The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဘားမားအက်နှင့် ပတ်သက်၍ ဖြေရှင်းချက်တောင်းမည်ဟု ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် ဘားမားအက် ဥပဒေအရ ဆောင်ရွက်ရမည့်အရာတချို့ကို အကောင်အထည်ဖော်ခြင်းမရှိဘဲ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖြေရှင်းချက် တောင်းခံသွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဒီမိုကရက်တစ်ပါတီအမတ် Mr. Gregory W. Meeks က နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ဘားမားအက်ဥပဒေအရ ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်မဖော်၊ မြန်မာ့ဒီမိုကရေစီအင်အားစုများကို ထောက်ပံ့ရန် ဥပဒေအရ ခွင့်ပြုသည့် အစီအစဉ်ကိုလည်း မဆောင်ရွက်သည့်အတွက် ယခုလိုတောင်းခံခြင်းဖြစ်ကြောင်း ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် အရပ်သားများအပေါ် စစ်အုပ်စု၏ အကြမ်း ဖက်မှုများကို မည်သို့လျှော့ချနိုင်မည်၊ သို့မဟုတ် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကျားဖြန့် (အွန်လိုင်းငွေ လိမ်လည်မှုလုပ်ငန်းများ)ကို မည်သို့ရပ်တန့်နိုင်မည်ဆိုသည့် မဟာဗျူဟာကို တင်ပြထားခြင်း မရှိကြောင်းလည်း ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း နိုင်ငံတကာတရားရုံးက ပထမဆုံး အကြိမ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ ယင်းဆုံးဖြတ်ချက်သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်သတ်မှတ်ခဲ့သည့် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့်အချက်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍65❤12😁3
နည်းပညာ သူဌေးကြီးများ လောကရဲ့ အလျော်အစား ကြီးမားတဲ့ အချစ် ဇာတ်လမ်းများ

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

တကယ်တော့ နည်းပညာလောကထဲမှာ အခုလို အချစ်ရေးအရှုပ်အထွေး ဇာတ်လမ်းတွေ ကြားသိနေရတာဟာ Jensen Huang နဲ့ ဘီလ်ဂိတ်တို့တင် မကပါဘူး။

Amazon သူဌေးကြီး ဂျက်ဘီဇို (Jeff Bezos)၊ Tesla၊ SpaceX နဲ့ X ပိုင်ရှင် အီလွန်မတ်စ် (Elon Musk)၊ Google CEO ဟောင်း အဲရစ် ရှမစ်ဒ် (Eric Schmidt) တို့လို နာမည်ကျော် ဘီလီယံနာကြီးတွေရဲ့ ဇာတ်လမ်းတွေကလည်း ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွေအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပညာအင်ပါယာကြီးတွေကို ဦးဆောင်ပြီး ဒေါ်လာဘီလီယံ ရာနဲ့ချီ ကြွယ်ဝချမ်းသာနေသူတွေ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ အရှုပ်အထွေးတွေကြောင့် ရာထူးတာဝန်တွေ၊ စည်းစိမ်ဥစ္စာတွေသာမက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ဂုဏ်သိက္ခာတွေပါ တခဏချင်း ထိခိုက်သွားရတာကို တွေ့မြင်နေရပါတယ်။


https://youtu.be/nycbLXy0C3I
#မြန်မာ #ဧရာဝတီ #Jensen Huang #ElonMusk #EricSchmidt #JeffBezos
👍27❤15😁3
😭22🤔2❤1
မြေမြှုပ်မိုင်းကြောင့် သေဆုံး ထိခိုက်မှု ၃ နှစ်ဆက် အဆိုးဝါးဆုံး ဖြစ်နေ


ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆


မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း သေဆုံး ဒဏ်ရာရမှုအနေဖြင့် မြန်မာနိုင်ငံတွင် ၁,၈၉၁ ဦး ရှိခဲ့ပြီး ၃ နှစ်ဆက်တိုက် အဆိုးဝါးဆုံး အဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။


နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အစီရင်ခံစာအရ မြန်မာ နိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၁,၀၀၃ ဦး၊၂၀၂၄ ခုနှစ်တွင် ၂,၀၂၉ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၁,၈၉၁ ဦးတို့ဖြင့် ၃ နှစ် ဆက်တိုက် အဆိုးဝါးဆုံး မှတ်တမ်းဝင်နေခြင်း ဖြစ်သည်။


ယခုနှစ် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်း သေဆုံးဒဏ်ရာရမှု စုစုပေါင်းမှာ ၆,၉၂၉ ဦး ရှိခဲ့ပြီး အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာပြီးနောက် ဆီးရီးယားနိုင်ငံက ၁,၆၀၂ ဦး၊ အာဖဂန်နစ္စတန်နိုင်ငံက ၄၉၇ ဦးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။


မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူများထဲတွင် အများစုမှာ အရပ်သားများဖြစ်ကြပြီး အသက်အရွယ် အပိုင်းအခြားအရ ကလေးသူငယ် ထက်ဝက်ခန့် ပါဝင်ကြောင်းလည်း သိရသည်။


စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြေမြှုပ်မိုင်း အသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်တပ်အပြင် အခြားသော လက်နက်ကိုင်တပ်များလည်း အသုံးပြုမှုများရှိကြောင်း အစီရင်ခံစာက ဆိုထားသည်။


ယခု၂၀၂၆ ခုနှစ် ပထမ ၆ လပတ် အတွင်း၌လည်း မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် အရပ်သား ၄၈၇ ဦး သေဆုံး ထိခိုက်ခဲ့ကြောင်း ယူနီဆက် (UNICEF) က စက်တင်ဘာလတွင် သတင်း ထုတ်ပြန်ထားသည်။


သေဆုံး ထိခိုက်မှုများအနက် ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် မကွေးတိုင်းနှင့် တတိယနေရာ၌ မန္တလေးတိုင်းတို့က ရပ်တည်နေပြီး ကလေးသူငယ် သေဆုံး ထိခိုက်မှုအနေဖြင့် ၁၁၃ ဦး ပါဝင်ကြောင်းလည်း ယူနီဆက်က ဖော်ပြထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍24😭16❤2👎2😁1
• လူမျိုးရေးမုန်းတီးမှုဖြစ်အောင် စစ်လော်ဘီသရုပ်ဆောင်တွေ လှုံ့ဆော်နေ

• ICJ စီရင်ချက်ကို လက်မခံဘူးလို့ မင်းအောင်လှိုင် ပြော

• မြန်မာမှာ သတ္တုတူးဖော်မှုတွေရပ်ဖို့ တရုတ်ကို ထိုင်းပြော

• မြန်မာစစ်တပ်ကို ထပ်အရေးယူဖို့ ဗြိတိန်လွှတ်တော် ဆွေးနွေး

• ရုရှားကို မွန်ဂိုလီးယားထံ ပြန်ပေးရမယ်လို့ လူကာရှန်ကို ပြော

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆


https://youtu.be/d9knFGLljf8
👍33❤7😁1
၂၀၂၆ ခုနှစ်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်းရှိ လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေသော H&M ကဲ့သို့ နာမည်ကျော် အမှတ် တံဆိပ်များအပါအဝင် အထည်ချုပ်စက်ရုံ ၂၀ ကျော် ပိတ်သိမ်းပြီး ထွက်ခွာရန် ပြင်ဆင်မှုများရှိသလို၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအများအပြားလည်း ပိတ်သိမ်း ထွက်ခွာမှုများ ရှိလာခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/26/417890.html
❤24😭11👍9😁2🤔1
တိုင်းပြည်ကို ကင်ဆာလို လှိုက်စားနေတဲ့ မင်းအောင်လှိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဘဝနဲ့ ပြည်သူတွေရဲ့ အနာဂတ်ကိုပါ ဘက်စုံဖျက်ဆီးနေတဲ့ စစ်ခေါင်းဆောင်နဲ့ဗိုလ်ချုပ်တွေရဲ့ ဇာတိရုပ်နဲ့ လုပ်ရပ်တွေကို နှစ်ချုပ်သုံးသပ်ပြီး သူတို့ရဲ့ အာဏာရှင်စနစ်ကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက ဆွေးနွေးထားပါတယ်။

