The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👎18👍2😱1
🤔11😭7❤1👎1
ကန်ချနဘူရီ ဘိုးဘွားရိပ်သာမှာ တရားမဝင် ချုပ်နှောင်ထားသည့် အထောက်အထားများ တွေ့၍ စစ်ဆေးနေ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ရှိ သက်ကြီးရွယ်အိုနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုဌာနတခုတွင် အချုပ်ခန်းကဲ့သို့ သံဇကာပိတ် အခန်းနှင့် ကုတင်များပေါ် သံလှောင်အိမ်များတပ်ဆင်ထားသည်ကို တွေ့ရကြောင်း Thai PBS သတင်း၌ ဖော်ပြသည်။

အဆိုပါဌာနတွင် နှစ်နှစ်ကျော်ကြာချုပ်နှောင်ခံခဲ့ရသူ အမျိုးသမီးတဦး၏ တိုင်ကြားချက်အရ ဗဟို စုံစမ်းထောက်လှမ်းရေး ဗျူရို (CIB)က ယမန်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် အဆောက်အဦ ခြံစည်းရိုးများအား သံဆူးကြိုးများ ကာရံထားသည့်အပြင် အတွင်း၌လည်း အဓမ္မချုပ်နှောင်မှုသံသယဖြစ်ဖွယ် သက်သေများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သားနှင့်ချွေးမတို့၏ ပို့ဆောင်မှုကြောင့် ၎င်းဆန္ဒမပါဘဲ ထိုဂေဟာတွင် နှစ်နှစ်ကျော်ကြာနေခဲ့ရသည့် ကာယကံရှင် အမျိုးသမီးတဦးက ထိုင်းရုပ်သံအစီအစဉ်တခုတွင် ထိုအကြောင်းဖွင့်ချခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ၊ ခြိမ်းခြောက်ခံရမှုနှင့် ဆေးဝါးများသောက်သုံးရန် အတင်းအကျပ် စေခိုင်းခံရခြင်းများ ရှိခဲ့ကြောင်း စွပ်စွဲထားသည်။

ရုပ်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုနှင့် တရားမဝင် ချုပ်နှောင်မှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-Thai PBS World

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍32❤5🤔2😱2👎1
👎24😭1
သဖန်းဆိပ်ဆည် ရွှေဖောင်များကို ဗုံးကြဲ၊ သေဆုံးဒဏ်ရာရမှုရှိ

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေဖောင်မျှောများကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သေဆုံး ဒဏ်ရာရမှုများရှိနေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေဖောင်လုပ်ငန်းခွင်များကို အောက်တိုဘာ ၄ ရက်မှ စတင်ကာ ယနေ့အထိ ဟုမ္မလင်းလေတပ်မှ တက်လာသည့် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး သေဆုံးသူ ၃၀ ထက်မနည်းရှိနိုင်ကာ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။

“ရွှေဖောင်တွေဟာ ဆည်ရေပြင်ထဲမှာမို့ ဖောင်လုပ်သားတွေဟာ ပြေးဖို့ရှောင်ဖို့တောင် အချိန်မရလိုက်ပါဘူး၊ ဒီနေ့ မနက်ပိုင်းကလည်း ရွှေဖောင်တွေကို ပစ်မှတ်ထားပြီး ဟုမ္မလင်းကတက်တဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲသွားသေးတယ်။ မနေ့က တရက်တည်းတင် ဖောင်လုပ်သား ၆ ယောက် သေဆုံးတယ်။ ဒဏ်ရာရထားတာတွေလည်း တော်တော်များတော့ အသေးစိတ် မသိရသေးဘူး” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေဖောင်များတွင် ဖောင်တခု လုပ်သား အနည်းဆုံး ၅ ဦးမှ ၇ ဦးအထိ လုပ်ကိုင်ကြပြီး ရွှေဖောင်လုပ်ငန်းခွင်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ၂ လခန့် ရပ်နားထားခဲ့ရာမှ ပြန်လည်စတင် လုပ်ကိုင်ကြသည့် တပတ်မပြည့်သေးခင်မှာပင် ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်လာသဖြင့် လူထိခိုက်သေဆုံးမှုများနှင့်အတူ ရွှေဖောင်များပါ ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ဟုမ္မလင်း လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သလို အောက်တိုဘာ ၅ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှ စတင်ကာ ညနေပိုင်းအထိ ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်သူများကို ကယ်ဆယ်ရေး ဆောင်ရွက်နေချိန် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖောင် ၁၀ ဖောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့သလို ဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ ၄ ရက်ကလည်း ရွှေဖောင်လုပ်ကိုင်နေသော နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူထိခိုက်သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သေးကြောင်း သိရသည်။

သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော်လုပ်ကိုင်သူများမှာ ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူမြို့နယ်များမှ စစ်ဘေးရှောင်များ အများဆုံးဖြစ်ကြပြီး နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနိုင်ရေးအတွက် လုပ်ကိုင်နေကြသူများလည်း ဖြစ်ကာ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်နယ်မြေ ဖြစ်သောကြောင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ဗုံးကြဲနေမှုဖြစ်စဉ်အပေါ် တရားမဝင် ရွှေတူးနေသည့် ရွှေဖောင်လုပ်ငန်းများကို ဗုံးကြဲရှင်းလင်းမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်မှ မဘသဘုန်းကြီး ပျူစောထီး ခေါင်းဆောင် ဦးဝါသဝက လူမှုကွန်ရက်၌ ဖြန့်ဝေထားသည်။

ထို့အတူ အောက်တိုဘာ ၃ ရက်ကလည်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ချောင်းရှည်ရွာနှင့် ကန့်ဘလူမြောက်ခြမ်း အုန်းခြောက်လုံးကျေးရွာများကို ဗုံးကြဲရာ အမျိုးသမီးတဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့သလို ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောဖောင်များ ဗုံးကြဲခံရမှုတွင် သေဆုံးသူ ၁၃ ဦး၊ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ပျောက်ဆုံးနေသူများလည်း ရှိခဲ့သေးကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭18😁8❤6👎6👍3
😱16
❤12😭11😱3👍1
ထိုင်းရေကြီးမှု စက်ရုံပေါင်း ၄,၅၀၀ ကျော် ပျက်စီး၊ ဘတ်၂ ဒသမ ၁၄ ဘီလီယံ ဆုံးရှုံးခဲ့

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ထိုင်းနိုင်ငံ၌ မကြာမီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေကြီးရေလျှံမှုက အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း (SMEs) များဖြစ်သည့် စက်ရုံပေါင်း ၄,၅၀၀ ကျော် ပျက်စီးခဲ့ကြောင်း ထိုင်း စက်မှုဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

အောက်တိုဘာ ၅ ရက်အထိ စာရင်းများအရ ခရိုင် ၅၅ ခုရှိ စက်ရုံပေါင်း ၄,၅၂၃ ရုံ ရေဘေးသင့်ခဲ့ကြောင်း ထိုအထဲတွင် အခြေခိုင်ပြီးသား စက်မှုလုပ်ငန်းရှင်ကြီးများ၏ စက်ရုံ ၃၁၆ ရုံ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စက်ရုံ ၄,၁၁၃ ရုံ နှင့် ရပ်ကွက်အခြေပြု စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် စက်ရုံ ၉၄ ရုံ တို့ ပါဝင်ပြီး စုစုပေါင်းခန့်မှန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ်၂ ဒသမ ၁၄ ဘီလီယံ ရှိခဲ့သည်။

ထိုင်းစက်မှုဇုန် အာဏာပိုင်အဖွဲ့၏ အစီရင်ခံစာအရ စက်မှုဇုန်များအတွင်းရှိ စက်ရုံ ၁၈၀ မှ ၁၉၀ အထိ ရေဘေးသင့်ခဲ့ပြီး အဆိုပါ စက်မှုဇုန်များအတွင်း ပျက်စီးဆုံးရှုံးမှုမှာ ဘတ် ၁ ဒသမ ၇ ဘီလီယံမှ ၁ ဒသမ ၈ ဘီလီယံအထိ ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

