။ ဈေးတက်နေလို့လည်း အဖမ်း အဆီးတွေ ရှိနေတယ်။ လူဟောင်းတွေကိုပါ စစစ (အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန) က ပြန်ခေါ်ယူနေတယ်လို့ ကြားရတယ်။ ဘယ်သူတွေ ပါသွားတယ်တော့ မသိရသေးဘူး” ဟု ပြောသည်။

ထိုသို့ ကျပ်ငွေ တန်ဖိုးဆက်လက် ကျဆင်းပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်နေမှုကြောင့် ပြည်ပမှတင်သွင်းရသည့် ဆေးဝါး၊ စားသုံးဆီနှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး ပြည်တွင်း ကုန်ဈေးနှုန်းနှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအပေါ် ထပ်မံ ဖိအားများ တိုးလာနိုင်ကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍32❤13😱8😁4👎1
👍18😁2
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊
(ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၇၀၀ ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၃,၈၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၃,၈၈၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၁၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၀၄၀ ကျပ်

ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့်ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅,၂၃၀ ကျပ်ဝန်းကျင်ရှိ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ကျော်တွင်ရှိ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၆၀၅
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား(၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍40❤6👎2😁1
Media is too big
VIEW IN TELEGRAM
အင်ဂျင်မီးလောင်မှုသတိပေးချက်ကြောင့် ဟောင်ကောင်ကထွက်ခွာလာတဲ့ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

ဟောင်ကောင်ကနေ ပါပူဝါနယူးဂီနီနိုင်ငံကို ပျံသန်းလာတဲ့ Air Niugini လေယာဉ်ဟာ အင်ဂျင်မီးလောင်နိုင်ခြေရှိတဲ့ အချက်ပြမှုကြောင့် စနေနေ့ မနက်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ဟာ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည် ၁၃၇ ဦးနဲ့ လေယာဉ်ယာဉ်အမှုထမ်း ၉ ဦးတို့ထဲမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။

#အင်ဂျင် #မီးလောင်မှု #လေယာဉ် #ဟောင်ကောင် #ပါပူဝါနယူးဂီနီနိုင်ငံ #Air Niugini #ဖိလစ်ပိုင် #လေဆိပ်
👍43❤4👎2😁2😱2
မြန်မာ အာဆီယံက ထွက်မှာလား

ဧရာဝတီ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က သူစိတ်ကြိုက်ဖန်တီးထားတဲ့ လွှတ်တော်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က မိန့်ခွန်းပြောကြားရင်း အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်တော့မယ်လို့ ထုတ်ပြောလာပါတယ်။

တဆက်တည်းမှာပဲ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်မချင်း ထိပ်သီးအစည်း အဝေးတွေနဲ့ နိုင်ငံခြားရေးအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားမယ့် နောက်ဆုံး အာဆီယံ ထိပ်သီးအစည်းအဝေး ကြေညာချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့လည်း သူက ဝေဖန်ခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းစကတည်းက အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်မခံဘူးလို့ ပြောဆိုခဲ့ပြီးနောက် အခုလို အာဆီယံကနေ နုတ်ထွက်တော့မယ့်သယောင် ပြောဆိုမှုဟာ အနှစ်သာရမရှိတဲ့ ခြိမ်းခြောက်မှုသာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။

https://youtu.be/LmgG-D9g0CA

#မြန်မာ #ဧရာဝတီ #အာဆီယံ #ဘုံသဘောတူညီချက် #ထိပ်သီးအစည်းအဝေး #နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး #အာဏာသိမ်း #မင်းအောင်လှိုင် #လွှတ်တော် #WhatsHappeningInMyanmar
❤30😁27👍9😭1
• ICJ ဆုံးဖြတ်ချက်ကို ဆန္ဒပြဖို့ စစ်လော်ဘီတွေလှုံ့ဆော်
• မြန်မာကို အရေးယူမှု ဆက်လုပ်မယ်လို့ ဗြိတိန်ပြော
• ရခိုင်မှာ ဗုံးကြဲခံရလို့ ၅ လသား ကလေးနဲ့ အရပ်သားတွေသေဆုံး
• ရိုဟင်ဂျာအရေး လက်တွေ့အကောင်အထည်ဖော်ဖို့ မလေးရှား ကြိုးပမ်း
• EXO အဖွဲ့ခေါင်းဆောင် မြန်မာကိုလာဖို့ကိစ္စ အငြင်းပွား
• မြန်မာဘက် နယ်စပ်မြစ်ရေညစ်ညမ်းမှု ဖြေရှင်းပေးဖို့ ထိုင်းပြည်သူတွေ ဆန္ဒပြ

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၃၊ ၂၀၂၆
https://youtu.be/g_lm5hgQlQs

#မြန်မာ #ဧရာဝတီ #ဆန္ဒပြ #မဘသ #စစ်လော်ဘီ #ICJ #ဗြိတိန် #ရိုဟင်ဂျာ #မလေးရှား #EXO #မြစ်ရေ #နယ်စပ်မြစ် #ထိုင်းနိုင်ငံ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍36❤7😁5