https://youtu.be/PNlMsJ86PG0

#မြန်မာ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ကြံရာပါ #လွှတ်တော် #Genocide #ICJ #parliament #cancer #Myanmar #MinAungHlaing #military #general #IRWENG
👍48❤7😁3😭1
Media is too big
VIEW IN TELEGRAM
ကယ်လီဖိုးနီးယားမှာ ဒီရေလှိုင်းကြီးတွေရိုက်ခတ်မှုကြောင့် ကမ်ခြေတချို့ပိတ်ထား

နိုဝင်ဘာ ၂၇၊ ၂၀၂၆

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ စံချိန်တင်ဒီရေလှိုင်းကြီးတွေရိုက်ခတ်မှုကြောင့် နာမည်ကြီး Pacifica ဆိပ်ခံတံတားရဲ့ တစိတ်တပိုင်းပြိုကျပျက်စီးသွားခဲ့ပြီး ကယ်လီဖိုးနီးယားကမ်းရိုးတန်းတလျောက်မှာရှိတဲ့ နေအိမ်တချို့ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #californiacoast #pacifica
👍35😱11❤1😁1
ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ရှမ်းပြည်နယ်တခွင် ပျံ့နေပြီ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

နယ်စပ်ဒေသတွေကနေ ရှမ်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၃၅ မြို့နယ်အထိ ပုံစံပြောင်း ပျံ့နှံ့လာတဲ့ ကျားဖြန့်ကပ်ဘေးဟာ အခုဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေကို နှစ်ရှည်ငှားရမ်း အခြေချတာကအစ ကျားဖြန့်သင်တန်းတွေ ပေါ်ပေါက်လာတဲ့အထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာနေပါတယ်။

စစ်ပဋိပက္ခ၊ စီးပွားရေးကျပ်တည်းမှုနဲ့ စစ်မှုထမ်းဥပဒေတွေကြား ပိတ်မိနေတဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုပါ ဝါးမျိုနေတဲ့ ဒီရာဇဝတ်ကွန်ရက်ကြီးကို အခုအချိန်ကစပြီး အမြစ်ပြတ် မတားဆီးနိုင်ဘူးဆိုရင် မြန်မာ့မြေပေါ်မှာ နောင်တချိန် ပြန်ပြင်လို့မရနိုင်တော့တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို သုတေသန ပြုနေတဲ့ ကိုမိုက်ကယ်က သတိပေးထားပါတယ်။

တဖက်မှာလည်း ရှမ်းပြည်နယ်တခွင် ပျံ့နှံ့နေတဲ့ ဒီကျားဖြန့်ပြဿနာဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရုံနဲ့ ပြီးဆုံးသွားမယ့် ကိစ္စမဟုတ်ဘဲ နောက်ကွယ်ကနေ အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေရဲ့ အကျိုးတူ ပတ်သက်နေမှုတွေကိုပါ အမြစ်ဖြတ် ရှင်းလင်းနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

https://youtu.be/W5c_JxP1SUE

#မြန်မာ #ဧရာဝတီ #ကျားဖြန့် #အွန်လိုင်းငွေလိမ်ဂိုဏ်း #ရှမ်းပြည်နယ် #WhatsHappensInMyanmar
👍42😱7😁2🤔2😭1
😁12😭2😱1
ထီ ဒေါ်လာ ၁ သန်း ဆုပေါက်ပြီး ရက်ပိုင်းအကြာ ထီပေါက်သူ အဖမ်းခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