စက်မှုဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိခိုက်ခံစားရသည့် စက်ရုံလုပ်ငန်းရှင်များအတွက် သင့်တော်သည့် ကူညီထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခဲ့သည့် စက်ရုံများကို အထူးဂရုစိုက် ကူညီပေးသွားမည်ဖြစ် ဝန်ကြီးက ပြောသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ထိခိုက်ခံစားရသော လုပ်ငန်းရှင်များအတွက် ကြွေးမြီပေးဆပ်မှု ဆိုင်းငံ့ပေးခြင်း၊ ပြန်လည်ပြုပြင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ချေးငွေများ ထောက်ပံ့ပေးနိုင်ရေး ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းဌာန တာဝန်ရှိသူများကလည်း ပျက်စီးသွားသော စက်ရုံများအတွက် ရေဘေးလွန် ဘေးကင်းလုံခြုံရေး လုပ်ထုံး လုပ်နည်းများကို အကြံပြုလမ်းညွှန်ပေးသွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုများသည် ဘန်ကောက်မြို့အပါအဝင် ပြည်နယ် ၂၆ ခုတွင် ဆက်လက်ဖြစ်ပွားနေပြီး လူဦးရေ ၃ ဒသမ ၅ သန်းကျော် ထိခိုက်ခံစားရကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Thai Enquirer
👍27❤10😱7😭2
👎27😭6👍3😁1
တောင်ကုတ်ကို လေယာဉ် ၆ စီးဖြင့် ဗုံးကြဲ၊ ဗုံးသံကြောင့် နှစ်ဦး ထိတ်လန့် သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့အနီးဝန်းကျင် တပ်ရင်းများနှင့် လူနေကျေးရွာတို့ကို ယနေ့ နံနက် ကိုးနာရီကျော်မှစ၍ တနာရီဝန်းကျင်ကြာ ဂျက်ဖိုက်တာ ခြောက်စီးဖြင့် တပြိုင်နက် ဗုံးကြဲခဲ့ရာ မြို့ခံနှစ်ဦး ထိတ်လန့်သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့ခံတဦးက “လေယာဉ်ခြောက်စီး၊ ခုနစ်စီး ဝဲပြီး ဗုံးပတ်ကြဲနေတဲ့အခါ လူတွေလည်း အကုန်ပတ်ပြေး ကြချိန်မှာ လန့်ပြီးတော့ နှစ်ယောက် သေသွားတယ်။ နှလုံးရောဂါအခံလည်း ရှိတယ်ထင်ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်” ဟု ပြောသည်။

ဗုံးသံကြောင့် ထိတ်လန့်သေဆုံးသူနှစ်ဦးမှာ တောင်ကုတ်မြို့မှ ဦးလှစိန်နှင့် ဦးဇော်ခင်ဦးတို့ဖြစ်ပြီး မြို့အနီးရှိ ဖုံညိုရွာထဲသို့လည်း ဗုံးအချို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားတချို့ ဒဏ် ရာရသွားကြောင်း တောင်ကုတ်ဒေသခံနောက်တဦးက ပြောသည်။

“ဗုံးအလုံး နှစ်ဆယ်လောက် ပတ်ကြဲသွားတာ။ ဖုံညိုရွာက ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ လေးယောက်၊ ငါးယောက် လောက်ရှိမယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး။ ချက်ချင်း ဆေးရုံတွေ ပို့ထားရတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ညကလည်း ကျောက်တော်မြို့နယ် ချောင်းတူရွာအနီးဝန်းကျင်ကို လေယာဉ်အုပ်လိုက်ဖြင့် ဗုံးကြဲခဲ့သလို အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ် ဗျာလ၊ ပန်း နီလာစစ်ဘေးရှောင်စခန်းတို့နှင့် အနီးဝန်းကျင် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်အမျိုးသမီးများအပါအဝင် ၈ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၂၈ ရက် ကျောက်တော်မြို့ပေါ် လူစည်ကားရာစျေးနှင့် တံတားဗုံးကြဲမှုတွင်လည်း သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိခဲ့သည်။

စစ်တပ်က ရခိုင်ပြည်နယ်ကို ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေရာ ဗုံးကြဲမှုနှင့် ပတ်သက်၍ အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူများနှင့် ပါဝင်သူများအားလုံး၊ ပါဝင်ဆက်နွယ်သည့် အဖွဲ့အစည်းများအားလုံး အထူး မှတ်တမ်းတင်ပြီး တူညီ၊ ထိုက်တန်သည့် တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်တွင် လက်တုံ့ပြန်သွားမည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန် ထားသည်။

သတင်း- လင်းသစ်
ပုံစာ- အောက်တိုဘာ ၄ ရက် ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ရှောင်စခန်း ဗုံးကြဲခံရတဲ့ပုံ/CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎29😭15❤6😁5😱1
• ငရဲခွေးထက်ဆိုးတဲ့ စိတ်နဲ့ ဗုံးကြဲနေတယ်လို့ AA ပြော

• မင်းအောင်လှိုင်ကိုဖိတ်တာ အကြမ်းဖက်မှုတွေကို လက်ခံတာလို့ APHR ပြော

• စီးပွားရေးတိုးတက်မှုနှေးသွားတယ်လို့ မင်းအောင်လှိုင်ဝန်ခံ

• PNO ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်တွေ ဖမ်းမိ

• ထိုင်းက စောင့်ရှောက်ရေးစင်တာမှာ ဘိုးဘွားတွေကို သံလှောင်အိမ်တွေနဲ့ ချုပ်နှောင်ထား

နေ့စဉ်သတင်း၊ အောက်တိုဘာ ၆၊ ၂၀၂၆

https://youtu.be/CHgIzfM1o4g
#မြန်မာ #ဧရာဝတီ #AA #APHR #PNO #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar
👍49❤6😁3👎1
မြေရှားက ကချင်တွေအတွက်တင် အရေးပါတာ မဟုတ်ဘူး

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

https://youtu.be/SaLVej3Vwgg
#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #တရုတ် #KIA #WhatsHappensInMyanmar
👍37❤4🤔1
ပြည်ပလုပ်သား အခွန်မဆောင်၍ လွှတ်ရကျိုးမနပ်ဟု အလုပ်သမားဝန်ကြီးသစ် ဆို

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

ပြည်ပရောက် အလုပ်သမားများမှာ နိုင်ငံကိုယ်စားပြုသွားရောက် လုပ်ကိုင်သူများဖြစ်၍ နိုင်ငံအတွက် ပြန်စဉ်းစားပေးရန် လိုသလို လုပ်ခလစာများအပေါ် ကောက်ခံသည့် အခွန်မှာနည်းပါးနေကြောင်း အာဏာသိမ်းအစိုးရ အလုပ်သမားဝန်ကြီး သစ် ဦးမောင်မြင့်က အောက်တိုဘာ ၅ရက်က TikTok လူမှုကွန်ရက်မှတဆင့် ပြောဆိုသည်။

မင်းကင်းမောင်မြင့်ဟု လူသိများသည့် ဦးမောင်မြင့်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂- ၁၃ ခုနှစ်က အလုပ်သမား ဝန်ကြီးအဖြစ် တာဝန်ယူဖူးပြီး အာဏာသိမ်းအစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ်မှ အောက်တိုဘာ ၃ရက်တွင် သမ္မတ မင်းအောင်လှိုင်အမိန့်ဖြင့် အောက်တိုဘာ ၃ ရက်တွင် အလုပ်သမားဝန်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခံရခြင်းဖြစ်သည်။

၎င်းက “မြန်မာနိုင်ငံအတွက် Hard currency(နိုင်ငံခြားငွေ) ရအောင်Remittance (လုပ်ခလွှဲငွေ)တွေကို သူတို့ရတာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ဖို့ဆိုပြီး အစိုးရက တိုက်တွန်းထားတယ်။ ဒါပေမယ့် လွှဲတဲ့သူကလွှဲ မလွှဲတဲ့သူက မလွှဲဆိုတော့ နိုင်ငံတော်က သူတို့ကို လွှတ်သာ လွှတ်ရတယ်။ အကျိုးမရှိဘူး။ အကျိုးနည်းတယ်။ ဒါလေးတွေကို ပိုမိုမှန်ကန်ပြီး အကျိုးရှိအောင်လုပ်ရ မှာပေါ့” ဟု ပြောသည်။

အထူးသဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ကမော္ဘဒီးယား၊ လာအို၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများရောက် မြန်မာအလုပ်သမားများထံမှ အခွန်ရရှိမှုနှင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့သည့် ငွေပမာဏမှာ နည်းပါးနေပြီး နိုင်ငံအတွက် အကျိုးရှိအောင် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာ အလုပ်သမားများအရေးမှာ အလုပ်သမားဝန်ကြီးဌာန၏ အရေးကြီးသည့် တာဝန်တရပ် ဖြစ်ကြောင်း ဦးမောင်မြင့်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သန်းမှ ၅ သန်းခန့်၊ မလေးရှား၌ ၃ သိန်းမှ ၃ သိန်းခွဲခန့် ရှိနိုင်ပြီး စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ကမော္ဘဒီးယား၊ လာအို၊ အရှေ့အလယ်ပိုင်းဒေသများအပြင် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင်လည်း မြန်မာအလုပ်သမားများ ရှိနေကြောင်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဖိလစ်ပိုင်ပြီးလျှင် ဒုတိယအများဆုံးဖြစ်လာသည်။

သူ့အနေနှင့် ယခင် ဦးသိန်းစိန်အစိုးရလက်ထက် အလုပ်သမားဝန်ကြီးဌာန၌ ၁နှစ်ခန့် တာဝန်ယူဖူးရာ လုပ်ငန်းများနှင့် မစိမ်းှ၊ ယခု ပြည်ပရောက် အလုပ်သမားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လွှဲရန် သတ်မှတ်ထား သော်လည်း တချို့ကသာ တရားဝင်လမ်းကြောင်းမှလွှဲကြောင်း၊ ထို့ကြောင့် အခွန်ရရေးနှင့် ငွေပြန်လွှဲရေး နိုင်ငံအတွက် အကျိုးရှိအောင် လုပ်သွားမည်ဟု ဦးမောင်မြင့်က ဆိုထားသည်။

ထိုပြောဆိုမှုအပေါ် ထိုင်းနိုင်ငံရှိ အလုပ်သမားရေးလုပ်သူ ဦးအောင်ကျော်က “သူတို့ကတော့ မူဝါဒတွေအမျိုးမျိုး တင်းကျပ် ပြီး အလုပ်သမားတွေဆီက ရနိုင်သလောက် အခွန်စည်းကြပ်တာ ကောက်ခံတာတို့ ချမှတ်ပြီး မရရအောင်ငွေယူမှာပဲလေ။ စနစ်တကျလည်ပတ်နေတဲ့ ကောင်းမွန်တဲ့ အစိုးရမဟုတ်တော့ သူတို့လိုနေတဲ့ ငွေတွေကို နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ငွေရှာဖို့ကိုပဲ အဓိကရည်ရွယ်ထားတော့ အနာဂတ်မှာလည်း ရွှေ့ပြောင်းလုပ်သမား တွေ အတွက်တော့ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ပြည်ပရောက် မြန်မာလုပ်သားများကမူ လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ ပြန်လွှဲဖို့ ဆိုသည်က ၎င်းတို့ သတ်မှတ်သည့် ငွေဈေးနှုန်းနှင့် ပြင်ပ ငွေလဲလှယ်နှုန်းထား ကွာဟမှုများကြောင့်လွှဲရန် အခက်အခဲရှိကြောင်း ပြော သည်။

ထိုင်းရောက်မြန်မာအလုပ်သမားတဦးက “ပြည်ပရောက် မြန်မာတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းက လွှဲစေချင်ရင် ပေါက်ဈေးအတိုင်း ပေးရမှာပေါ့။ အခုက ၁ ဘတ်ကို မြန်မာငွေ ကျပ် ၁၃၀ ဝန်းကျင်ရှိနေချိန်မှာ သူတို့က ၆၃ ကျပ်ပဲ ပေးတယ်။ တလ ဘတ် ၂ သောင်းရတဲ့သူက ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၅ ထောင် လွှဲရင် တရားဝင်လမ်းကြောင်း က လွှဲတာနဲ့ ၃ သိန်းကျော် ရှုံးနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ကလည်း အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ကိုင်သူများအား ရန်ကုန်မြို့၌ တွေ့ဆုံကာ လစဉ်လစာငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးရေး ပိုမို စောင့်ကြည့် ကြပ်မတ်ရန်အတွက် မိသားစု လွှဲပို့ငွေ စီမံခန့်ခွဲမှုစနစ် (Family Remittance Management System - FRMS) အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည်။