မက်ဆာချူးဆက်ပြည်နယ်တွင် ခဲခြစ်ထီလက်မှတ် ဒေါ်လာ ၁ သန်း ဆုပေါက်ပြီး ရက်ပိုင်းအကြာ ယခုသီတင်းပတ်အတွင်း အမျိုးသားတဦးကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မက်ဆာချူးဆက် ပြည်နယ်ထီအဖွဲ့သည် ဘော့စတွန်မြို့တွင် ဝယ်ယူခဲ့သော ခဲခြစ်ထီလက်မှတ်ဖြင့် ဒေါ်လာ ၁ သန်း ဆုပေါက်ခဲ့သူ အာရီးယဲလ် ဘယ်လာကားစ် မိုရာလေးစ် Ariel Velasquez-Morales ၏ ဓာတ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်က လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ICE က ဘယ်လာကားစ် မိုရာလေးစ် ပြုံးနေသည့် ဓာတ်ပုံကို ပြန်လည်မျှဝေခဲ့ပြီး ၎င်းအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ICE ၏ ထုတ်ပြန်ချက်အရ ဘယ်လာကားစ် မိုရာလေးစ် သည် ၂၀၁၃ ခုနှစ်တွင် အယ်လ်ဆာဗေးဒေါနိုင်ငံမှ အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးတဦးက ၎င်းအား ပြည်နှင်ဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။

ဘယ်လာကားစ် မိုရာလေးစ်ကို နိုင်ငံအတွင်းမှ ပြည်နှင်ဒဏ်မပေးမီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ICE က ပြောကြားခဲ့သည်။ ၎င်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ICE ၏ ဘော့စတွန်ရုံးခွဲကလည်း ဘယ်လာကားစ် မိုရာလေးစ် ၏ ဓာတ်ပုံကို တင်ခဲ့ပြီး " ဘော့စတွန် ထီပေါက်စဉ်မှ ကြိုဆိုပါတယ်။ ဒီနေရာမှာ တရားမဝင် နိုင်ငံခြားသားတွေနဲ့ ခိုလှုံခွင့်ပေးတဲ့ နိုင်ငံရေးသမားတွေ ကံဆိုးကြပြီး နယူးအင်္ဂလန်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားတွေကတော့ အမြဲတမ်း အနိုင်ရရှိသူတွေပါ" ဟု ရေးသားခဲ့သည်။

ဘယ်လာကားစ် မိုရာလေးစ် သည် ဆုငွေကို တလုံးတခဲတည်း ဒေါ်လာ ၆၅၀,၀၀၀ ထုတ်ယူရန် ရွေးချယ်ခဲ့ကြောင်း ICE က ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ထိုဆုငွေများကို ဆက်လက်ပိုင်ဆိုင်ခွင့် ရှိ၊ မရှိ မသေချာသေးပေ။

ဘယ်လာကားစ် မိုရာလေးစ်တွင် ရှေ့နေအကျိုးဆောင် ရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကိုးကား။ ။ CBS သတင်း ICE detains man in Massachusetts after he picked up lottery winnings
👍24❤9👎7😁3😭2
❤16👍5😁2
ချင်းမိုင် မီးပုံးပျံပွဲတော်တွင် တရုတ်မင်းသမီးက ထိုင်းရိုးရာဝတ်စုံဖြင့် ပရိသတ်များ အာရုံကို ဖမ်းစားခဲ့

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော တရုတ်မင်းသမီး ဖန်ဘင်းဘင်း (Fan Bingbing) သည် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် ချင်းမိုင် ရီပန် (Yi Peng) မီးပုံးပျံပွဲတော်တွင် လက်ရာမြောက်စွာ ဒီဇိုင်းထုတ်ထားသော လန်နားရိုးရာ ထိုင်းဝတ်စုံကို ဝတ်ဆင်၍ ကြီးကျယ်ခမ်းနားသည့် ကြာခွက်အလှပြယာဉ်ပေါ်မှ လိုက်ပါလာခဲ့ရာ ထိုင်းမြောက်ပိုင်းမြို့တော်၏ နှစ် ၇၃၀ ပြည့် အထိမ်းအမှတ် ပွဲတော်တွင် လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိခဲ့သည်။