ထိုသို့ ကြပ်မတ်နေသဖြင့် အေဂျင်စီများကလည်း မိမိတို့ ပို့ဆောင်ပေးထားသော အလုပ်သမား တဦးချင်းစီကို ဖိအားပေး မှုများ ရှိလာကြောင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။

အာဏာသိမ်းအစိုးရသည် လွှဲငွေဈေးကွာဟမှုကို အဆင်ပြေစေရန် လုပ်ဆောင်ပေးခြင်း မရှိဘဲ လစာငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရန်သာ အလုပ်သမားများကိုသာမက အေဂျင်စီများကိုပါ ဖိအားပေးနေပြီး အရေးယူခံရမှုများ ရှိလာခြင်းကြောင့်
😁31❤16👎2😭2
ပြည်ပအလုပ်အကိုင်ပို့ဆောင်ရေးအေဂျင်စီများအနေဖြင့်လည်း အခက်တွေ့ရကြောင်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိသားစုလွှဲပို့ငွေ အထောက်အထား မတောင်းပေးနိုင်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၁၀၀ ကျော်ကို လုပ်ငန်းလိုင်စင် ယာယီရပ်နားခြင်း၊ ဒဏ်ငွေပေးဆောင်ခိုင်းခြင်းနှင့် အလုပ်ခေါ်စာသစ် တင်ပြခွင့် ရပ်နားခြင်းစသည့် အရေးယူမှုများ ပြုလုပ်ခဲ့သလို သတ်မှတ်ထားသည့်အတိုင်း လစာငွေလွှဲမပို့သည့် ပြည်ပ ရောက်လုပ်သားများ၏ အမည်စာရင်း အချက်အလက်များကို အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူလျက် ရှိ ကြောင်း သိရသည်။

ငွေလဲနှုန်း ကွာဟမှုကြောင့် အလုပ်သမားများအနေဖြင့် မလွှဲလိုကြသော်လည်း ပြည်ပ အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်းတို့၌ ကြပ်မတ်ထားသဖြင့် မဖြစ်မနေ ပြန်လွှဲနေ ရကြောင်း ဆိုသည်။

ယင်းသို့ ပြန်လွှဲရာတွင် ယခင်ဗဟိုဘဏ် သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ် နှုန်းဖြင့်သာရရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက် (Online Trading) အတိုင်း လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ရာ AD ဘဏ်များ၏ ပေါက်ဈေးမှာ လက်ရှိ ၁ ဒေါ်လာလျှင် ကျပ် ၃,၆၀၀ ဝန်းကျင်ရှိသော်လည်း ပြင်ပပေါက် ဈေးမှာ ကျပ် ၄,၀၀၀ ကျော်တွင် ရှိနေသဖြင့် ငွေလဲနှုန်း ကွာဟမှု ရှိနေသေးသည်။

ထိုသို့ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးသာမက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရန် ဖိအားပေးမှုအဖြစ် ၂၀၂၃ အောက်တိုဘာ ၁ ရက်မှ စတင်၍ ပြည်ပရောက် မြန်မာ အလုပ်သမားများထံမှ ဝင်ငွေခွန် ကောက်ခံရန် ဥပဒေပြဋ္ဌာန်းခဲ့ပြီး ၂ လ သို့မဟုတ် ၆ လ၊ ၁ နှစ် စုဆောင်း၍ အခွန်ဆောင်နိုင်ကာ၊ ထိုသို့ ဝင်ငွေခွန် ဆောင်ထားသည့် အထောက်အထား ပြနိုင်မှသာ ပတ်စ်ပို့ သက်တမ်းတိုးခြင်း၊ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အသစ် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ပေးမည်ဟု ဆိုထားသည်။

ယင်းသို့ ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန် ကောက်ခံခြင်းကို ယခင် စစ်အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပယ်ဖျက်ပေးခဲ့ရာမှ ယခု အာဏာသိမ်းအစိုးရ လက်ထက်၌ နိုင်ငံခြားငွေလိုအပ်နေသဖြင့် ထပ်မံ ပြဋ္ဌာန်း ကောက်ခံလာခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/07/416850.html
😁48👎9😱5❤2😭1
👍18😁10
ရုရှား ထောက်ခံနေသော မြောက်ကိုရီးယားက ထိုင်ဝမ်အရေး အမေရိကန်ကို သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆။

ထိုင်ဝမ်သို့ လက်နက်များ ရောင်းချပေးနေခြင်းနှင့် စစ်ရေးအရ ထောက်ပံ့ပေးနေခြင်းတို့ကြောင့် အမေရိကန်သည် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများကို ပိုမိုမြင့်တက်စေနေသည်ဟု မြောက်ကိုရီးယားက ဝေဖန်ပြစ်တင်လိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အမေရိကန်၏ ထိုင်ဝမ်ဆိုင်ရာ မူဝါဒသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်စီးစေကြောင်း မြောက်ကိုရီးယား အပြည်ပြည်ဆိုင်ရာရေးရာ လေ့လာသူ ကင်မြောင်ချော (Kim Myong Chol) ၏ အဆိုကို ကိုးကား၍ KCNA ဝေဖန်ရေးဆောင်းပါးတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်ရောင်းချထားသော တိုက်လေယာဉ်များ ထိုင်ဝမ်တွင် ပေါ်ပေါက်လာခြင်းကို အဆိုပါ ဆောင်းပါးက ရှုတ်ချခဲ့ပြီး "အမေရိကန်အနေဖြင့် ထိုင်ဝမ်၏ လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစွမ်းထက်သော အမျိုးသားစွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ပြင်ထားသလား၊ ယင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်နိုင်ပါ့မလားဆိုသည်ကို သေချာ နှစ်ခါပြန် စဉ်းစားသင့်သည်" ဟု ရေးသားထားသည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို မိမိပိုင်နက်ဖြစ်ကြောင်း ကြေညာထားသည့် ဘေဂျင်း၏ စစ်ရေးခြိမ်းခြောက်မှု ပိုမိုမြင့်တက်လာချိန်တွင် ၂၀၁၉ ခုနှစ်က မှာယူခဲ့သော F-16V Block 70 တိုက်လေယာဉ်အသစ် ၆၆ စီးအနက် ပထမဆုံး ၂ စီး ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်သို့ ရောက်ရှိလာသည်။

တချိန်တည်းမှာပင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သမ္မတ ဗလာဒီမီရ် ပူတင်ထံ ပေးပို့သော မွေးနေ့ဆုတောင်းသဝဏ်လွှာတွင် ရုရှားနိုင်ငံနှင့် ယင်း၏ စစ်ပွဲဆင်နွှဲမှုများအတွက် ဆက်လက်ထောက်ခံသွားမည်ဟု ကတိပြုကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံနှစ်ခု၏ ဘက်စုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့သွားမည်ဟု ကင်က ပြောကြားခဲ့ပြီး ရုရှား၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးအကျိုးစီးပွားနှင့် နယ်မြေစိုးမိုးရေးတို့ကို ကာကွယ်ရန် "တရားမျှတသော မွန်မြတ်သည့်စစ်ပွဲ" သည် အောင်မြင်မှုဖြင့် အဆုံးသတ်မည်ဟု ယုံကြည်ကြောင်း KCNA က ဆိုသည်။

အဆိုပါ သဝဏ်လွှာတွင် ယူကရိန်း၌ ဖြစ်ပွားနေသော ရုရှားစစ်ပွဲကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။ သို့သော် ယူကရိန်းနှင့် တောင်ကိုရီးယားတို့၏ ခန့်မှန်းတွက်ချက်မှုများအရ မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ်မှစ၍ ယူကရိန်းရှိ ရုရှား၏စစ်ပွဲကို ကူညီရန် တပ်ဖွဲ့ဝင် ၁၄,၀၀၀ မှ ၁၅,၀၀၀ ခန့်အထိ စေလွှတ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် ပူတင်နှင့် ကင်တို့က နှစ်ဦးနှစ်ဖက် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ ပိုမိုခိုင်မာအားကောင်းလာခဲ့သည်။

ကိုးကား။ ။ Reuters သတင်း North Korea warns US over Taiwan while Kim pledges support for Russia

ပုံစာ - F-16V Block 70 တိုက်လေယာဉ်အသစ် ၆၆ စီးအနက် ပထမဆုံး ၂ စီး ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်သို့ ရောက်ရှိလာသည်
👍19😁9❤6🤔6