ပွဲတော်၏ အဓိက စိတ်ဝင်စားဖွယ် အစီအစဉ်တခုမှာ ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သည့် ဆုဖလားအတွက် အနုစိတ် အလှဆင်ထားသော အလှပြယာဉ် ၂၆ စီး ပါဝင်ယှဉ်ပြိုင်သည့် ကြီးကျယ်ခမ်းနားသော ကြာခွက်အလှပြယာဉ် စီတန်းလှည့်လည်ပွဲ ပြိုင်ပွဲဖြစ်သည်။

တရုတ်မင်းသမီးသည် ထိုင်းမြောက်ပိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံထားသည့် အလှပြယာဉ်၏ အနုစိတ်အပြင်အဆင်များနှင့် လိုက်ဖက်ညီစွာ ခေတ်မီဆန်းသစ်စွာ ဖန်တီးထားသော လန်နားရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

အလှပြယာဉ်သည် လမ်းကြောင်းတလျှောက် ရွေ့လျားလာသည်နှင့်အမျှ ဖန်ဘင်းဘင်း က ပရိသတ်များကို နွေးထွေးစွာ ပြုံးပြလက်ပြနှုတ်ဆက်ခဲ့ရာ လမ်းဘေးဝဲယာရှိ လူအုပ်ကြီးထံမှ အားပေးသံများနှင့် လက်ခုပ်ဩဘာသံများ တခဲနက် ထွက်ပေါ်လာခဲ့သည်။

ဖန်ဘင်းဘင်း ၏ ပါဝင်ဆင်နွှဲမှုသည် ချင်းမိုင်မြို့၏ အထင်ကရ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတကာ ကြယ်ပွင့်အရှိန်အဝါကို ပေါင်းထည့်ပေးခဲ့ပြီး လန်နားယဉ်ကျေးမှု၏ ထူးခြားလှပမှုကို ကမ္ဘာတဝန်းရှိ ပရိသတ်များထံ ပိုမိုကျယ်ပြန့်စွာ ပြသနိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးခဲ့ကြောင်း The Nation ထိုင်းသတင်းစာက ရေးသည်။

ယခုနှစ် ရီပန်ပွဲတော်သည် ချင်းမိုင်မြို့ တည်ထောင်ခြင်း နှစ် ၇၃၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဘုရားကျောင်းများ၊ သမိုင်းဝင်နေရာများနှင့် မြို့ရိုးကျုံးပတ်ဝန်းကျင် နေရာများကို လန်နားရိုးရာ မီးပုံးများ၊ မြေဆီမီးခွက်များဖြင့် အလှဆင်ထွန်းညှိထားသည်။

အခြားပွဲတော် အစီအစဉ်များတွင် ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ရိုးရာမီးပုံးပြိုင်ပွဲများ၊ အလှမယ်ပြိုင်ပွဲများနှင့် မီးရောင်စုံကြာခွက် ပြပွဲများ ပါဝင်သည်။

ကိုးကား။ ။ The Nation သတင်း Fan Bingbing steals the show in stunning Lanna attire at Chiang Mai’s Yi Peng Festival 2026
❤28👍11😁6🤔1
👍20❤3
နေတန်ယာဟုနေရာတွင် အစားထိုးရန် အိုင်ဆန်ကော့တ် ခြေလှမ်းစတင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

အစ္စရေးနိုင်ငံရေးခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့တ် သည် အဓိက အတိုက်အခံ မဟာမိတ်ပါတီနှစ်ခုနှင့် ညွန့်ပေါင်းသဘောတူညီချက်များ ရယူနိုင်ခဲ့ပြီးနောက် ဘင်ဂျမင် နေတန်ယာဟု နေရာတွင် အစားထိုးမည့် အစိုးရသစ်ဖွဲ့စည်းရေးအတွက် တိုးတက်မှုများ ရရှိလာခဲ့သော်လည်း ၎င်း၏ ဝန်ကြီးချုပ်ဖြစ်လာရေး လမ်းကြောင်းမှာ လွယ်ကူမည် မဟုတ်ပေ။

ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းရာတွင် အစ္စရေးစစ်ဦးစီးချုပ်ဟောင်း အိုင်ဆန်ကော့တ်သည် အင်္ဂါနေ့က လက်ယာယိမ်း Yisrael Beiteinu ပါတီနှင့် အလားတူ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် လက်ဝဲယိမ်း (The Democrats) ဒီမိုကရက်ပါတီ နှင့် ထပ်မံသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

အခြားအတိုက်အခံအုပ်စုတခုဖြစ်သည့် Be’Yachad ပါတီနှင့်လည်း နောက်ထပ်သဘောတူညီချက်တခု ရရှိရန် နီးစပ်နေပြီဟု ယူဆရသော်လည်း ပါတီခေါင်းဆောင် နာဖ်တာလီ ဘန်းနက် က အိမ်စောင့်ဝန်ကြီးချုပ် နေတန်ယာဟု၏ လီကွဒ် (Likud) ပါတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုများ အဖြေထွက်လာရန် အချိန်ပိုပေးလိုကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း နိုင်ငံရေးသုံးသပ်သူများနှင့် အတိုက်အခံ သတင်းရင်းမြစ်များ၏ အဆိုအရ လက်ရှိလုပ်ဆောင်နေသည့် အရေးအကြီးဆုံး ညှိနှိုင်းမှုမှာ နေတန်ယာဟု၏ ကာလရှည်မဟာမိတ်ဖြစ်ခဲ့သော အလွန်အကျွံ ရှေးရိုးစွဲ (ultra-Orthodox) ဂျူးဘာသာရေးပါတီ United Torah Judaism (UTJ) နှင့် အိုင်ဆန်ကော့တ်တို့အကြား ဆွေးနွေးမှုဖြစ်သည်။

UTJ ပါတီကို မိမိတို့ဘက်သို့ ဆွဲဆောင်နိုင်ရန် အတိုက်အခံနိုင်ငံရေးသမားများသည် မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်းတို့၏ အဓိက မဲဆွယ်ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြသခဲ့ကြပြီး ယင်းတို့တွင် ရှေးရိုးစွဲ ဘာသာရေးလူငယ်အားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဟူသော တောင်းဆိုချက်ကို လျှော့ပေါ့ပေးခြင်းလည်း ပါဝင်သည်။

အစ္စရေးရှိ အာရပ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ကနဦးက ပယ်ချခဲ့ပြီး အနာဂတ်ညွန့်ပေါင်းအစိုးရတွင် UTJ ပါတီ ပါဝင်လာစေရန် ဦးဆောင်တွန်းအားပေးနေသည့် Yisrael Beiteinu ပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း အဗစ်ဒေါ လီဘာမန် (Avigdor Lieberman) က အပြောင်းအလဲဖော်ဆောင်မည့် အစိုးရမှာ "ရုပ်လုံးပေါ်လာပြီ" ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ညွန့်ပေါင်းအဖွဲ့ မဖွဲ့စည်းနိုင်စေရန် ဟန့်တားသည့်အနေဖြင့် နေတန်ယာဟုက အိုင်ဆန်ကော့တ်နှင့် ညီညွတ်ရေးအစိုးရ ဆွေးနွေးမှုများကို နောက်ဆုံးအချိန်အထိ အချိန်ဆွဲနေမှုများကိုလည်း ၎င်းက သတိပေးခဲ့သည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် နေတန်ယာဟု၏ လက်ယာစွန်းညွန့်ပေါင်းအဖွဲ့နှင့် အိုင်ဆန်ကော့တ် ဦးဆောင်သော ဂျူးအတိုက်အခံပါတီများ အုပ်စုတို့ နှစ်ဖက်စလုံးက အများစုအမတ်နေရာ မရရှိခဲ့သဖြင့် နှစ်ဖက်စလုံးက အများစုအင်အား တည်ဆောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကာ နိုင်ငံရေးအရ အပေးအယူညှိနှိုင်းရသည့် ကာလသို့ ရောက်ရှိလာခဲ့သည်။

အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ က အစိုးရဖွဲ့စည်းရန် ပထမဆုံး အခွင့်အရေးကို အိုင်ဆန်ကော့တ်အား ပေးအပ်ထားပြီး ဒီဇင်ဘာ ၆ ရက်တွင် နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးမည်ဖြစ်သော်လည်း နောက်ထပ် သီတင်းနှစ်ပတ် ထပ်မံတိုးမြှင့်ခွင့် ရှိသည်။

အတိုက်အခံပါတီများအနေဖြင့် UTJ ပါတီနှင့် သဘောတူညီချက် ရယူနိုင်ခဲ့ပါက အိုင်ဆန်ကော့တ် ဦးဆောင်မည့် အနာဂတ်အစိုးရ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၁၂၀ ရှိသော လွှတ်တော် (Knesset) တွင် အနည်းဆုံး ၅၅ နေရာ ရရှိမည်ဖြစ်ပြီး နေတန်ယာဟု၏ အုပ်စုမှာ ၄၆ နေရာသာ ကျန်ရှိမည်ဖြစ်သည်။

ကျန်ရှိနေသော အမတ်နေရာ ၁၉ နေရာကို အာရပ်-အစ္စရေး နိုင်ငံရေးပါတီနှစ်ခုက ၎င်းတို့၏ မဲဆန္ဒရှင်များ စံချိန်တင် မဲပေးခဲ့မှုကြောင့် ရရှိထားပြီး နေတန်ယာဟုကို ဖြုတ်ချရာတွင် အတိုက်အခံများကို ကူညီရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား ပြောကြားထားသည်။ ဖွဲ့စည်းနေသည့် အစိုးရတွင် "ဂျူးလူမျိုးအများစု" ပါဝင်မည်ဟု လီဘာမန်က ဗုဒ္ဓဟူးနေ့ ရေဒီယိုအင်တာဗျူးတခုတွင် ပြောကြားခဲ့သော်လည်း အာရပ်ပါတီတခုဖြစ်သည့် Ra’am ပါတီမှာ ညွန့်ပေါင်းအဖွဲ့တွင် ဆက်လက်ပါဝင်လာနိုင်ကြောင်း ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

"နေတန်ယာဟုနေရာမှာ အစားထိုးဖို့နဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ပြည်သူတွေကို ကျနော်တို့ ကတိပေးခဲ့ပါတယ်။ ဒါကိုပဲ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ သဘောတူညီချက်တွေကို အပြီးသတ် လက်မှတ်ရေးထိုးဖို့၊ အစိုးရဖွဲ့စည်းဖို့နဲ့ အစ္စရေးကို လမ်းကြောင်းသစ်ဆီ ဦးဆောင်သွားဖို့ ပါတီအားလုံး အမြန်ဆုံး စုစည်းကြဖို့ ကျနော် တိုက်တွန်းပါတယ်" ဟု ဒီမိုကရက်ပါတီခေါင်းဆောင် ယာအီ ဂိုလန် (Yair Golan) က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး "ဒါဟာ ကျနော်တို့ ဘဝရဲ့ အဓိကတာဝန်ပါပဲ" ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
👍20❤4😁4
ယခုသီတင်းပတ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အိုင်ဆန်ကော့တ် ခွဲဝေပေးမည့် အဓိကဝန်ကြီးဌာနများတွင် လီဘာမန်အား ကာကွယ်ရေးဝန်ကြီး၊ ဂိုလန်အား ပြည်တွင်းလုံခြုံရေးဝန်ကြီး၊ ဘန်းနက်အား ဘဏ္ဍာရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ဟောင်း ယာအီ လာပစ် (Yair Lapid) အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိမ့်မည်ဟု နိုင်ငံရေးသုံးသပ်သူများက မျှော်လင့်ထားကြသည်။

ကိုးကား။ ။ Financial Times သတင်း Israel’s Eisenkot takes steps towards replacing Netanyahu
👍30😁4
😭45😁2